အရှေ့ကျုံးလမ်းက အလှမွေးငါးဈေး
အလှမွေးငါးလေးတွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ် ကြည်ကြည်ဖောင်းဖောင်းလေးတွေကို ကလေးငယ်က လက်ညှိုးထိုးပြပြီး ဖခင်ဖြစ်သူကို ဝယ်ပေးဖို့ ပူဆာနေပါတယ်။ ဖခင်ဖြစ်သူက ကလေးငယ်ပြောနေတဲ့ စကားတွေကို ကြားဟန်မရဘဲ သူ့အရှေ့မှာချထားတဲ့ ပလတ်အိတ်ဖောင်းဖောင်းများကို တအိတ်ပြီးတအိတ် မကြည့်လိုက် ဆိုင်ရှင်ဖြစ်သူကို မေးလိုက်လုပ်နေပါတယ်။ ဒီမြင်ကွင်းက မန္တလေးမြို့ အရှေ့ကျုံးလမ်း (၆၆ လမ်း) ယောကျောင်းပိုင် မြေကွက်လပ်ပေါ်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီလောက်အထိ တွေ့မြင်နေရတဲ့ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။ လက်တဆစ်အရွယ်ကနေ လက်ဖဝါးလောက်အထိရှိတဲ့ အလှမွေးငါး လေး၊ ငါးကောင် လောက်ကို ရေနဲ့ အောက်ဆီဂျင်ထည့်ပြီး ဖောင်းနေအောင်လုပ်ထားတဲ့ ပလပ်စတစ်အိတ် ကြည်ကြည်လေးတွေကို စနစ်တကျ ထုပ်ပိုးရောင်းချနေတဲ့ မန္တလေးမြို့ရဲ့ အလှမွေးငါးဈေး မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒီအပတ်စဉ် အလှမွေးငါးဈေးကို အလှမွေးငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၊ ၅၊ ၆ ဦးလောက်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလောက်က စတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။ မူလက လုပ်ငန်းလုပ်ကိုင်သူတွေအချင်းချင်းကြား အဆက်အသွယ် မပြတ်စေဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်က...