အရှေ့ကျုံးလမ်းက အလှမွေးငါးဈေး

အလှမွေးငါးလေးတွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ် ကြည်ကြည်ဖောင်းဖောင်းလေးတွေကို ကလေးငယ်က လက်ညှိုးထိုးပြပြီး ဖခင်ဖြစ်သူကို ဝယ်ပေးဖို့ ပူဆာနေပါတယ်။ ဖခင်ဖြစ်သူက ကလေးငယ်ပြောနေတဲ့ စကားတွေကို ကြားဟန်မရဘဲ သူ့အရှေ့မှာချထားတဲ့ ပလတ်အိတ်ဖောင်းဖောင်းများကို တအိတ်ပြီးတအိတ် မကြည့်လိုက် ဆိုင်ရှင်ဖြစ်သူကို မေးလိုက်လုပ်နေပါတယ်။
ဒီမြင်ကွင်းက မန္တလေးမြို့ အရှေ့ကျုံးလမ်း (၆၆ လမ်း) ယောကျောင်းပိုင် မြေကွက်လပ်ပေါ်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီလောက်အထိ တွေ့မြင်နေရတဲ့ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။
လက်တဆစ်အရွယ်ကနေ လက်ဖဝါးလောက်အထိရှိတဲ့ အလှမွေးငါး လေး၊ ငါးကောင် လောက်ကို ရေနဲ့ အောက်ဆီဂျင်ထည့်ပြီး ဖောင်းနေအောင်လုပ်ထားတဲ့ ပလပ်စတစ်အိတ် ကြည်ကြည်လေးတွေကို စနစ်တကျ ထုပ်ပိုးရောင်းချနေတဲ့ မန္တလေးမြို့ရဲ့ အလှမွေးငါးဈေး မြင်ကွင်းပဲ ဖြစ်ပါတယ်။
ဒီအပတ်စဉ် အလှမွေးငါးဈေးကို အလှမွေးငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၊ ၅၊ ၆ ဦးလောက်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလောက်က စတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။
မူလက လုပ်ငန်းလုပ်ကိုင်သူတွေအချင်းချင်းကြား အဆက်အသွယ် မပြတ်စေဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်က အလှမွေးငါးဈေးလို လိုက်လုပ်ခဲ့တာပါလို့ ဒီဈေးတန်းကို စတင်လုပ်ကိုင်ခဲ့ရမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အလှမွေးငါးဈေးကို ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ပရဝုဏ်အတွင်းမှာ သောကြာနေ့တိုင်း ပြုလုပ်လေ့ရှိပြီး သောကြာငါးဈေးလို့ အမည်ပေးထားပါတယ်။ သောကြာငါးဈေးက ဖွင့်တဲ့သက်တမ်း ပိုရှေးကျသလို ၊ နယ်ပယ်ဧရိယာ အနေနဲ့လည်း ပိုကျယ်ဝန်းတာကြောင့် မန္တလေးက အခုငါးဈေးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆို အစစအရာရာ ကြီးမားကျယ်ပြန့်တယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
မန္တလေးက ဒီငါးဈေးလေးမှာ အလှမွေးငါး မွေးမြူရောင်းချတဲ့ လုပ်ငန်းလုပ်သူ အချင်းချင်း တွေ့ဆုံပြီး ငါးတွေရောင်းကြ၊ ဝယ်ကြ၊ လဲလှယ်ကြတဲ့ နေရာလည်း ဖြစ်သလို၊ လုပ်ငန်းလုပ်သူတယောက်ခြင်း ကြုံကြရတဲ့ အတွေ့အကြုံတွေကို အချင်းချင်း ပြောဆိုကြတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါတင်မကသေးဘဲ အလှမွေးငါးချစ်သူ၊ ဝါသနာရှင်တွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူလို့ရနိုင်တဲ့ နေရာတခုလို ဖြစ်တာကြောင့် ဈေးဖွင့်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပတ်စဉ်တိုင်း လူပြတ်တယ်မရှိဘဲ ရောင်းသူ ဝယ်သူတွေနဲ့ အမြဲစည်ကားနေတာကို တွေ့မြင်ရပါတယ်။
အလှမွေးငါးဈေးကို စတင်ဖွင့်စအချိန်က တပတ်မှာ တနင်္ဂနွေ တရက်တည်းသာ ဖွင့်ခဲ့တာဖြစ်လို့ တနင်္ဂနွေငါးဈေးဆိုပြီး အမည်သတ်မှတ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း အလှငါးမွေးမြူရေး လုပ်ငန်းရှင်တွေသာမက ဝါသနာရှင် လူကြီး၊ လူငယ်တွေပါ စိတ်ဝင်တစား လာရောက်ကြတာကြောင့် ယခု ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းက စနေနေ့ကိုပါ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် “တနင်္ဂနွေငါးဈေး” ဆိုတဲ့ အမည်ကနေ “စနေ၊ တနင်္ဂနွေငါးဈေး” ဆိုပြီး အမည်တွင်လာတာ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။ ငါးဈေးရှိတဲ့ စနေ၊ တနင်္ဂနွေ အပတ်စဉ်တွေတိုင်း မန္တလေးမြို့က အလှမွေးငါးလုပ်ငန်း လုပ်ကိုင်ကြသူ ၃၀ ဦး လောက်ကနေ ၅၀ ဦး အကြား တွေ့ဆုံလေ့ ရှိတတ်ကြပါတယ်။
မန္တလေးမြို့ရဲ့ ပရဝုဏ်ထဲမှာ အလှမွေးငါး လုပ်ကိုင်သူရော ဝါသနာရှင်ပါ အားလုံးပေါင်းလိုက်ရင် အယောက် ၆၀၀ ကျော်လောက် ရှိနိုင်တယ်လို့ အလှမွေးငါးဈေးကတဆင့် သိရတယ်။ ဒီလိုဝါသနာရှင် အများစုကလည်း အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အခုလို ငါးဈေးမပေါ်ပေါက်ခင် အချိန်တွေက အလှမွေးငါး မွေးမြူရေးလုပ်သူ အချင်းချင်းကြား ရောင်းကြဝယ်ကြတဲ့ အခါမှာ ငါးတွေကို ကိုယ်တိုင်မမြင်ရဘဲ ဖုန်းကတဆင့် ဆက်သွယ်ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။
အခုလိုအချိန် မန္တလေးမြို့မှာ ငါးဈေးရှိလာပြီဖြစ်လို့ အလှငါးတွေကို ကိုယ်တိုင်မျက်မြင်ကြည့်ပြီး အရောင်းအဝယ်ပြုကြ၊ ဈေးစကားပြောကြနဲ့ ပိုပြီးအလုပ် တွင်ကျယ်လာတယ်လို့ ပြောဆိုကြပါတယ်။
အိမ်မှာအလှမွေးချင်တဲ့ ငါးချစ်သူတွေအတွက်လည်း အနည်းဆုံး ၅ ကောင်ကနေ စရောင်းပေးတယ်လို့ သိရပါတယ်။ တချို့ငွေကျပ်သောင်းချီ တန်ဖိုးရှိတဲ့ ဈေးကြီးငါးတွေကိုလည်း တကောင်ချင်း ရောင်းတာကို တွေ့ရတဲ့အပြင် တရုတ်ပြည်ကလာတဲ့ အစိမ်းရောင်လိပ်အကောင် သေးသေးလေးတွေကိုလည်း ရောင်းနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ငါးစာအတွက် ရေတီကောင် သေးသေးမွှားမွှားလေးတွေ အထုပ်နဲ့ရောင်းပေးသလို အစာခြောက်ထုပ်လေး၊ ရေမှော်ပင်လေး ငါးအရောင်လှစေတဲ့ ကြီးထွားမှုကို ထောက်ပံ့ပေးတဲ့ ဆေးတွေ၊ အလှမွေး ငါးကန်လေးတွေနဲ့ ငါးကန်နဲ့ဆက်စပ် ပစ္စည်းကိရိယာတွေအားလုံးကို ဒီဈေးတနေရာထဲမှာပဲ စုံစုံလင်လင် ရောင်းချနေတာကို တွေ့မြင်ရတယ်။
ဒီငါးဈေးမှာ အရောင်းအဝယ်အများဆုံးဖြစ်တဲ့ ငါးတွေက ရွှေငါး၊ ဒေါင်းမြီး၊ ဖိုက်တာ၊ အိန်ဂျယ်စတဲ့ ငါးတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေက ငါးတွေ၊ လိပ်တွေလည်း ဒီဈေးထဲမှာ အရောင်းအဝယ် ဖြစ်နေပါတယ်။
အခုဆိုရင် မန္တလေးမြို့မှာ ဒီစနေ၊ တနင်္ဂနွေ အလှမွေးငါးဈေး အောင်အောင်မြင်မြင် စည်စည်ကားကား ရောင်းချနေကြတာ ၁ နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဈေးသက်တမ်း ရလာတာနဲ့အမျှ နောက်ပိုင်းမှာ အလှမွေးငါး စိတ်ဝင်စားကြတဲ့ လူငယ်မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူဖို့ အလှမွေးငါးနဲ့ ဆက်စပ်သူတွေ အားလုံးပါဝင်တဲ့ လူမှုရေး၊ ဘာသာရေးကဏ္ဍတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့စတဲ့ ပရဟိတလုပ်ငန်းတွေကိုလုပ်ဖို့ရည်မှန်းထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ၁၉၈၃ ခုနှစ်လောက်က အလှငါးဝါသနာရှင်များအသင်းဆိုပြီး ရှိခဲ့ဖူးပြီး အဖွဲ့ဝင် စုစုပေါင်း ၇၀ ဦးလောက်ထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အချင်းချင်း ဆက်သွယ်မှုတွေ သိပ်မရှိကြတာကြောင့် သိပ်မကြာခင် အချိန်မှာပဲ အဖွဲ့ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အခု “စနေ၊တနင်္ဂနွေငါးဈေး” ဟာ မန္တလေးမြို့မှာ ၁၉၈၃ ခုနှစ် နောက်ပိုင်း အလှမွေးငါးနဲ့ ဆက်စပ်သူတွေ ကိုယ်တိုင်ကိုယ်ကျ စုစည်းတည်ထောင်ထားတဲ့ ပထမဆုံးဈေးလို့ ဆိုနိုင်ပါတယ်။
အခုဆိုရင် စနေ၊တနင်္ဂနွေနေ့တွေရဲ့ မနက်စောစောပိုင်း အချိန်တွေဆိုရင် ကျုံးအရှေ့ပေါက်အနီးက ယောကျောင်းရှေ့မြေနေရာမှာ အလှမွေးငါးဈေးကို ပုံမှန်လာကြတဲ့ ငါးချစ်သူ ဝါသနာရှင်တွေရဲ့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ တသီတတန်းကြီး စည်ကားနေတတ်ပါတယ်။
ဒီငါးဈေး အခုထက် လူသိပိုများလာပြီး၊ ပိုပြီးစည်ကားလာရင် လက်ရှိငါးဈေးနေရာထက် ပိုမိုကျယ်ဝန်းပြီး လူစိတ်ဝင်စားမှု ပိုရစေနိုင်တဲ့ မင်္ဂလာမန္တလေး ရှော့ပင်းမောကြီးမှာ ပြောင်းရွှေ့ဖွင့်နိုင်ဖို့အတွက် “စနေ၊တနင်္ဂနွေ ငါးဈေး”ရဲ့ အလှမွေးငါးချစ်သူတွေက စိတ်ကူးနေကြတယ်လို့ ပြောဆိုကြပါတယ်
အေးမွန်ရာပြည့်
http://burma.irrawaddy.com/lifestyle/2016/07/30/119269.html

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း