မိုးပေါ်က လုံးတုံးလုံးတုံး မန္တလေးက အားပေးတဲ့ ဘောလုံး

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတခုဖြစ်တဲ့ ကျုံးတောင်ဘက်လမ်း တနေရာကို လူအုပ်ကြီးက သိမ်းပိုက်ထားလိုက်ပါပြီ။
လမ်းမဘေး ဝဲယာတဘက်တချက်စီမှာ ဆိုင်ကယ်တွေ ဖြစ်သလိုရပ်ထားတယ်။ ကားတစီးစာစီ ဖြတ်သန်းမောင်းနှင်လို့ ရအောင်တော့ လမ်းကို ချန်ပေးထားတယ်။ တချို့ဆိုင်ကယ်တွေက လမ်းလယ်ကျွန်းရဲ့ ဟိုဘက်ဒီဘက်တလျှောက်မှာ။  တချို့ဆိုင်ကယ်တွေပေါ်မှာ လူတွေက အမိန့်သားထိုင်နေတယ်။ ရေတမာပင်တွေ စီတန်းစိုက်ထားတဲ့ လမ်းလယ်ကျွန်းပေါ်မှာ လူတွေက ထိုင်တချို့၊ မတ်တတ်တချို့။


အဲ့ဒီလူတွေနဲ့ မနီးမဝေးက ကျုံးရဲ့ပတ်လည် လူသွားစင်္ကြန်ပေါ်မှာလည်း လူအုပ်ကြီး၊ သူတို့အရှေ့မှာလည်း ဆိုင်ကယ်တွေက မနည်းမနော။ တချို့က အနီရောင်အားကစားအင်္ကျီနဲ့ အဖြူရောင် အားကစားအင်္ကျီတွေကို ဝတ်ထားကြတယ်။ အင်္ကျီရဲ့နောက်ကျောမှာ ‘MYANMAR’ ဆိုတဲ့ အင်္ဂလိပ်စာတွေ ရိုက်နှိပ်ထားတယ်။
ည ၇ နာရီကျော်လာလေလေ ဆိုင်ကယ်တွေ၊ လူူတွေ ထပ်ထပ်ပြီး ရောက်ရောက်လာတယ်။ လက်သီးလက်မောင်းတန်းတဲ့အသံ၊ လက်ခုပ်တီးသံ၊ အာမေဋိတ်အသံတွေနဲ့ တဖြည်းဖြည်း စည်ကားလာတယ်။
နေရာအတိအကျပြောရရင် မြို့တော်ခန်းမရှေ့မှာပါ။ စည်ပင်သာယာရေးအဖွဲ့က ကြော်ငြာထိုးဖို့ ရုံးအနောက်မြောက်ထောင့်မှာ ၁၀ ပေပတ်လည်လောက် တီဗွီစခရင်ကြီး တပ်ထားတယ်။ ဒီစခရင်ကြီးမှာ ဒီညဦးမှာတော့ စင်ကာပူမှာကန်မယ့် မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲကို တိုက်ရိုက်ပြသမှာပါ။





၇ နာရီခွဲပြီးလို့ ခဏအကြာမှာတော့ လူအုပ်ကြီးလိုက် ဂိုးဆိုပြီး အားလုံး ထအော်လိုက်ကြတာ ဝန်းကျင်တခုလုံး ဟိန်းသွားတယ်။ ၂၈ ကြိမ်မြောက်ကျင်းပနေတဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်းက ဂိုးသွင်းလိုက်တာကိုး။

မန္တလေးမြို့က မြန်မာအသင်း အားပေးတဲ့ မြို့ခံပရိသတ်တွေ စုပေါင်းပြီး မြန်မာဘောလုံးအသင်းကို အားပေးနေကြတာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းကို အားပေးတဲ့နေရာမှာ မန်းသူမန်းသားတွေလောက် သဲသဲလှုပ်တာ မန်းသူမန်းသားတွေပဲ ရှိတယ်လို့ ပြောစမှတ်ပြုရလောက်အောင်ကို သိပ်ကဲလွန်းလှပါတယ်။ ကိုယ့်အိမ်ထဲမှာကို အေးအေးဆေးဆေး သက်သက်သာသာ ကြည့်ရင်ရပေမယ့်လည်း အခုလို လူအုပ်စုလိုက်ကြီး စုပေါင်းပြီး အားပေးရတာကိုမှ ပိုကျေနပ်တတ်ကြတယ်။ လူအုပ်လိုက်ကြီး ဂိုး….လို့ အော်ရတာကို အရသာတွေ့တယ်။ သူတို့သာ အခုလို အားမပေးလိုက်ရင် မြန်မာအသင်းကြီးပဲ အနိုင်မရတော့မယ့်ပုံပါပဲ။

အားပေးတဲ့ ပရိသတ်တွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကျောင်းသူ ကျောင်းသား၊ အိမ်ရှင်ထီး၊ အိမ်ရှင်မ၊ ဈေးသူဈေးသား အလွှာစုံပါဝင်တဲ့အပြင် တရုတ်လူမျိုးရော၊ မွတ်ဆလင်ရော၊ ပန်ချာပီတွေရော လူမျိူးပေါင်းစုံ ပါဝင်ကြတယ်။ သူဌေးရော လက်လုပ်လက်စားရော လမ်းဘေးမှာ အတူထိုင်ပြီး တီဗွီစခရင်ကြီးရှေ့မှာ အဆင့်အတန်း မခွဲခြားကြပဲ ပျော်ပျော်ပါးပါး ကြည့်ကြတယ်။ အများစု အလုပ်ပြီးတဲ့ အချိန်တွေမျိုးမှ ကန်တဲ့ မြန်မာပွဲစဉ်တွေကတော့ အားပေးသူတွေနဲ့ ပိုစည်ကားတတ်ပါတယ်။ များသောအားဖြင့် ညနေပိုင်းနဲ့ ညပိုင်းတွေမှာလာတဲ့ မြန်မာအသင်း ဘောလုံးပွဲတွေပေါ့။

မြန်မာဘောလုံးပွဲတွေ အားပေးဖို့ လူစုံ အလွှာစုံ စုပြုံရောက်နေတာပါ။ အလုပ်ပြန်ချိန် တန်းပြီး လာအားပေးတဲ့သူရော၊ အလုပ်ကနေ အိမ်ပြန် ရေအမြန်ချိုးပြီး မွှေးမွှေးကြိုင်ကြိုင် ပြင်ဆင်လာသူတွေရောကြောင့် ချွေးနံ့တွေ၊ အမွှေးနံ့တွေကတော့ ရောပြွမ်းနေတယ်။ တချို့ အရက် ဘီယာ ကြိုက်သူတွေကလည်း ပလတ်စတစ်အိတ် အမည်းလေးတွေထဲမှာ အသာလေး ဝှက်လာပြီး လူအလစ်မှာ တကျိုက်ပြီးတကျိုက် ပိုက်ကလေးနဲ့ စုပ်ကာ စုပ်ကာနဲ့ ဘောလုံးပွဲကို အားပေးကြတယ်။ ဆေးလိပ်သောက်သူတွေကလည်း ဆေးလိပ်တွေခဲရင်းပေါ့။ တချို့လူငယ်တွေကတော့ အတွဲကိုယ်စီနဲ့ လာကြတယ်။ ကိုယ်သန်ရာသန်ရာနဲ့ တွဲဖက်ပြီး ဘောလုံးပွဲကို အားပေးနေကြတာပေါ့လေ။ အများစုရဲ့လက်ထဲမှာတော့ ဖုန်းတွေကို ကိုင်ထားကြတယ်။ မြန်မာဂိုးရှူးပြီဆိုတာနဲ့ သူတို့ပဲ အရင်သိတဲ့ ပုံစံတွေအတိုင်း အင်တာနက် ဖေ့ဘွတ်ခ် တင်ကြတယ်။ သူတို့ အခုလို စုပေါင်းအားပေးနေတယ်ဆိုတာ သိရအောင်ကိုလည်း ဘောလုံးပွဲမစခင် အချိန်ကလေးမှာတင် သူတို့ဆဲလ်ဖီဓာတ်ပုံတွေကို ရိုက်ပြီး ဖေ့ဘွတ်ခ် တင်ထားကြပြီးသား။
ဒီလို မြန်မာဘောလုံးပွဲတွေ စုပေါင်းကြည့်တဲ့ဓလေ့ဟာ မန္တလေးမြို့ခံတွေကြားမှာ သိပ်ထူးဆန်းလွန်းတဲ့ ကိစ္စတခုတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် မန္တလေးမြို့ကို ခဏတဖြုတ်လာကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက်တော့ အထူးအဆန်းလို ဖြစ်တတ်ကြတယ်။ သူတို့ကိုယ်တိုင် အထူးအဆန်းအဖြစ်နဲ့ ဝင်ကြည့်တယ်။ ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ သူတို့လည်း ပရိသတ်နဲ့ တသားတည်းရောပြီး ပျော်လာကြရော။

မန္တလးမြို့မှာ အခုလို ဘောလုံးပွဲကို လမ်းဘေးက တီဗွီစခရင်ကြီးမှာ လာပြီး စုပေါင်းကြည့်တဲ့ဓလေ့ စဖြစ်လာတာကတော့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်၊ ၂၀၁၃ ခုနှစ် ဒီလိုအချိန်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသေအချာပြောရရင်တော့ မြန်မာအမျိုးသမီးဘောလုံးအသင်းကို အားပေးရင်းက စခဲ့တာပါ။
မြန်မာပြည်မှာ ကျင်းပခွင့်ရခဲ့တဲ့ အဲ့ဒီဆီးဂိမ်းမှာ အမျိုးသမီးဘောလုံးပွဲစဉ်တွေကို မန္တလေးမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ တမြို့လုံးက မြို့ခံတွေဟာ မြန်မာအမျိုးသမီးအသင်းကို ကွင်းပြည့်ကွင်းလျှံရုံတင်မကပဲ ရုပ်မြင်သံကြားတွေကနေ အိမ်ပေါက်စေ့ အားပေးခဲ့ကြတယ်။ သဲသဲလှုပ် မြို့ခံတချို့ကတော့ မြို့တွင်းမှာ ထုတ်လွှင့်ပေးတဲ့ တီဗွီစခရင်ကြီးတွေရှေ့မှာ အားနဲ့မာန်နဲ့ ကိုယ်တိုင်ကိုယ်ကျ အားပေးကြတယ်။ မြန်မာအသင်း နိုင်လို့ကတော့ အာပေါင်အာရင်းသန်သန်နဲ့ မြန်မာ…မြန်မာဆိုပြီး တက်တက်ကြွကြွ အော်ဟစ်ပြန်လာတတ်ကြပေမယ့် ရှုံးရင်လည်း တိတ်တဆိတ် ပြန်လာတတ်ကြတာ မန္တလေးမြို့က မြန်မာဘောလုံးချစ် ပရိသတ်တွေပါပဲ။

မြန်မာအသင်းကများ ဂိုးပြီဆိုလို့ကတော့ လာရောက်ကြည့်သူ ပရိသတ်တွေအားလုံးဟာ တသားတည်းဖြစ်အောင် အော်ဟစ် အောင်ပွဲခံကြတယ်။ တယောက်နဲ့တယောက် မသိကြပေမယ့် အဲ့ဒီလို ဘောလုံးပွဲကြည့်တဲ့ အချိန်မှာတော့ တကယ့် ဆွေမျိုးမိတ်ဆွေ အရင်းချာကြီးတွေလိုပဲ။ မြန်မာအသင်း ဂိုးသွင်းလို့ တီဗွီစခရင်ကြီးပေါ်မှာ နိုင်ငံခြားရောက် မြန်မာပရိသတ်တွေ အားပေးနေတဲ့ပုံတွေ ပေါ်လာရင်လည်း မန်းမြို့ခံ ပရိသတ်တွေကလည်း အားကျမခံ ဟေး…ဟေး… ဆိုပြီး ပြန်ပြီးအော်တတ်ကြတယ်။ သူတို့ကို တီဗွီထဲကလူတွေက မြင်ရပြီး ပြန်နှုတ်ဆက်ခံရမယ့်အတိုင်းပဲ။ မြန်မာဘောလုံးအသင်း အခြေအနေကောင်းတဲ့ အချိန်တွေဆိုရင် အားလုံးရဲ့မျက်နှာမှာ အပြုံးအပျော်တွေနဲ့ချည်းပေါ့။
မြန်မာအသင်းဘက်ကိုများ ဂိုးအသွင်းခံလိုက်ရရင်တော့ ဟာ..ဟင်…နဲ့ အားမလိုအားမရ ဝေဖန်သံတွေ အများကြီး ထွက်ပေါ်လာတတ်တယ်။ တခါတရံဆို ဆဲဆိုသံလေးတွေများတောင် တနေရာဆီလောက်က မကြားတကြား ထွက်လာတတ်တယ်။ ဒါပေမယ့်လည်း ရှုံးပေမယ့် နိုင်ငံတော်သီချင်းတွေဆိုပြီး အော်ဟစ်အားပေးတတ်တာ မန္တလေးမြို့က ဘောလုံးပရိသတ်တွေပါပဲ။ အဲ့ဒီလိုအချိန်တွေမှာဆို အားသာပေးနေရတယ်၊ သူတို့ရင်ဘတ်ထဲမှာကတော့ တဒိတ်ဒိတ်နဲ့ စိုးရိမ်နေကြတယ်ဆိုတာ သူတို့မျက်နှာတွေမှာ အထင်းသား ပေါ်နေတတ်တယ်။

ခုလည်း စင်ကာပူနိုင်ငံမှာ သွားပြီး ယှဉ်ပြိုင်နေရတဲ့ မြန်မာ ယူ ၂၃ အမျိုးသားဘောလုံးအသင်းကို အားပေးနေကြပြန်ပြီ။ မြန်မာအမျိုးသားအသင်းဟာ အဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်လိုက်တာကြောင့် မန်းမြေက မြန်မာဘောလုံးချစ်ပရိသတ်တွေများ ပျော်နေလိုက်ကြရှာတာ။ တချို့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်ရင်း မြန်မာအလံကိုကိုင်ပြီး လက်က ဝှေ့ရမ်းသွားတယ်။ တချို့ကတော့ နိုင်ငံတော်သီချင်းကို အော်ဟစ်ဆိုပြီး အဖွဲ့လိုက်တွေ ပြန်သွားကြတယ်။
ဘောလုံးပွဲချစ်တဲ့ မန္တလေးပရိသတ်ရဲ့ အိမ်အပြန်လမ်း ရှုခင်းကို ကြည့်ရုံနဲ့ အခြေအနေကို သိနိုင်တဲ့ မျက်နှာတွေက ပြုံးပြီး စကားတွေ ဖောင်ဖောင် ဖောင်ဖောင် ပြောလာကြရင် သူတို့အားပေးတဲ့အသင်း နိုင်တယ်။ ကြက်ကြီးတွေ လည်လိမ်ထားသလို ငြိမ်ပြန်လာရင်တော့ အခြေအနေ မကောင်းလို့ပေါ့။
မန္တလေးသားတွေရဲ့ ဘောလုံးပွဲချစ်တဲ့ စိတ်ဓာတ်ကတော့ သြချလောက်ပါပေရဲ့။

အေးမွန်ရာပြည့်

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

အင်းတော်မြို့ကစည်လုပ်ငန်း