‘ ခံတပ်အိုကြီးသုံးခု ’


(ဧရာဝတီဂျာနယ်မှ တဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။)

မြို့သုံးမြို့မှာ ဖိုခနောက်ဆိုင်(သုံးပွင်ဆိုင်)အဖြစ်နဲ့ ဒီနေ့အချိန်ထိ ခန့်ခန့်ထည်ထည်ကြီးတည်ရှိနေဆဲ သမိုင်းဝင်ခံတပ်ကြီးသုံးခုနဲ့ ဒီတစ်ပတ်မှာ စာဖတ်သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီခံတပ်ကြီးသုံးခုစလုံးဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ မေးတင်တည်ထားတာချင်းလည်း တူတူဖြစ်ပြီး အချိန်မရှေးမနှောင်းတွေအတွင်းမှာပဲ တပြိုင်နက်တည်း တည်ဆောက်ခဲ့တာလည်း အတူတူဖြစ်ပါတယ်။ အထက်မြန်မာပြည်ကို သိမ်းပိုက်ဖို့လာတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်က တက်လာမယ့် အင်္ဂလိပ်စစ်တပ်ကို စနစ်တကျ တိုက်ခိုက်နိုင်ဖို့မင်တုန်းမင်းလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ခံတပ်တွေပဲဖြစ်ပါတယ်။

အဲ့ဒီခံတပ်သုံးခုကတော့ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဒေသဘက်က သပြေတန်းခံတပ်၊ စစ်ကိုင်းမြို့က အစေခံခံတပ်နဲ့ အင်းဝမြို့ဟောင်းက ဆင်ကျုံးခံတပ်တွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာ အစိုးရတာဝန်ရှိသူတွေရဲ့ ဂရုစိုက်မှုကိုမခံရတော့တဲ့ လျစ်လျူရှုခံရှေးဟောင်းသမိုင်းဝင်ခံတပ်ကြီးတွေအဖြစ်လည်း ဒီခံတပ်သုံးခုဟာ တူညီစွာရှိနေပါသေးတယ်။

-       သပြေတန်းခံတပ် -

ခံတပ်သုံးခုထဲမှာ သပြေတန်းခံတပ်ဟာ အရွယ်အစားအကြီးဆုံးနဲ့ ထုထည်အကောင်းဆုံး ခံတပ်ကြီးလည်း ဖြစ်ပါတယ်။ ခံတပ်ကြီးက အရှေ့ကနေ အနောက်ပေ ၄ဝဝ ကျော်နဲ့ တောင်မြောက် ပေ ၃၅ဝ ကျော်ခန့် ကျယ်ဝန်းပါတယ်။ ခံတပ်ထဲမှာတော့ ဆင်ခြေလျှောပါတဲ့ အုတ်လမ်းတွေ၊ မိုးဒဏ်လေဒဏ်ခံထားရတဲ့ သစ်သားတံတားတွေ၊   ဥမင်လိုဏ်တွေခေါင်းတွေ၊ ကြီးမားပြီး ထင်ရှားလွန်းလှတဲ့သစ်ပင်ကြီးသုံးပင်နဲ့ ရေတွင်းတစ်တွင်းပါရှိပါတယ်။ လိုဏ်ခေါင်းတွေကတော့ ရဲမက်တွေအတွက်နေဖို့နဲ့ လက်နက်၊ယမ်းတွေထားဖို့နေရာပေါ့။
အရှေ့ဘက်ခြမ်းက ဥမင်လိုဏ်ခေါင်းထဲမှာတော့ အလျား ၇၈ပေ ၊ အကျယ် ၅ပေ၆လက်မရှိတဲ့ ကျွန်းလုံးလှေကြီးတစ်စင်းရှိနေပါတယ်။ လှေကြီးကို ၁၉၇၉ခုနှစ်မှာမှ စစ်ကိုင်းမြို့ဘက်က နန်းတော်ကျွန်းကျေးရွာကနေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလှေကြီးထားတဲ့ လိုဏ်ခေါင်းအဝင်မှာ ကျောက်စာတစ်ချပ်ရှိပါတယ်။ ခံတပ်အတွင်းပရဝုဏ်ထဲမှာလည်း သပြေတန်းခံတပ်ဆိုတဲ့ ဆိုင်းဘုတ်ဆန်ဆန် ကျောက်စာတစ်ချပ်နဲ့ သမိုင်းအချက်အလက်တွေရေးထိုးထားတဲ့ ကျောက်စာကြီးတစ်ချပ်ကို တွေ့ရမယ်။ ခံတပ်ရဲ့အနောက်ဘက်ခြမ်းဘက်မှာတော့ မြစ်ကမ်းဘက်ဦးတည်ထားတဲ့ အမြောက်ကြီးတွေ မိန့်မိန့်ကြီးရှိနေတယ်။

ဒီခံတပ်ကို မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၂၃၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် ကြာသပတေးနေ့ (၁၈၇၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်) မှာ စတင် တည်ဆောက် ခဲ့တာပါ။

သပြေတန်းခံတပ်ဟာ စစ်ကိုင်းတံတားအဟောင်း (အင်းဝတံတား)ရဲ့အရှေ့ဘက်အခြေမှာရှိပြီး သွားရလာရလွယ်ကူပေမယ့် လူသူအရောက်ပေါက်နည်းလွန်းလှတယ်။ အထဲမှာ သစ်ပင်ကြီးတွေ၊ မြက်ခင်းခြုံပုတ်တွေနဲ့ပြည့်နှက်နေတယ်။ သစ်သားတံတားတွေကလည်း ရွဲ့စောင်းနေတယ်။ လမ်းလျှောက်ရတာတောင် ခက်ခက်ခဲခဲလျှောက်ရတယ်။ အခုထက်ပိုပြီးသေချာစိစစ်ထိန်းသိမ်းဖို့ လိုနေသေးတယ်ကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။

-       ဆင်ကျုံးခံတပ် -


ခံတပ်သုံးခုထဲက ဒုတိယအကြီးဆုံးခံတပ်ကတော့ အင်းဝမြို့ဟောင်း၊ ဆင်ကျုံးရွာမှာတည်ရှိတဲ့ ဆင်ကျုံးခံတပ်ပဲဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်တို့ ဆုံရာ အချက်အခြာကျလှတဲ့ နေရာမှာ တြိဂံပုံသဏ္ဍာန် တည်ဆောက်ထားတာပါ။ ခံတပ်ကြီးမှာ တံတိုင်းသုံးခုပါပြီး အပြင်ဘက်ဆုံးတံတိုင်းနှစ်ခုကြားမှာ    ၃၁ပေကျယ်တဲ့ ကျုံးပတ်လည်ရှိတယ်။ ခံစစ်အတွင်းဘက်ဆုံးမှာတော့ တစ်ဖက်ကို ပေ၂၀၀ကျော်လောက်ရှိတဲ့ တံတိုင်းတစ်ခုထပ်မံရှိနေတယ်။

ခံတပ်အတွင်းပိုင်းကိုတော့  မြေပြန့်မကျ ချိုင့်ဝှမ်းမကျပုံစံ ပြုလုပ်ထားတာတွေ့ခဲ့ရတယ်။ လမ်းလျှောက်လို့ကောင်းတဲ့ မြက်ခင်းညီညီပြန့်ပြန့်လေးတွေရှိနေတယ်။ ခံတပ်အတွင်းမြောက်ဘက်မှာတော့ အရှေ့အနောက်တန်းလျက် အခန်းနှစ်ခန်းရှိတယ်။ အဲ့ဒီအခန်းတွေရဲ့အပေါ်မှာမှ အမြောက်ကြီးနှစ်လက်ကို တွေ့ရပါမယ်။ ဧရာဝတီမြစ်ကတဆင့် တက်လာကြမယ့် ရန်သူတပ်တွေကို ချိန်ရွယ်နေတဲ့ပုံစံပေါ့။

ခံတပ်ရဲ့ အရှေ့ဘက်ဝင်ပေါက်ဘက်မှာတော့ ဆေးနီနီသုတ်ထားတဲ့ သစ်သားတံတားတစ်စင်းရှိနေတယ်။ တံတားထိပ်မှာတော့ ရှေးဟောင်းသုတေသနကနေ ဆင်ကျုံးခံတပ်နဲ့ ပက်သက်ပြီး ပြုစုထားတဲ့ အချက်လက်တွေ ကို စုစည်းထားတဲ့ ကျောက်စာ တစ်ချပ်ကို တွေ့ရပါမယ်။ သွားဖတ်ကြည့်မယ်ဆိုရင် အခုရေးထားတာတွေကို ကျောက်စာပုံစံနဲ့ပြန်တွေ့ရပါလိမ့်မယ်။

ဒီဆင်ကျုံးခံတပ်ကြီးကိုလည်း ခရစ်နှစ် ၁၈၇၄ ခုနှစ်မှာပဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီးလက်ထက်မှာပဲ အီတလီလူမျိုး အင်ဂျင်နီယာ ကွန်ုမိုတိုက ဦးဆောင်ပြီး လေးနှစ်ကြာ တည်ဆောက်ခဲ့တာပါ။

ခံတပ်ကြီးတစ်ခုလုံးရဲ့မြောက်ဘက်ထောင့်မှာတော့ လူတစ်ရပ်စာလောက်ရှိတဲ့ ကျောက်စာအကြီးကြီး နှစ်ချပ်ကို ခန့်ညားစွာကြီးတွေ့ရပါမယ်။ စစ်ကိုင်းတံတားအဟောင်းအနီးမှာ လမ်းကြောင်းသင့်တဲ့ သပြေတန်းခံတပ်ထက်စာရင် အခုဆင်ကျုံးရွာက ဆင်ကျုံးခံတပ်က ပိုပြီး သပ်သပ်ရပ်ရပ်ရှိနေတယ်။ ဝင်ရထွက်ရ၊ လည်ရပတ်ရတာ သက်တောင့်သက်သာရှိလွန်းလှတယ်လို့ ခံစားရတယ်။

-       အစေခံခံတပ် -


ခံတပ်သုံးခုထဲက ထုတည်အသေးဆုံးခံတပ်ကတော့ အစေခံခံတပ်ပဲဖြစ်ပါတယ်။ အစေခံခံတပ်ကို သပြေတန်း ခံတပ်နဲ့ ဆင်ကျုံးခံတပ်တို့တည်ဆောက်ခဲ့ပြီးလို့ ငါးနှစ်အကြာ ၁၈၇၉ခုနှစ်အတွင်းမှာ စစ်ကိုင်းမြို့မြစ်ကမ်းနဖူးက အစေခံအရပ်မှာ တည်ဆောက်ခဲ့တာပါ။ တည်ဆောက်ရာမှာလည်း အီတလီလူမျိုးကွန်မိုတိုလည်း ပါဝင်တည်ဆောက်ခဲ့ပါတယ်။

အစေခံခံတပ်ဟာ အနောက်ဘက်ကို မျက်နှာလှည့်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဝင်ပေါက် ဘယ်ညာတစ်ဖက်တစ်ချက်စီမှာ အစေခံခံတပ်ဆိုတဲ့ ကျောက်စာတစ်ချပ်နဲ့ သမိုင်းအကျဉ်းချုပ်ရေးထားတဲ့ ကျောက်စာချပ်တစ်ချပ်စီ အသီးသီးစိုက်ထူထားတယ်။ ဝင်ပေါက်တံခါးကြီးရဲ့ ညာဘက်တံရံကြီးပေါ်မှာတော့ ကျောက်စာတစ်ချပ်ရှိသေးတယ်။ အဲ့ဒီကျောက်စာကတော့ ဆေးအဖြူတွေနဲ့ဖြစ်နေပြီး ဖတ်ရခက်ခဲလွန်းလှတယ်။

အစေခံခံတပ်ရဲ့ပုံစံကတော့ စက်ဝိုင်းခြမ်းသဏ္ဍာန် ပုံစံပါ။ ခံတပ်ဝင်ပေါက်တဖက်တချက်စီမှာကို အမြှောက်ကြီးတစ်ခုစီရှိနေပြီး  ခံတပ်အတွင်းဘက်အရှေ့ဘက်တည့်တည့်ကို မျှော်ကြည့်လိုက်ရင်လည်း ဧရာဝတီမြစ်ကြောင်းဘက်ကို ဦးတည်ထားတဲ့ အမြှောက်ကြီးတွေကို တွေ့ရပါဦးမယ်။ ခံတပ်အတွင်းဘယ်ညာမှာတော့ ယမ်းတိုက်တစ်တိုက်စီရှိပါတယ်။ လူနေလို့ရတဲ့ လိုဏ်ခေါင်းအခန်းတွေတော့ မပါပါဘူး။ ဒီအစေခံခံတပ်ကတော့ လူနေရပ်ကွက်ထဲမှာရှိလို့ပဲလားမသိ၊ အတွင်းပိုင်းမှာ ဥယျာဉ်လေးတစ်ခုလိုပဲ သာယာလို့နေပါတယ်။ သစ်ပင်လေးတွေရှိပြီး သစ်ပင်အခြေတွေမှာ ထိုင်လို့ရတဲ့ ကွပ်ပျစ်လေးတွေကို ပြုလုပ်ထားတယ်။ ခံတပ်သုံးခုထဲမှာမှ ဒီခံတပ်မှာမှ ဒီမြင်ကွင်းတွေကို ထူးထူးခြားခြားတွေ့ရတာ ဖြစ်ပါတယ်။ သပြေတန်းခံတပ်၊ ဆင်ကျုံးခံတပ်တွေထက် လမ်းသာပြီးသွားရလာရ လွယ်ကူလွန်းလှပါတယ်။

ခံတပ်သုံးခုစလုံးကို ဧရာဝတီ မြစ်ကြောင်းရဲ့ ဝဲဘက်နဲ့ ယာဘက်ကို ညှပ်ပြီး  တြိဂံ အနေအထားဖြင့် တည်ဆောက် ခဲ့တာဖြစ်ပါတယ်။ သပြေတန်းခံတပ်ကို ဦးတည်ပြီးကြည့်လိုက်ရင် သူ့ရဲ့အနောက်ဘက်မှာရှိတဲ့ စစ်ကိုင်းဘက်ခြမ်းက အစေခံခံတပ်အထိ တစ်မိုင်ကျော်ကျော် ကွာဝေးပါတယ်။ အင်းဝမြို့ဆင်ကျုံးကျေးရွာက ဆင်ကျုံးခံတပ်အထိဆိုရင် နှစ်မိုင်လေးဖာလုံတိတိ ကွာဝေးပါတယ်။

အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ကို ဧရာဝတီမြစ်ကြောင်းတလျှောက် အင်္ဂလိပ်စစ်တပ်တွေ ဆန်တက်လာမယ်ဆိုရင် ပထမဆုံးအနေနဲ့ ဆင်ကျုံးခံတပ်ကိုဖြတ်ရမယ်။ ပြီးမှ အစေခံခံတပ်နဲ့ သပြေတန်းခံတပ်တွေကို အသီးသီးဆက်လက်ဖြတ်ရမယ်။ တဆင့်ချင်းစီတိုက်မယ်ဆိုပြီး ကြံစည်တည်ဆောက်ခဲ့ကြတာ ဖြစ်ပါမယ်။

ခံတပ်တွေဖြစ်တည်ခဲ့တဲ့ သမိုင်းကြောင်းကိုပြန်ကောက်ရမယ်ဆိုရင် မင်းတုန်းမင်းကြီးရဲ့ အမြော်အမြင်ရှိပုံတွေကို ထင်ထင်ရှားရှားတွေ့မြင်ရမယ်။ စစ်ရေးအမြော်အမြင်ရှိတဲ့ မူးမတ်ပညာရှိတွေနဲ့တိုင်ပင်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အထက်မြန်မာပြည်မှာ ဒီသုံးပွင့်ဆိုင်ခံတပ်စုကြီးကို တည်ဆောက်ဖို့ စီစဉ်ခဲ့လို့ပါပဲ။ ခံတပ်တွေတည်ဆောက်ဖို့ ကင်းဝန်မင်းကြီးပါဝင်တဲ့အဖွဲ့တွေကို အနောက်နိုင်ငံတွေကို သွားရောက်လေ့လာစေခဲ့တယ်။ တည်ဆောက်တဲ့အခါမှာလည်း နိုင်ငံခြားကပညာရှင်တွေ၊ နိုင်ငံခြားပြန်မြန်မာလူငယ်တွေ အားလုံးပူးပေါင်းပြီး တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ပင်လယ်အထွက်ရေလက်ကြားတွေမှာတည်ဆောက်ထားတဲ့ အင်္ဂလန်နိုင်ငံက ခံတပ်တွေရဲ့ ဒီဇိုင်ပုံစံတွေကို အတုယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီဖိုခနောက်ဆိုင်ခံတပ်စုကြီးကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ စီစဉ်တည်ဆောက်ခဲ့ပေမယ့် တကယ်တန်း အင်္ဂလိပ်တွေချီတက်လာရာမှာတော့ တိုက်ခိုက်ခွင့်ခုခံခွင့်တွေမရခဲ့ကြရှာပါဘူး။ စစ်တပ်အင်အား၊ လက်နက်အင်အားချင်းမမျှတကြောင့်ရော၊ ရာသီဥတုအခြေအနေဆိုးရွားနေတာရောကြောင့် မင်းနေပြည်တော်လွှတ်တော်ကနေ ‘မခုခံရ’ အမိန့်ကိုထုတ်ခဲ့လို့ပါတဲ့။ ဒါ့ကြောင့် နောက်ပိုင်းမှာ ခံတပ်တွေကိုအင်္ဂလိပ်တွေဟာ အလွယ်တကူသိမ်းပိုက်ခဲ့ကြတယ်။ သီပေါမင်းပါတော်မူပြီးနောက်ပိုင်းအချိန်တွေမှာ ဒီခံတပ်တွေကိုပြန်လည်ရရှိဖို့ မြန်မာလူမျိုးတွေဟာ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ကြတယ်။

အခုချိန်မှာတော့ ခံတပ်ကြီးတွေကို ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနလက်အောက်မှာ ထိန်းသိမ်းထားတယ်။

စတင်တည်ဆောက်တဲ့အချိန်တွေကနေ စတင်ရေတွက်ကြည့်မယ်ဆိုရင် ခံတပ်တစ်ခုချင်းစီရဲ့ သက်တမ်းဟာ နှစ်ပေါင်း၁၅၀နီးပါးတွေရှိနေပါပြီ။ ရှေးဟောင်းသုတေသနဌာနကတော့ ဒီခံတပ်ကြီးသုံးခုစလုံးရော တခြားနာမည်ကြီးသမိုင်းဝင်ခံတပ်တွေဖြစ်တဲ့ မင်းလှခံတပ်နဲ့ ဂွေးချောင်းခံတပ်တွေကိုပါ ပုဂ္ဂလိကကို လွှဲပေးပြီး Historical Park (သမိုင်းဝင်ယျာဉ်) အဖြစ် ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်လောက်ကတည်းကပါပဲ။

ဒါပေမယ့် ဒီဝါကျင့်ကျင့်ခံတပ်အဟောင်းအအိုကြီးတွေကို အမှန်တကယ် ပြုပြင်ထိန်းသိမ်းလိုစိတ်မရှိကြတာလား ၊ ခံတပ်တွေကို ထိန်းသိမ်းမွန်းမံပြီး ပြည်တွင်းပြည်ပခရီးသွားတွေထဲက ငွေသဲ့ယူလို့ရတယ်ဆိုတာကို မသိကြတာလား၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေကပဲ စီမံခန့်ခွဲမှုအားနည်းနေတာလား ဆိုတာကတော့ စဉ်းစားစရာကောင်းလွန်းလှပါတယ်။

အခုချိန်မှာ ခံတပ်ကြီးတွေကတော့ ဒုံရင်းကဒုံရင်းးးးး။ ဂရုတစိုက် ထိန်းသိမ်းပေးမယ့်သူတွေနဲ့ မတွေ့ကြရှာသေးဘူး။  လျစ်လျူရှူ့ခံ ရှေးဟောင်း သမိုင်းဝင်ခံတပ်အိုကြီး သုံးခုရဲ့ အနာဂတ်ဟာ ဧရာဝတီမြစ်ကမ်းနဖူးဘေးမှာ ကယ်သူမယ့်နေသယောင်။

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

အင်းတော်မြို့ကစည်လုပ်ငန်း