မန္တလာမြေမှ မစီမာအချဉ်ပေါင်း


 
ဓာတ်ပုံ - အေးမွန်ရာပြည့်

သစ်သားစင်လေးထဲမှာ ပြည့်လျှံနေသည့် ရောင်စုံစက္ကူထုပ်လေးများကို စီနေသည့် အဘွားအိုတစ်ဦး။ အသက်အရွယ်ရလာသောကြောင့် ခါးအနည်းငယ်ကိုင်းနေပြီ ဖြစ်သော်လည်း သွက်လက်နေဆဲ အမျိုးသမီးကြီးတစ်ဦး။ ဒီအလုပ်က နှစ်ပေါင်းငါးဆယ်နီးပါးကြာ လုပ်ကိုင်ခဲ့သည်မို့ အဆန်းမဟုတ်တော့။
ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် ယခုအသက်(၈၆)နှစ်ရှိပြီဖြစ်သော ဒေါ်စီမာကို မန္တလေးတွင် လူသိများသည်။ အသက်(၃၀)ကျော်၊ (၄၀)နီးပါးခန့်အရွယ်မှစ၍ အချဉ်ပေါင်းလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အသက်(၈၆)နှစ်တိုင် ဦးစီးလုပ်ကိုင်နေဆဲဖြစ်၏။ ဝင်းလိုက်တံဆိပ် အချဉ်ပေါင်းကိုစားမိရာမှ အရသာခံပြီး စတင်ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အချဉ်ပေါင်းစတင်ချိန်က သားအဖနှစ်ယောက်တိုင်ပင်ပြီး အရသာများ စမ်းသပ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်စီမာက လုပ်ငန်းစတင်ဖြစ်ခဲ့ပုံကို ပြောပြသည်။

‘‘အရီးမှာ ဆရာမရှိဘူး။ ဘုရားပေးတဲ့ ဉာဏ်ပဲရှိတယ်’’ဟု ခရစ်ယာန်ဘာသာဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်စီမာက ပြောသည်။

အချဉ်ပေါင်းများ စတင်ထုတ်လုပ်ရောင်းချစဉ်က ဆီးသီးသုံးပြည်၊ ဆီးသီးအလုံးသုံးရာခန့်နှင့်သာ စတင်ခဲ့ရာမှ တဖြည်းဖြည်းနှင့်ပမာဏများတိုးထုတ်လာနိုင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် မစီမာအချဉ်ပေါင်း၏ ရွှေခေတ်သဖွယ်ဖြစ်ခဲ့သည်။ လုပ်သားများစွာနှင့် ထုတ်လုပ်မှု အားအကောင်းဆုံးကာလလည်း ဖြစ်ခဲ့သည်။

မစီမာအချဉ်ပေါင်း နာမည်ကြီးထင်ရှားစေခဲ့သည့် အကြောင်းအရာများထဲတွင် အချဉ်ပေါင်းများကို မြို့အနှံ့ လိုက်လံကြေညာရောင်းချပေးခဲ့သည့် ဦးစံဖေဟူသော အမျိုးသားကြီးတစ်ဦးကိုလည်း မေ့ထား၍မရကြောင်း ဒေါ်စီမာက ပြောသည်။ မစီမာတံဆိပ်များ စတင်ထုတ်လုပ်သည့် အချိန်များမှစ၍ ယနေ့အချိန်ထိ လှည့်လည်ရောင်းချပေးနေဆဲဖြစ်သည့် ဦးစံဖေမှာ ယခုအချိန်တွင် အသက်(၇၀)နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းလှည့်လည်ရောင်းချပေးခဲ့သည့် သက်တမ်းမှာလည်း နှစ်ပေါင်းလေးဆယ်နီးပါး ရှိနေပြီဖြစ်သည်။

၁၉၉၀ ဝန်းကျင်တွင်မူ တခြားတံဆိပ်မျိုးစုံ အချဉ်ပေါင်းများ ပေါ်ပေါက်လာပြီး ခေတ်မီထုပ်ပိုးမှုများ၊ ကြော်ငြာများဖြင့် အများစိတ်ဝင်စားအောင် ဆွဲဆောင်မှုများ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများလာသည်။ ပုံမှန်ထုပ်ပိုးမှုများနှင့်သာ ဆက်သွားနေခဲ့သည့် မစီမာတံဆိပ်မှာ ရောင်းအားအတန်အသင့် ကျဆင်းသွားခဲ့သည်။ သဘာဝသစ်သီးများကိုသာ အသုံးပြုပြီး ခံဆေးများ၊ ဆိုးဆေးများ ထည့်သွင်းထားခြင်းမရှိသည့်အတွက် ရေရှည်အထားမခံသည့် မစီမာအချဉ်ထုပ်များအား လက်ကားရောင်းချသူများမှတစ်ဆင့် ပြန်လည်ရောင်းချရန် စိတ်ဝင်စားမှုနည်းသွားခဲ့သည်။ ထုတ်လုပ်နိုင်မှုနှုန်းမှာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့ရသည်။

သို့သော် ယခုနှစ်များအတွင်း အဝေးရောက် မန္တလေးသူ၊ မန္တလေးသားများအတွက် ရန်ကုန်မြို့ရှိ မန္တလေးအစားအသောက်များ ရောင်းသည့် ဆိုင်အချို့နှင့် မန္တလေးမြို့ရှိ စားသောက်ဆိုင်၊ ကုန်တိုက်အချို့တွင် မစီမာအချဉ်ပေါင်းများ ပြန်လည်ရောင်းချလာသည်။ သို့သော်လည်း မစီမာ ဖြတ်သန်းခဲ့ရသည့် ရွှေခေတ်ကာလကိုမူ မမီသေးဟု ဆိုသည်။

အစွဲအလမ်းကြီးလှသည့် မန္တလေးသူ၊ မန္တလေးသားများမှာ မြို့နှင့်အဝေးတွင် ရောက်ရှိနေသည့်တိုင်အောင် မစီမာအချဉ်ပေါင်းကို တကူးတက မှာယူစားတတ်ကြသည်။ မြို့သူ၊ မြို့သားများမှတစ်ဆင့် ၎င်းတို့နှင့် နီးစပ်သူ အသိုင်းအဝိုင်းများကိုလည်း လက်ဆောင်ပေးတတ်ကြသည်။ အချို့ နိုင်ငံခြားတွင်ရောက်ရှိနေသူ ကိုယ်တိုင်ကလည်း လူကြုံရှိပါက မစီမာအထုပ်များကို တခုတ်တရမှာ ယူခိုင်းတတ်ကြသည်ဟု မန္တလေးမြို့မှ စာရေးဆရာဦးကျော်ရင်မြင့်က ပြောသည်။

မစီမာအား တမ်းတမ်းစွဲစားသုံးခဲ့သူများမှာ ယနေ့အချိန်တွင် သက်ကြီးပိုင်း၊ သက်လတ်ပိုင်းများထဲသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ခေတ်လူငယ်များကမူ မစီမာအချဉ်ပေါင်းကို စိတ်ဝင်စားမှုမရှိကြတော့ဟု ဒေါ်စီမာ၏တူမဖြစ်သူ ဒေါ်ဆွေဆွေမာကပြောသည်။ ဒေါ်ဆွေဆွေမာသည် အပျိုကြီးတစ်ဦးဖြစ်သည့် ဒေါ်စီမာ၏အချဉ်ပေါင်းလုပ်ငန်းကို နောင်အနာဂတ်တွင် လွှဲပြောင်းရယူမည့် တူမအရင်းတစ်ဦးဖြစ်သည်။
‘‘လက်ရှိ ကလေးတွေကတော့ လှလှပပလုပ်ထားတဲ့ အစားအစာတွေကိုပဲ စိတ်ဝင်စားနေကြပြီ။ ဒါပေမဲ့ သက်ကြီးပိုင်းတွေက ကျတော့လည်း မစီမာဆိုရင် စက္ကူထုပ်နဲ့မှ စားချင်ကြတာ’’ဟု ဒေါ်ဆွေဆွေမာက ပြောသည်။

မစီမာအချဉ်ပေါင်းများ လုပ်ပုံလုပ်နည်းကို လေ့လာချင်သည်ဟုဆိုကာ နိုင်ငံခြားသားအဖွဲ့တစ်ဖွဲ့ လာရောက်လေ့လာဖူးသည်ဟု ဒေါ်စီမာက ဂုဏ်ယူစွာပြောသည်။

‘‘အသီးစိမ်ပုံ၊ အခြောက်ခံဖို့ အဆင့်ဆင့်တွေကို လေ့လာချင်လို့ဆိုပြီးလာတာ။ အကုန်ပြလိုက်တယ်။ နည်းတွေသိသွားမလား ဘာလား စိုးရိမ်တာလည်းမရှိပါဘူး’’ဟု ဆိုသည်။

ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သော်လည်း ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများနှင့် များစွာရင်းနှီးကျွမ်းဝင်နေသည်မှာ ဒေါ်စီမာ၏ ထူးခြားချက်တစ်ချက်ပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ သီလရှင်များအား အဝေးဖိတ်နေ့နှင့် အဖိတ်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူလေ့ရှိသည့်အပြင် နှစ်စဉ် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တိုင်းတွင် သံဃာအပါး ၂၅၀ ကျော်ရှိသည့် ဘုန်းကြီးကျောင်းတွင် ကြာဆံဟင်းချက်ပြီး သွားရောက်ကုသိုလ်ပြုလေ့ရှိသည်။

အိမ်ပရိဝုဏ်အတွင်းတွင်လည်း ရေအိုးစင်တစ်လုံးတည်ထားပြီး အချဉ်ထုပ်လာဝယ်သူများရော၊ ပြင်ပမှလာရောက်သည့် မည်သူမဆိုသောက်နိုင်ရန် စီစဉ်ပေးထားသည်။ ရေလှူရသောအကျိုးမှာ ဆယ်ပါးသောဆုနှင့် ပြည့်စုံသည်ဟူသော ဗုဒ္ဓဘာသာ၏ အယူအဆကို ယုံကြည်ကြောင်းလည်း ဒေါ်စီမာက ဆိုသည်။
နံနက်တိုင်း အိမ်အနီးရှိ ရွှေနှလုံးသားခရစ်ယာန်ကျောင်းသို့ ပုံမှန်သွားရောက်ဝတ်ပြုလေ့ရှိသည်။ ညစဉ်ညတိုင်းလည်း သူမနှင့် ဆက်စပ်နေသည့် ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာဝင်မိတ်ဆွေများအားလုံး၏ အမည်များကို ရွတ်ဖတ်ကာ မေတ္တာပို့ပြီးမှ အိပ်တတ်သည်။

လက်ရှိအချိန်တွင် အသက်(၈၆)နှစ်ထဲသို့ ရောက်နေပြီဖြစ်သည့်အတွက် ဘုရားကိုသာ အလုံးစုံအာရုံပြုထားသည်ဟု ဒေါ်စီမာကပြောသည်။ မစီမာအချဉ်ပေါင်းလုပ်ငန်း ယခုထက် ပိုမိုကျယ်ပြန့်လာစေရန် လုပ်ငန်းချဲ့ထွင်ရာတွင် ငွေကြေးများစွာ ကုန်ကျမည့်အပြင် စီမံခန့်ခွဲမှုနည်းများမှာလည်း ရှုပ်ထွေးမှုများ ရှိလာနိုင်သည့်အတွက် သူမအနေဖြင့် ဦးနှောက်အရှုပ်ခံကာ လုပ်ငန်းချဲ့ထွင်တော့မည်မဟုတ်ဟု ဆိုသည်။ ဒေါ်စီမာမရှိတော့လျှင်လည်း မစီမာအမည်ဖြင့်သာ ဆက်လုပ်လုပ်ကိုင်သွားမည်ဖြစ်ပြီး လုပ်ငန်းအဆင့်မြှင့်မှုများ ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း တူမဖြစ်သူ ဒေါ်ဆွေဆွေမာက ပြောသည်။

ဒေါ်စီမာကမူ သူမ နေ့စဉ်မပြတ် ဆုတောင်းလေ့ရှိသည့် ‘‘၇ ရက်သားသမီး ငြိမ်းချမ်းရေးပေးပါ။ စစ်မက်အင်္ဂါတွေလည်း မဖြစ်ကြပါစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် အသိတရားနဲ့ အသိဉာဏ်တွေရှိကြပါ’’ဟူသော စကားစုအား အဖန်တလဲလဲရွတ်ဆိုပြီး သစ်သားစင်ပေါ်မှာ မစီမာအချဉ်ပေါင်းထုပ်များကို စီစီရီရီဖြစ်အောင် ပြုလုပ်နေသည်။ မျက်လုံးများကတော့ အချဉ်ပေါင်းထုပ် လာဝယ်ကြမည့်သူများကို စောင့်မျှော်နေသည့်ဟန်ဖြင့် အိမ်ပေါက်ဝသို့ ကြည့်နေသည်။

(၃၀၊ဇူလိုင်၊ ၂၀၁၄နေ့ထုတ် 7day news Journal တွင်ဖော်ပြခံခဲ့ရသည့် ဆောင်းပါးဖြစ်ပါသည်။)

`                           ======================================

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း