ဘိုးဘိုးကြီး “မ”စပါ
တိုက်ပုံအဖြူရောင်ဝတ်ထားသည့် အသက်ခြောက်ဆယ်ကျော် အမျိုးသားကြီးတစ်ဦး၏ တိုင်တည်ရေရွတ်သံတွင် အခန်းတွင်းရှိနေသူတွေ ခေတ္တမျှငြိမ်နေသည်။ မောင်းထုသံ တဒူဒူ၊ မြင်းချူဆွဲသံ တချွင်ချွင်ကလည်း ၁၅ ပေ အကျယ်ရှိမည့် အခန်းထဲကနေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ မြို့ခံအများစုက တစ်မြို့လုံးကို စောင့်ရှောက်ပေးနေသည်ဟု ယူဆထားသည့် မန္တလေးဘိုးဘိုးကြီးအား ရှင်ပြုအလှူမလှည့်မီ လှူမည့်သားသမီး၊ ဆွေမျိုးများအား လာပြနေကြသည့်မြင်ကွင်းပင် ဖြစ်သည်။
ယခုလို တပေါင်းလအချိန်များသည် နွေရာသီကျောင်းပိတ်ချိန်ဖြစ်၍ အလှူပြုလုပ်သူမိသားစု များတတ်သည်။ ပြက္ခဒိန်ပါ ရက်ရာဇာများတွင် တစ်ရက်လျှင် ဘိုးဘိုးကြီးထံလာပြကြရသည့် အလှူပေါင်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါးထိ ရှိတတ်သည်။ ယင်းအစဉ်အလာမှာ မန္တလေးမြို့တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်သာ ရှိသေးသည်။
ယခုအခါ ရှင်ပြု၊ အလှူမင်္ဂလာများသာမဟုတ်တော့ စီးပွားရေးကျပ်တည်းမှုများ ကြုံတွေ့ရသည့် အခိုက်အတန့်အချိန်များတွင် ဘိုးဘိုးကြီးအား အားကိုးအားထားရာအဖြစ် ကိုးကွယ်အပူကပ်တောင်းဆိုလာကြခြင်းဖြစ်သည်။
‘‘စက်ပစ္စည်းဝယ်တာကအစ အလှူအတန်းလုပ်တာတွေအထိ ဘာလုပ်လုပ် ဘိုးဘိုးကြီးကို လာပြပြီးမှပဲ စိတ်ထဲမှာသန့်သွားတယ်။ မန္တလေးမှာ အားလုံးက ဘိုးဘိုးကြီးကိုကိုးကွယ်တာ မိရိုးဖလာလိုဖြစ်နေပြီ’’ဟု မန္တလေးမြို့ခံ ကိုဝင်းဇော်ဇော်ကပြောသည်။
ယခုအခါ ဘိုးဘိုးကြီးနတ်တွင်းသို့ ရှင်ပြုအလှူများသာ လာရောက်ပြသခြင်းမျိုးမဟုတ်ဘဲ ကြုံတွေ့နေရသော စီးပွားရေး၊ လူမှုရေးအခက်အခဲများ လာရောက်တိုင်တည်ရာနေရာ ဖြစ်လာသလို နှစ်လုံး၊ သုံးလုံးကစားသူများအတွက်လည်း အားကိုးအားထား တိုင်တည်စရာ ဖြစ်လာသည်။
ထို့အပြင် မန္တလေးမြို့သို့ ရွှေ့ပြောင်းအခြေချလာကြသူများကလည်း နေရာသစ်တွင် အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ဘိုးဘိုးကြီးနတ်အား မန္တလေးမြို့၏ ဆိုင်ရာပိုင်ရာနတ်အဖြစ် သတ်မှတ်ကာ ကိုးကွယ်မှုများ ပြုလုပ်လာကြသည်။
‘‘ရာထူးပိုင်းကြောင့် ရောက်လာတဲ့သူပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ရောက်လာတဲ့သူပဲဖြစ်ဖြစ် သူတို့အဆင်ပြေဖို့ ဆိုင်ရာပိုင်ရာ အာဏာပိုင်တွေလည်း ပေါင်းမယ်၊ နတ်လည်းပေါင်းမယ်ဆိုပြီး လုပ်လာကြတာတွေကြောင့် ကိုးကွယ်မှုတွေက တဖြည်းဖြည်း ကျယ်ပြန့်လာရတယ်’’ဟု စာရေးဆရာဆူးငှက်ကပြောသည်။
မန္တလေးတောင်ထိပ်သို့တက်သည့် အရှေ့ဘက်စောင်းတန်းသို့ လာရောက်သူအများစု၏ ဦးတည်ချက်မှာ တောင်ခြေမှ လှေကားထစ်ပေါင်း ၆၉ ထစ်ကို ဖြတ်ကျော်လျှင် ရောက်ရှိမည့် ဘိုးဘိုးကြီးနတ်နန်းသို့ပင်ဖြစ်သည်။
၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလများက ယင်းစောင်းတန်းမှတက်လျှင်ပင် နတ်ကိုးကွယ်ယုံကြည်သူဟူ၍ ထင်မှတ်ခံရမည်စိုးသောကြောင့် ရှောင်သွားကြသဖြင့် လူပြတ်သည်အထိ ဖြစ်ခဲ့ရသည့် ယင်းစောင်းတန်းမှာ ယနေ့အချိန်တွင် ကိုးကွယ်ယုံကြည်သူများနှင့် စည်ကားနေပြီဖြစ်သည်။
ထိုအချိန်က သာမန်အုတ်ခံ အဆောက်အအုံလေးအဖြစ်သာရှိခဲ့သော ဘိုးဘိုးကြီးဗိမာန်မှာ ယနေ့အချိန်တွင်တော့ စေတနာထက်သန်စွာ လှူဒါန်းသူများကြောင့် လေအေးစက်၊ ဝါတာကူလာ(ရေအေးစက်)များပင်ရှိနေပြီး ကော်ဇောနီကြီးများပင် တခမ်းတနား ခင်းထားသေးသည်။
ပုဏ္ဏားမျိုးနွယ်ဝင်ဖြစ်သော ဘိုးဘိုးကြီးမှာ အနော်ရထာဘုရင်လက်ထက်က အမတ်ကြီးရာထူးဖြင့် ရွှေလွှတ်တော်တွင် တာဝန်ယူခဲ့စဉ် ရွှေဖျဉ်းညီနောင်ကို မွေးစားခဲ့သည်။ အနော်ရထာဘုရင်က တောင်ပြုံးကြီးအရပ်၌ အုတ်နှစ်ချပ်လပ်သည့်ကိစ္စနှင့်ပတ်သက်၍ ရွှေဖျဉ်းညီနောင်ကို ကွပ်မျက်ခဲ့ပြီးနောက် မန္တလေးတောင်တွင် ရောက်နေသော ၎င်းအမတ်ကြီးကိုလည်း ကွပ်မျက်စေခဲ့သည့်အတွက် ယင်းနေရာတွင်ပင် ‘ဘိုးတော်နတ်’အနေဖြင့် ရှိစေခဲ့ကြောင်း မြဝတီမင်းကြီးရေးသားသော ၃၇ မင်း နတ်စာတမ်းမှ ကောက်နုတ်ကာ မန္တလေးတောင်သမိုင်းသစ်စာအုပ်တွင် ဖော်ပြထားသည်။
၁၉၈၄ ခုနှစ်က မန္တလေးမြို့လယ်ကောင်ကို ဖြတ်လောင်သည့် ဦးကျားကြီးမီးလောင်မှုမှစ၍ မြို့ခံအများစု စီးပွားရေးကျဆင်းလာမှုကြောင့် ကိုးကွယ်ရာရှာသည့်အနေဖြင့် ဘိုးဘိုးကြီးနတ်အား တစ်မြို့လုံးကိုစောင့်ရှောက်နေသည့် နတ်အဖြစ်မှတ်ယူကာ ကိုးကွယ်သည့်အပြုအမူများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြခြင်းသာဖြစ်သည်ဟု ဆရာဆူးငှက်ကရှင်းပြသည်။
ဂါရဝပြုသူများတွင် အကျပ်အတည်းများ ကြုံတွေ့မှုကြောင့် လာရောက်သူများပါဝင်သလို အလိုဆန္ဒ တစ်စုံတစ်ရာပြည့်ဝချင်သည့်ဆန္ဒများနှင့် လာရောက်သူများလည်း ပါဝင်သည်။
စီးပွားရေးအလုပ်ကိစ္စများတွင် အကြံအစည်အောင်မြင်စေရေးအတွက် မကြာခဏ လာရောက်တိုင်တည်လေ့ရှိကြောင်း၊ အကြံအစည်အောင်မြင်ပြီးလျှင်လည်း ကန်တော့ပွဲ ပြန်လာထိုးပေးလေ့ရှိကြောင်း အသက်(၅၂)နှစ်အရွယ် မြို့ခံဒေါ်မြင့်မြင့်စိုးကပြောသည်။
‘‘ဆယ်ကျော်သက်အရွယ်ကတည်းက ဘိုးဘိုးကြီးဆီ စလာတာ။ အခုထိ တောက်လျှောက် တစ်ခုခုဆို အမြဲလာတယ်။ အရင်တုန်းကတော့ အခုလို ကြီးကြီးကျယ်ကျယ်ကြီး မရှိသေးဘူး။ မလာရရင်ကို တစ်ခုခုလိုသလိုမျိုး ဖြစ်နေတတ်တယ်’’ဟု ဒေါ်မြင့်မြင့်စိုးက ထည့်သွင်းပြောသည်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်းမဖြေဆိုမီနှင့် ဖြေဆိုနေချိန်ကာလများတွင်မူ ကျောင်းသားမိဘအများစု လာရောက်ကြပြီး ၎င်းတို့သားသမီးများ ဖြေဆိုမည့် ကျောင်းအမည်၊ လိပ်စာ၊ ခုံနံပါတ်များပေးကာ ကောင်းစွာဖြေဆိုနိုင်ရေး၊ နှစ်ချင်းပေါက်အောင်မြင်နိုင်ရေး၊ ခြောက်ဘာသာဂုဏ်ထူးထွက်ရေး စသည့်အချက်များဖြင့် ဘိုးဘိုးကြီးထံ လာရောက်ကြကြောင်း ယင်းဗိမာန်တွင် နိဗ္ဗာန်ဆော်အဖြစ် ခုနစ်နှစ်ခန့်လုပ်ကိုင်ခဲ့သူ အသက်ခြောက်ဆယ်ကျော်အရွယ် ဦးမောင်အေးကပြောသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းအချိန်များတွင် တရုတ်လူမျိုးအချို့ကလည်း မြေကိစ္စများ၊ ကျောက်အရောင်းအဝယ်ကိစ္စများ အောင်မြင်ရေးအတွက် ဘိုးဘိုးကြီးထံ လာရောက်မှုများလည်းရှိသည်။ ဖားကန့်သို့ ကျောက်အဝယ်ထွက်တိုင်း ဘုရားကြီး၊ အောင်တော်မူဘုရားတို့အပါအဝင် ဘိုးဘိုးကြီးကိုပါ လာရောက်ဂါရဝပြုလေ့ရှိကြောင်း လားရှိုးမြို့ဇာတိဖြစ်သူ ရှမ်းတရုတ်အမျိုးသားတစ်ဦးကပြောသည်။ ယခုကဲ့သို့ ဘိုးဘိုးကြီးအား ဂါရဝပြုပြီးမှ ခရီးထွက်ခြင်းဖြင့် အခြားသူများ ကျောက်ရှားနေလျှင်တောင် ၎င်းတို့အတွက် အခက်အခဲမရှိ အဆင်ပြေချောမွေ့လေ့ရှိသည်ဟု ၎င်းကဆိုသည်။
ဘိုးဘိုးကြီးမှာ ပုဏ္ဏားမျိုးနွယ်ဝင်တစ်ဦးဖြစ်သည့်အတွက် ၎င်းအား ကိုးကွယ်ယုံကြည်သူများထဲတွင် မြို့ခံဟိန္ဒူလူမျိုးအများစုလည်း ပါဝင်သည်။ ဟိန္ဒူနွယ်ဖွားအများစုမှာ လူမှုရေး၊ စီးပွားရေးမှအစ အိမ်တွင်းရေးကိစ္စရပ်များအထိပါ ဘိုးဘိုးကြီးနတ်ကို လာရောက်တိုင်တည်မှု ပြုလုပ်တတ်သည်ဟု မြို့ခံဟိန္ဒူလူမျိုး အသက်သုံးဆယ်အရွယ်အမျိုးသမီးက ပြောသည်။
ယင်းဗိမာန်ကြီးတစ်ခုလုံးသို့ လာရောက်သူ လူအများအား သက်ဆိုင်ရာနတ်များသိစေရေး တိုင်တည်ရွတ်ဆိုအပ်နှံပေးရသည့် အသက်ခပ်ကြီးကြီးအရွယ် နိဗ္ဗာန်ဆော် အမျိုးသားနှစ်ဦး၊ အုန်းပွဲငှက်ပျောပွဲများကပ်ခြင်း၊ စွန့် ခြင်းများပြုလုပ်ပေးရန် ဝန်ထမ်းအမျိုးသားနှစ်ဦး စုစုပေါင်းလေးဦးနှင့် ကြီးကြပ်သူ ဘုန်းကြီးတစ်ပါးက တာဝန်ယူသည်။ နေ့စဉ် လာရောက်တိုင်တည်သူ အနည်းအများပေါ်မူတည်ပြီး ရရှိလာသည့် အလှူငွေများထဲမှ နိဗ္ဗာန်ဆော်များ၊ ဝန်ထမ်းများအား အချိုးကျခွဲဝေပေးရသည်ဟု မန္တလေးတောင်တော်အုပ်ချုပ်ရေး ဆရာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအာဒိစ္စကမိန့်ကြားသည်။
မည်သို့ပင်ဆိုစေ ယင်းနတ်နန်းသုံးနန်းရှိသော ဘိုးဘိုးကြီးဗိမာန်မှ အသက်ကြီးရင့်ပြီး အလုပ်အကိုင်မရှိဖြစ်နေရသည့် ပင်စင်စားအမျိုးသားကြီး အယောက် ၂၀ ခန့်ကို အလုပ်ပေးထားသည်။ ၎င်းတို့အားလုံးကို မန္တလေးတောင်တော်ဂေါပကအဖွဲ့က ခန့်အပ်ထားခြင်းဖြစ်ပြီး လစဉ်အလှည့်ကျတာ ဝန်ထမ်းဆောင်စေသည်ဟု ဦးအာဒိစ္စကပင် ထည့်သွင်းမိန့်ကြားသည်။
‘‘ဒီလိုနေရာမျိုးတွေက စီးပွားပျက်လေစည်လေပဲ။ နောက်လည်း ဒီတိုင်းပဲ စည်ကားနေဦးမှာပဲ။ တိုင်းပြည်မတိုးတက်သရွေ့တော့ ကိုးကွယ်ရာတွေလိုက်ရှာပြီး သတ်မှတ်နေကြဦးမှာပဲ’’ဟု ဆရာဆူးငှက်က ဘိုးဘိုးကြီးနတ်အား ကိုးကွယ်မှုအခြေအနေများ ရေရှည်ဆက်လက်တည်တံ့နေဦးမည့် အခြေအနေနှင့်ပတ်သက်ပြီး သူ့အမြင်ကိုပြောသည်။
(April 2, 2014နေ့ထုတ် 7day news Journal တွင် ဖော်ပြခံခဲ့ရသည့်ဆောင်းပါးဖြစ်ပါသည်။)
=======================
Wonderful !!!
ReplyDelete