လွမ်းမောဖွယ် မန္တလေးတက္ကသိုလ်
တက္ကသိုလ် ပင်မဆောင်ကြီးရှေ့ လှေကားထစ်ကလေးတွေမှာ ကျောင်းသားတွေ ကိုယ့်အုပ်စုလေးတွေနဲ့ ကိုယ် အဖွဲ့လိုက်ထိုင်ပြီး စနောက်နေကြတယ်။ တချို့ကလည်း နှစ်ယောက်တတွဲ လေးတွေပေါ့။
တဦးကတော့ အတန်းချိန် နောက်ကျနေလို့ ဖြစ်မယ်၊ စက်ဘီးတစီးကို သုတ်သုတ်ပျာပျာ နင်းလာပြီး ဖြစ်သလို ရပ်လိုက်တယ်။ လွယ်အိတ် နှစ်အိတ်ကို စလွယ်သိုင်းပြီး ပခုံးမှာ လွယ်ထားတယ်။ လက်ထဲမှာလည်း စာအုပ်အထူကြီး ငါးအုပ်လောက်ကို မနိုင်မနင်း ပုံစံနဲ့ ပိုက်ကာ သူရဲ့ စာသင်ခန်းရှိရာကို ပြေးသွားနေတယ်။
ပင်မဆောင်ကြီးရဲ့ အရှေ့ကွက်လပ် မြက်ခင်းပြင်ပေါ်မှာလည်း ကျောင်းသူကျောင်းသားတွေ လွတ်လွတ်လပ်လပ် ထိုင်ပြီး စကားစမြည် ပြောနေကြတယ်။ တကယ့်ကို တက္ကသိုလ် ကျောင်းသားဘဝ အပြည့်ရစေတဲ့ မြင်ကွင်းမျိုးတွေ ပေါ့။ တော်ရုံတန်ရုံ ကလေးတယောက် အဲဒီမြင်ကွင်းကို မြင်ပြီးရင် အဲဒီလို တက္ကသိုလ် ကျောင်းသားဘဝကို ခံယူနိုင်ဖို့ ကြိုးစားကြမှာ အသေအချာပါပဲ။
တကယ်တော့ ဒီမြင်ကွင်းတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေရဲ့ ပုံရိပ်တွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ချစ်သူတွေ အကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ “တခါတုန်းက တက္ကသိုလ်” ကိုရီးယား ဇာတ်ကားထဲက တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝကို ပုံဖော်ထားတဲ့ မြင်ကွင်းလေးတွေ ပါ။ အဲဒီ ဇာတ်ကားကို အမေရိကန်နိုင်ငံက ဟားဗတ် တက္ကသိုလ်ထဲမှာ ရိုက်ခဲ့တာပါ။
အဲဒီ ဇာတ်လမ်းတွဲထဲက ကျောင်းသားတွေလို တက္ကသိုလ် ကျောင်းသားဘဝ အပြည့်အဝ ရစေဖို့ ပြန်လည် ကြိုးစားနေ ရတဲ့ နာမည်ကြီး အထည်ကြီးပျက် တက္ကသိုလ်ကြီး တခုနဲ့ စာဖတ်သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။
၂၅ နှစ်ကြာ မေ့မျော သတိလစ်နေခဲ့ပြီး အခုချိန်မှာမှ တဖန် ပြန်လည် အသက်ဝင်လာတဲ့ မန္တလေးမြို့က မန္တလေး တက္ကသိုလ်ကြီးပဲ ဖြစ်ပါတယ်။
၁၉၂၅ ခုနှစ်မှာ မန္တလေး ဥပစာ ကောလိပ်အနေနဲ့ စတင် ဖွင့်လှစ်ခဲ့တဲ့ မန္တလေး တက္ကသိုလ်ကြီးကို ၁၉၄၈ ခုနှစ်မှာ မန္တလေး တက္ကသိုလ် ကောလိပ်အဖြစ် အဆင့်မြှင့်တင် ခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာတော့ မန္တလေး တက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ခဲ့တယ်။ ဒီကြားထဲမှာမှ ပညာရေးစနစ် အပြောင်းအလဲ တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် အဖြစ် ၁၉၈၀ အထိ အသွင်းပြောင်း ခဲ့ရတယ်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ကာလတွေ ကနေ ယနေ့ အချိန်ထိ တောက်လျှောက် မန္တလေးတက္ကသိုလ် ဆိုတဲ့ အမည်နဲ့ပဲ ဆက်လက် တည်ရှိခဲ့တယ်။
မန္တလေး တက္ကသိုလ်ကြီးမှာ ကျောင်းသူကျောင်းသား တွေနဲ့ အစည်ကားဆုံး အချိန်နဲ့ လွမ်းမောစရာ အကောင်းဆုံး အချိန်တွေ ကတော့ ၁၉၈၀ ပြည့်နှစ် ဝန်းကျင် ကာလတွေပဲ ဖြစ်ပါတယ်။ ၁၉၈၁ ကနေ ၁၉၈၃ ခုနှစ် အချိန်တွေ ဆိုရင် တက္ကသိုလ် ပရဝုဏ်ထဲမှာ ကျောင်းသား ကျောင်းသူ ၂ သောင်းလောက် ပုံမှန် လည်ပတ် ခဲ့ကြတယ်လို့ ရှေ့မီနောက်မီ စီနီယာ ကျောင်းသားဟောင်း ကြီးတွေက ပြောကြတယ်။
တခါတုန်းက တက္ကသိုလ် ကိုရီးယားတွဲထဲကလို မိန်းပင်မဆောင်ကြီး မျက်နှာစာ လှေကားထစ်တွေ အပြည့် ကျောင်းသူ ကျောင်းသားတွေ ထိုင်နေတတ်ကြ တာပေါ့။ အဲဒီ ပင်မဆောင်ကြီးရှေ့မှာ တိုင်ခြောက်လုံးရှိတာကြောင့် မိန်း အဆောက်အဦကို ‘တိုင်ခြောက်လုံး’ လို့ နာမည်ပြောင် အနေနဲ့ ခေါ်ကြတယ်။ အရင်ခေတ် စည်ကားချိန်ကဆို အဲဒီ တိုင်ခြောက်လုံးနဲ့ တွဲပြီး ဓာတ်ပုံမရိုက်ဘူးတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားကျောင်းသူ ဆိုတာ မရှိ သလောက်ပဲ။
တက္ကသိုလ်ဝင်းထဲမှာ ရှိတဲ့ ရွှေမန်း၊ သစ္စာ၊ မြတမာ၊ မန်းသပြေ၊ မန်းကေသီ စတဲ့ မိန်းကလေးဆောင်တွေနဲ့ အောင်မင်္ဂလာ၊ ရွှေပြည်အေး၊ ဇေယျာ၊ မန္တလာ၊ နဒီ၊ ရတနာပုံ အစရှိတဲ့ ကျောင်းသားဆောင်တွေ အားလုံး ဟာလည်း ကျောင်းသူ ကျောင်းသားတွေ အပြည့်အလျှံနဲ့ စည်ကားခဲ့တယ်။ မိန်းကလေး အဆောင်တွေရှေ့မှာ သီချင်း သွားဆိုကြ ရာကနေ တဆင့် နာမည်ကြီး အဆိုတော်တွေ ဖြစ်သွားတဲ့ သူတွေကလည်း ထုနဲ့ဒေး အများကြီး ရှိခဲ့တယ်။ စိုင်းထီးဆိုင်တို့၊ လေးဖြူတို့၊ အငဲတို့ဆိုရင် မန္တလေး တက္ကသိုလ် ကျောင်းထွက်တွေ ပေါ့။
အဲဒီ ခေတ်ကာလတုန်းက မန္တလေး တက္ကသိုလ်ကြီးမှာ လာတက်တဲ့ ကျောင်းသူကျောင်းသား တွေကို စာတခု တည်းသာ ဦးစားပေးပြီး သင်ပေးတာမျိုး မဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားရဲ့ Life (ဘဝ) နဲ့ တက္ကသိုလ် အရသာ အပြည့်ရအောင် ဆောင်ကြဉ်းပေးခဲ့တယ်။ အားကစားချိန်မှာ အားကစား၊ အဆိုအက အချိန်မှာ အဆိုအက၊ စာပေအနုပညာ ဘက်မှာ စာပေအနုပညာ ဆိုပြီး ဝါသနာတူ ကျောင်းသူကျောင်းသား အချင်းချင်းကို စုပေါင်းပြီး သွေးချင်း နီးစေခဲ့တယ်။
အဲဒီ အချိန်တုန်းက စာပေအနုပညာ အပါအဝင် နယ်ပယ်အသီးသီးမှာ နာမည်ကျော်ကြားတဲ့သူ အများစုဟာ မန္တလေး တက္ကသိုလ်ရဲ့ အရိပ်ကနေ ထွက်ပေါ်ခဲ့သူတွေ ချည်းပါပဲ။
အထက်မြန်မာနိုင်ငံ တခုလုံးရှိ တောင်ပေါ် မြေပြန့် တိုင်းရင်းသား အားလုံးဟာ မန္တလေး တက္ကသိုလ်ကြီးရဲ့ အရိပ်ကို တစုတစည်းတည်း ခိုလှုံကြတယ်။ အိမ်ကမိဘတွေကလည်း သူတို့သားတွေ သမီးတွေ မန္တလေးတက္ကသိုလ် ကျောင်းသူကျောင်းသား ဖြစ်တာကို ဂုဏ်ယူလို့ မဆုံးပေါ့။
သူတို့ ဂုဏ်ယူမယ် ဆိုလည်း ဂုဏ်ယူလောက် ပါပေတယ်။ အဲဒီ ကာလတွေတုန်းက မန္တလေးတက္ကသိုလ်ဟာ အရှေ့တောင် အာရှမှာ ရန်ကုန်တက္ကသိုလ် ပြီးရင် ဒုတိယမြောက် အကြီးကျယ်ဆုံး တက္ကသိုလ်လို ဖြစ်ခဲ့တာကိုး။ အခုအချိန်မှာ အရမ်း တိုးတက်နေပြီ ဖြစ်တဲ့ စင်ကာပူလို နိုင်ငံမျိုးကတောင် မန္တလေးတက္ကသိုလ်ကို လာရောက်ပြီး လေ့လာ အတုယူရတဲ့ အချိန်တွေ ဖြစ်ခဲ့တာလေ။
အခုအချိန်မှာတော့ မန္တလေး တက္ကသိုလ်ထဲမှာ ကျောင်းသူ ကျောင်းသားပေါင်း နှစ်ထောင်လောက်နဲ့ ပြန်လည် လည်ပတ်နေပါပြီ။ အစည်ကားဆုံး အချိန်နဲ့ နှိုင်းယှဉ်ရင်တော့ အခုအချိန်မှာ မန္တလေးတက္ကသိုလ် စည်ကားတာဟာ ဘာမှ မပြောပလောက် ပေမယ့် ဟိုးအရင် အစည်ကားဆုံး ကာလနဲ့ လက်ရှိကာလ အကြား ၂၅ နှစ်တာ ကာလ အတွင်း နှိုင်းယှဉ် ကြည့်မယ် ဆိုရင်တော့ အခုအချိန်က စည်ကားနေချိန်လို့ ဆိုရမှာပါ။ ဆယ်စုနှစ် နှစ်ခု ကျော်လောက် ခြောက်ကပ်ကပ် ဖြစ်ခဲ့တဲ့ မန္တလေး တက္ကသိုလ် ပရဝုဏ်ဟာ တက္ကသိုလ်ရဲ့ သင်္ကေတတွေ ဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြန်လည် အသက်ဝင်စ ပြုနေပါပြီ။
၁၉၈၈ ခု နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရ အုပ်ချုပ်စဉ် ကာလတွေ အတွင်းမှာ မန္တလေး တက္ကသိုလ်ထဲမှာ စုပေါင်း ရှိနေတဲ့ ကျောင်းသူကျောင်းသား တွေကို မန္တလေးမြို့နဲ့ ဝေးတဲ့နေရာမှာ ရတနာပုံ တက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်တွေကို တည်ထောင်ပြီး ကျောင်းသူ ကျောင်းသားတွေကို တကွဲတပြားစီ ပြန့်ကျဲ စေခဲ့တယ်။
မန္တလေး တက္ကသိုလ်မှာ ဘွဲ့ကြို ကျောင်းသူကျောင်းသား လက်မခံတော့တဲ့ အတွက် အရမ်းကို ခြောက်ကပ်သွား ခဲ့တယ်။ အဲဒီ တက္ကသိုလ်တွေ ကနေ အောင်မြင်လာပြီး ဘွဲ့လွန်တို့ ပါရဂူတန်းတို့ တက်တဲ့လူတွေကိုသာ မန္တလေး တက္ကသိုလ်ထဲမှာ လာရောက် တက်စေခဲ့တယ်။ တက္ကသိုလ် ပရဝုဏ်ကြီးထဲမှာ စုစုပေါင်း ရေတွက်ကြည့်မှ ကျောင်းသူ ကျောင်းသား နှစ်ရာလောက်သာ ကျန်တော့တဲ့ အချိန်တွေပေါ့။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန် ၂၀၁၂ အကျော်အထိ အဲဒီလို စနစ် ကျင့်သုံးခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် လောက်မှာတော့ ငြိမ်သက်နေတဲ့ မန္တလေးတက္ကသိုလ်ကို ပြန်အသက်သွင်းဖို့ ထူးချွန်ကျောင်းသား အစီအစဉ်ကို စတင် အကောင်အထည် ဖော်ခဲ့တယ်။ တက္ကသိုလ် ဝင်တန်းကနေ ထူးချွန်ပြီး အောင်မြင်လာတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် ဘာသာရပ် ၂၀ ကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်။
အခု ၂၅ နှစ်ကျော်ပြီးတဲ့ အချိန်မှာတော့ မန္တလေးတက္ကသိုလ်ဟာ အရင် စည်ကားစဉ် အချိန်တွေကလို ပြန်လည် နိုးကြွဖို့ ဟန်ရေးတပြပြ ပြန်ဖြစ်နေပါပြီ။
မန္တလေးမြို့ပြင်ပက ကျောင်းသူကျောင်းသားတွေ အတွက် အဆောင်တွေ ပြန်ပြီး နေရာချပေး လာတယ်။ ဟိုအရင် ခေတ်က စည်ကားချိန်တွေကလို တက္ကသိုလ် ပရဝုဏ်ကြီး တခုလုံးက ကျောင်းသူကျောင်းသားတွေ စုပေါင်း လုပ်တဲ့ ဆည်းဆာပွဲတွေ၊ ဈေးရောင်းပွဲတော်တွေ၊ နှစ်ပတ်တကြိမ် စာပေ ဟောပြောပွဲတွေ၊ အဆောင်တွင်း ဒင်နာ (ညစာ စားပွဲ) တွေ၊ အဆောင်တွင်း ဆွေးနွေးပွဲတွေ အကုန်လုံး ပြန်လုပ်နေတယ်။ ကျောင်းသူကျောင်းသားတွေ အခမဲ့ ကစားနိုင်မယ့် အားကစား ခန်းမလည်း ဖွင့်ပေးထားတယ်။
၁၉၈၀ ဝန်းကျင် အချိန်တွေက ကျောင်းသူ ကျောင်းသားကြီးတွေ ခံစားခဲ့ကြရတဲ့ ကျောင်းသားဘဝမျိုး ရဖို့ အလုံးစုံ ပြင်ဆင် ပြောင်းလဲမှုတွေ ပြန်လုပ်နေတာ တော်တော်များများ တွေ့နေရပါတယ်။ အရင်ခေတ်ကထက် ပိုပြီး သာလွန်လာတဲ့ အချက်တွေလည်း များစွာ ထွက်ပေါ်လာပါတယ်။
ပထမ အချက်ကတော့ အင်တာနက် ဝိုင်ဖိုင် အခမဲ့ သုံးခွင့်ကို ကျောင်းဆောင်တွေ၊ လူနေဆောင်တွေမှာ ဗုံးပေါလအော တပ်ဆင် ပေးထားတာပဲ ဖြစ်ပါတယ်။
ညနေခင်း ကျောင်းနားချိန်တွေမှာ မန္တလေး တက္ကသိုလ်ထဲ လာကြည့်ရင် တိုင်ခြောက်လုံးလို့ ခေါ်တဲ့ ပင်မ ကျောင်းဆောင်ကြီး ရှေ့က လှေကားထစ်တွေနဲ့ နေရိပ်တဲ့ မြက်ခင်းပြင်တွေမှာ ကိုယ်ပိုင် ကွန်ပျူတာလေးတွေ၊ ဖုန်းလေးတွေနဲ့ အင်တာနက် သုံးနေကြတဲ့ ကျောင်းသား လူငယ်လေးတွေကို တွေ့ကြရမှာပါ။ တခါတလေ မန္တလေး တက္ကသိုလ် ကျောင်းသူကျောင်းသား မဟုတ်တဲ့ မြို့ခံ တချို့တောင် ကျောင်းပရဝုဏ် အတွင်းမှာ အခမဲ့ အင်တာနက် လာသုံးတတ်ကြတယ်။
မန္တလေး တက္ကသိုလ်မှာ အရင်ခေတ်တွေထက် သာတဲ့ နောက်ထပ် တချက်ကတော့ နိုင်ငံခြား တက္ကသိုလ်တွေနဲ့ ချိတ်ဆက် ထားနိုင်ခြင်းပါပဲ။ ကျောင်းသူ ကျောင်းသားတွေရော၊ ဆရာဆရာမတွေပါ နိုင်ငံခြား ပညာသင်ခရီးတွေ မကြာမကြာ ထွက်လို့ ရလာပါပြီ။ ကျောင်းသားတွေ ကိုယ်တိုင် စီစဉ်ထားတဲ့ နိုင်ငံခြား လေ့လာရေး ခရီးစဉ်တွေ ကိုလည်း ရှောရှောရှူရှူ ခွင့်ပြုထားတယ်။
စစ်အစိုးရ အုပ်ချုပ်စဉ် လွန်ခဲ့တဲ့ ၂၅ နှစ်ကထက် သာလွန်တဲ့ အချက်ကို ပြပါဆိုရင်တော့ ဝတ်စားဆင်ယင်မှု အပိုင်းနဲ့ ကျောင်းသားဆရာ ဆက်ဆံရေး အပိုင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ အရင်က ပုဆိုး ထမီ ဝတ်ဆင်မှသာ ပင်မ ကျောင်းဆောင်ကြီးထဲ ဝင်ရောက်ခွင့် ရပေမယ့် အခုအချိန်မှာတော့ လုံခြုံမှုရှိတဲ့ အပြင်အဆင်မျိုးနဲ့ ဆိုရင်ကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့် ရနေပါပြီ။ ကျောင်းသား ဆရာ ဆက်ဆံရေး အပိုင်းမှာလည်း ဟိုး လွန်ခဲ့တဲ့ ၁၉၈၀ ဝန်းကျင်တွေကလို အတူ လက်ဖက်ရည်ဆိုင်ထိုင် ဆွေးနွေးတိုင်ပင် နေခဲ့ကြတဲ့၊ နွေးထွေးတဲ့ ဆရာတပည့် ဆက်ဆံရေးတွေ ထူထောင် နေနိုင်ပြီလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလို ကျောင်းသားဘဝ အပြည့်အဝ ခံစားရတဲ့ ထူးချွန်ကျောင်းသား အစီအစဉ်ဟာ မန္တလေး တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်မှာပဲ ကျင့်သုံးနေတာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းကို အမှတ်မြင့်မြင့်နဲ့ အောင်တဲ့ ကျောင်းသားကိုမှ ထူးချွန် ကျောင်းသားလို့ သတ်မှတ်ပြီး တက်ရောက်ခွင့် ပြုထားတာပါ။ အဲဒီလို ထူးချွန်ကျောင်းသား တွေကိုသာ ရွေးထုတ်ပြီးခေါ်ယူတဲ့ အစီအစဉ်ကြောင့် တခြား တက္ကသိုလ်တွေက ကျောင်းသူကျောင်းသား တွေနဲ့ ကျောင်းသားအချင်းချင်း အကြားမှာ သွေးခွဲသလို ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိနေတယ်။
၂၀၁၃ ခုနှစ်က စတဲ့ ထူးချွန်ကျောင်းသား စနစ်ကြောင့် အခုအချိန်မှာ မန္တလေး တက္ကသိုလ်ထဲမှာ ကျောင်းသူ ကျောင်းသား နှစ်ထောင် လောက်သာ ရှိနေသေးတယ်။ ဟိုအရင် အစည်ကားဆုံး အချိန်တွေ တုန်းကလို တက္ကသိုလ်ဟာ တက္ကသိုလ်နဲ့ တူပြီး ပြန်လည်စည်ကား အသက်ဝင်ဖို့ ဆိုရင် မန္တလေး တက္ကသိုလ်အနေနဲ့ လက်ရှိ အခြေအနေ လေးလောက်နဲ့ တင်းတိမ်မနေဘဲ အများကြီး ထပ်ကြိုးစားဖို့တော့ လိုပါဦးမယ်။
ဘာပဲပြောပြော သက်တမ်း နှစ် ၉၀ ပြည့်ခဲ့ပြီ ဖြစ်တဲ့ မန္တလေး တက္ကသိုလ်ကြီးဟာ တခေတ်တခါက ထင်ရှား ကျော်ကြားခဲ့ပြီး အမိတက္ကသိုလ် ရင်ခွင်မှာ ခိုလှုံခဲ့တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကို အေးမြစေခဲ့တယ်၊ ပြည့်စုံစေခဲ့တယ်၊ လွမ်းမောစရာတွေ အပြည့်ရှိနေခဲ့တယ် ဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ။
Comments
Post a Comment