အင်းတော်မြို့ကစည်လုပ်ငန်း

အင်းတော်မြို့က စည်လုပ်ငန်း
ဓာတ်ပုံ - အေးမွန်ရာပြည့်
(ဧရာဝတီသတင်းစာမျက်နှာ)
စည်တော်ကြီး၊ ဆိုင်းဝိုင်း၊ ဒိုးပတ်၊ ရှမ်းအိုးစည်အစရှိတဲ့ တူရိယာတွေ ထုတ်လုပ်နေတဲ့ ဆရာပွဲရဲ့ စည်လုပ်ငန်းက ပုံတွေပါ။ 
မြန်မာပြည်အထက်ပိုင်းမှာတော့ ဆရာပွဲရဲ့စည်လုပ်ငန်းဟာ တော်တော်နာမည်ကျော်တယ်။ အင်းတော်မြို့နဲ့အနီးတဝိုက်သာမက မြန်မာပြည်အထက်ပိုင်းဒေသတော်တော်များများကို ပို့နေရတယ်။ အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ကသာမြို့ကနေ အင်းတော်မြို့အထိ ၁၈ မိုင်ဝေးပါတယ်။ 
၁၉၇၁ လောက်ကစပြီး စည်လုပ်ငန်းလုပ်ခဲ့တာဖြစ်လို့ အခုဆိုရင် ဆရာပွဲရဲ့စည်လုပ်ငန်းလုပ်သက်ဟာ ၄၅ နှစ်ထဲရောက်နေပါပြီ။ အထက်ပိုင်းကထွက်တဲ့ သစ်တွေရဲ့ အရည်အသွေးကောင်းမှုကြောင့် စည်တွေရဲ့ အရည်အသွေးဟာ တခြားဒေသထုတ် စည်တွေထက်ပိုပြီး အရည်အသွေး ပိုကောင်းတာဖြစ်တယ်လို့ အဲ့ဒီလုပ်ငန်းက တာဝန်ရှိသူ ဦးကျော်ညွန့်က ပြောတယ်။
 ပွဲရှိတဲ့ တပို့တွဲ တပေါင်းတန်ခူးကာလတွေမှာကတော့ ရောင်းအားကောင်းတတ်ပြီး ပွဲမရှိတဲ့အချိန်တွေမှာတော့ ရောင်းအားပါးတယ်။ လုံးဝ မရောင်းရတာမျိူးတော့ မရှိဘူးလို့ ဦးကျော်ညွန့်က ပြောပါတယ်။ စည်ထုတ်လုပ်ဖို့ ကုက္ကို၊ ယမနေနဲ့ သရက်အစရှိတဲ့ အသားတွေကို အသုံးပြုပါတယ်။
ထုတ်လုပ်ပုံအဆင့်တွေကတော့ ဒီလိုပါ။ ပထမဆုံး စည်အရွယ်အစားအလိုက်ပေါ် မူတည်ပြီး သစ်တုံးအရွယ်အစားကို ရွေးတယ်။ သစ်တုံးကိုချောအောင် ရွေထိုးတယ်။ ပွတ်ထိုးတယ်။ ပြီးရင် အခေါင်းထွင်းတယ်။ ထွင်းထားပြီးသား စည်အလွတ်ကို မ ကြည့်တာ တော်တော် လေးပါတယ်။ ထွင်းပြီးနောက်ဆုံးအဆင့်တွေမှာတော့ သားရေနဲ့ပြန်ကြပ်တယ်။ သားရေကိုတော့ နွားသားရေနဲ့ ကျွဲသားရေတွေ သုံးပါတယ်။ 
စည်အကြီးအသေး အရွယ်အစားပေါ်မူတည်ပြီး ငွေကျပ်နှစ်ထောင်ကနေ ကျပ်ဆယ်သိန်းအထိ ပေးရတယ်။ တနိုင်ငံလုံးမှာ အခုလို စည်တူရိယာတွေ ထုတ်လုပ်တဲ့လုပ်ငန်း တော်တော်နည်းသွားပါပြီ။ မြန်မာပြည်အလယ်ပိုင်းက ပျော်ဘွယ်မြို့နယ်ထဲမှာတော့ ဒီလိုစည်လုပ်ငန်းတွေရှိနေပါသေးတယ်တဲ့။







Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ