ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)

မြန်မာလူမျိုးတွေက လာဘ်ကောင်အဖြစ် ဆောင်လေ့ရှိတဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တို့လို ဂျပ်စက္ကူအရုပ်တွေ ဘယ်ကလာသလဲ လမ်းစရှာကြည့်ရင် စစ်ကိုင်းမြို့အနီးက ကန္နားတော်ရွာကို တွေ့ရပါမယ်။ ကန္နားတော်ရွာက ဂျပ်စက္ကူ အရုပ်လေးတွေကို ရွာလုံးကျွတ်ထုတ်လုပ်တဲ့ မြန်မာနိုင်ငံက တခုတည်းသော ရွာကလေးပါ။ ရွာလေးက သေးသေးလေးဆိုပေမယ့် သူ့ရဲ့ သမိုင်းကြောင်းနဲ့ ရာဇဝင်ကတော့ မသေးလှပါဘူး။ ရွာရဲ့သက်တမ်း နှစ်ပေါင်း ရာနဲ့ခဲ့ပါပြီ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က အင်းဝဘုရင် ဒုတိယ ဘုရင်မင်းခေါင် တည်ထားခဲ့တဲ့ အဘယဘုရားနဲ့အတူ ဆက်စပ်ပြီး ဖြစ်တည်ခဲ့တဲ့ ရွာကလေးပါ။  အဘယဘုရားရဲ့ အနောက်ဘက်မှာရှိတဲ့ နတ်ကွန်းမှာ ကန္နားပေးလေ့ ရှိရာကတဆင့် ကန္နားတော်ရွာဆိုပြီး ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။

အခု စာဖတ်သူတွေကို တင်ပြမှာကတော့ ကန္နားတော်ရွာအကြောင်း မဟုတ်ပါဘူး။ ကန္နားတော်ရွာက ရိုးရာလက်ဖြစ် ဂျပ်စက္ကူ ရုပ်လုပ်ငန်း အကြောင်းပဲ ဖြစ်ပါတယ်။

ကန္နားတော်ရွာမှာ ဂျပ်စက္ကူ ရုပ်တွေ စတင်ပြုလုပ်ခဲ့တာကတော့ နှစ်ပေါင်း ၁၀၀ လောက်ရှိပါပြီ။ တရွာလုံးမှာ အရုပ်အဓိကလုပ်တဲ့ အိမ်စုစုပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေကလည်း တနိုင်တပိုင်အရုပ်တွေ လုပ်ကြတယ်။ ကန္နားတော်ရွာနားက ဂုံညှင်းတောင်ရွာနဲ့ ညောင်ကုန်းအရှေ့အရပ်ဆိုတဲ့ ရွာတွေမှာလည်း အရုပ်တွေလုပ်တယ်။ အဓိကလုပ်တာကတော့ ကန္နားတော်ရွာပါပဲ။ နောက်ပိုင်းမှာမှ ကန္နားတော် ရွာသူရွာသားတွေဟာ တနယ်တကျေးတွေမှာ အိမ်ထောင်ရက်သားတွေကျပြီး နိုင်ငံတွင်း နေရာတော်တော်များများမှာ လုပ်ငန်းအသေးလေးတွေ၊ တနိုင်တပိုင် လုပ်ငန်းလေးတွေအဖြစ် ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

ကန္နားတော်ရွာဟာ ဟိုလွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က နတ်တင်ဖို့ နတ်မြင်းရုပ်တွေကို သစ်သားနဲ့ ပြုလုပ်ရောင်းချခဲ့တယ်။ မြင်းရုပ်တွေကနေတဆင့် ကလေးတွေအကြိုက်တွေ့မယ့် သစ်သားရုပ်တွေ အမျိုးစုံ ပြုလုပ်လာတယ်။ အဲဒီခေတ်ကတော့ သစ်သားတွေကို အရုပ်ပုံသဏ္ဌာန်ခုတ် (ပုံသွင်း) တယ်။ ပုံဖော် ဆေးသုတ်တယ်။ ဈေးကွက်တင် ရောင်းချကြတယ်။ 

ဒါပေမယ့် နောက်ပိုင်းမှာတော့ အရုပ်ခုတ်တဲ့ သစ်သားတွေ ရှားပါးလာတာကြောင့် အသားနေရာမှာ ဂျပ်စက္ကူ ရုပ်တွေကို တဖြည်းဖြည်း အစားထိုးခဲ့တယ်။ အခုချိန်မှာတော့ ကန္နားတော်ရွာမှာ စက္ကူ ရုပ်တွေသာ အများဆုံးထုတ်လုပ်နေကြပါပြီ။ ဒါကတော့ ကန္နားတော်ရွာက ဂျပ်စက္ကူအရုပ်တွေရဲ့ ရာဇဝင်ပဲ ဖြစ်ပါတယ်။
ကန္နားတော်ရွာကနေ ပစ်တိုင်းထောင်၊ ဇီးကွက်၊ ဖိုးဝ၊ ကျား၊ ခွေး၊ မြင်းနဲ့ ဆင် အစရှိတဲ့ အရုပ်တွေကို အများဆုံး ထုတ်ပါတယ်။ ဝန်ကြီးခေါင်းဆောင်း၊ စစ်သူကြီး ဗန္ဓုလခေါင်းဆောင်းတွေနဲ့ တခြားအရုပ်တွေကိုလည်း အော်ဒါရရင် ရသလို လုပ်ပေးနေရသေးတယ်။ ဖိုးဝရုပ်တရုပ်ကလွဲရင် ကျန်တဲ့အရုပ်တွေကို လွန်ခဲ့တဲ့နှစ် ၁၀၀ နီးပါးကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖိုးဝရုပ်ကိုတော့ ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ် (Visit Myanmar Year) အထိမ်းအမှတ်နဲ့ စတင်ပြုလုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဇီးကွက်၊ ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ်တွေက လွဲပြီး ကျန်တဲ့တိရစ္ဆာန်ရုပ်တွေဟာ ခေါင်းအသေနဲ့ ခေါင်းအရှင်ဆိုပြီး ၂ မျိုး ရှိပါသေးတယ်။ အရုပ်ကိုယ်ထည်နဲ့ တဆက်စပ်တည်းရှိတဲ့ အရုပ်တွေကတော့ ခေါင်းသေဖြစ်ပြီး ကိုယ်ထည်နဲ့ ခေါင်းအကြား တဆက်စပ်တည်း မဖြစ်တဲ့ အရုပ်တွေကတော့ လှုပ်လို့ရတဲ့ ခေါင်းအရှင်တွေပါ။ခေါင်းနဲ့ကိုယ်ကို တဆက်တည်း မဟုတ်ဘဲ အရှင်ထားတဲ့အပြင် ခေါင်းကို ငြိမ်ငြိမ်မနေဘဲ လှုပ်နေအောင် လည်ပင်းရဲ့ အခြေအရင်းပိုင်းမှာ အလေးချိန်စီးဖို့  ရွှံ့စေးထည့်ထားရတာပါ။
အရုပ်တွေလုပ်ဖို့ အဓိကကုန်ကြမ်းကတော့ စက္ကူနဲ့ ကော်ပဲ ဖြစ်ပါတယ်။ စက္ကူမှာမှ အရုပ်အမျိုးအစားပေါ် မူတည်ပြီး သတင်းစာစက္ကူ၊ ဘိလပ်မြေထည့်တဲ့စက္ကူ၊ ရွှေရောင်စက္ကူဆိုပြီး အမျိုးမျိုးအသုံးပြုပါတယ်။
အရုပ်တခုချင်းစီမှာ အရွယ်အစားအလိုက် လက်ပံသားနဲ့ လုပ်ထားတဲ့ အမာခံ (မို) အရုပ်တွေ ရှိတယ်။ အရုပ်တွေပေါ်မှာ လိုင်းရာလေးတွေ ထွင်းထားတယ်။ သစ်သားမိုအရုပ်တွေပေါ်မှာမှ ကော်နဲ့ စက္ကူနဲ့ အထပ်ထပ်မံထားတဲ့ စက္ကူပျော့ဖတ်တွေကို ကပ်ပြီး ပုံဖော်တယ်။ ပြီးရင် နေနဲ့ ၂ နာရီလောက် အခြောက်ခံတယ်။ ဖန့်သွားပြီဆိုရင် အရုပ်မှာထွင်းတဲ့ လိုင်းတွေအလိုက် စက္ကူဂျပ်တွေကို ခွဲတယ်။ အတွင်းက အသားမိုရုပ်ကို ပြန်ထုတ်ယူတယ်။ ဂျပ်စက္ကူရုပ် အခေါင်းလိုက်ကြီးပဲ ကျန်သွားပြီဆိုရင် ခွဲရာကြောင်းတွေကို တခါ စက္ကူနဲ့ ပြန်ပိတ်တယ်။ ဒီအဆင့်တွေ ပြီးရင်တော့ အရုပ်အမျိုးအစားအလိုက် ရွှေရောင်စက္ကူ၊ ဘိလပ်မြေစက္ကူတွေ သင့်တော်သလို ကပ်တယ်။ နောက်တခါ နေထပ်လှန်းပြန်တယ်။ ပြီးရင် အကောင်အလိုက် အမြီးတို့၊ ခေါင်းတို့၊ နှာမောင်းတို့ တပ်တယ်။ အားလုံးပြီးလို့ နောက်ဆုံးအဆင့်ကျမှ ဆေးသုတ်၊ ဒီဇိုင်းပုံဖော်တယ်။ ဒါတွေ အကုန်ပြီးရင်တော့ ဈေးကွက်မှာတင်ရောင်းဖို့ အဆင့်သင့်ဖြစ်တဲ့ အရုပ်တွေကို ရပါပြီ။
အရုပ်တွေကို မန္တလေးမြို့ မဟာမုနိဘုရားကြီးက ဆိုင်တွေကို အများဈေးနဲ့ ပို့ကြတယ်။ ဘုရားကြီးက ဆိုင်တွေကနေမှတဆင့် တခြားနယ်တွေကို အများပြန်ဖြန့်ရောင်းကြတာ။ တရွာလုံးက အရုပ်လုပ်ကြတဲ့အိမ်တွေဟာ ဘုရားပွဲတော် အကြီးကြီးတွေမှာ ၁၂ ပွဲဈေး သွားရောင်းကြတယ်။ ပွဲတော်ကာလမဟုတ်တဲ့ အချိန်တွေမှာတော့ ပွဲတော်ချိန်မှာ ရောင်းနိုင်ဖို့ ကိုယ့်အိမ်တွေမှာ ကိုယ်အရုပ်တွေ လုပ်ကြတယ်။ ကန္နားတော်ရွာက အရုပ်လုပ်သူတွေဟာ ၁ နှစ်ပတ်လုံးမှာ အရုပ်လုပ်တဲ့အချိန်နဲ့ အရုပ်ရောင်းတဲ့အချိန်ဆိုတဲ့ ကာလနှစ်ခုနဲ့သာ နေကြတယ်။
အရုပ်သွားရောင်းတဲ့အခါမှာလည်း စစ်ကိုင်းက ဘုရားပွဲတွေတင်မကဘူး မုံရွာ၊ ရွှေဘို၊ ရွှေစက်တော်၊ ကျောင်းတော်ရာ စတဲ့ ဘုရားပွဲကြီးတွေအထိ သွားရောင်းကြတယ်။ ပွဲတော်ကာလတွေမှာဆို ကလေးကစားတဲ့အရုပ်တွေ ရောင်းရသလို ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တွေလို လာဘ်ကောင်တွေကလည်း အရောင်းသွက်လှပါတယ်။
ကလေးတွေအတွက် ပျော်စရာ ဖျော်ဖြေရေးတွေ အများကြီးရှိတဲ့ အရုပ်ပေါင်းများစွာ ပေါများလွန်းလှတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ဒီလို ဂျပ်စက္ကူရုပ်တွေရဲ့ ရောင်းအားဟာ သိသိသာသာ ကျဆင်းသွားတာမျိုး မရှိသေးဘူး။ ဒီနေ့အချိန်ထိ တွင်တွင်ကျယ်ကျယ် ရောင်းနေရဆဲဖြစ်တယ်လို့ ကန္နားတော်ရွာက အရုပ်လုပ်ငန်း လုပ်သူတွေက ပြောကြတယ်။ မြန်မာနိုင်ငံမှာ ကျေးလက်နေသူဦးရေက မြို့နေဦးရေထက် ပိုမိုများပြားလှတာကြောင့် ကျေးလက်က ကလေးတွေ ဒီအရုပ်တွေကို စွဲစွဲမြဲမြဲ ဆော့နေသရွေ့ ဒီစက္ကူရုပ်လုပ်ငန်းဟာ ကျဆင်းသွားမှာ၊ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ဆိုကြတယ်။ ကျေးလက်က ကလေးမိဘတွေက တန်ဖိုးမြင့်တဲ့ အရုပ်တွေကို လက်လှမ်းမမီလို့ ဂျပ်စက္ကူ အရုပ်ကလေးတွေနဲ့ပဲ သားသမီးကို နှစ်သိမ့်စေရတာလည်း ဖြစ်ပါမယ်။
ရွှေရောင်ဇီးကွက်နဲ့ ပစ်တိုင်းထောင် လာဘ်ကောင်အရုပ်ကိုတော့ စီးပွားရေးလုပ်တဲ့ပွဲရုံတွေ၊ ဈေးဆိုင်တွေမှာ လာဘ်ကောင်အဖြစ်နဲ့ ဆောင်ကြတယ်။  မြန်မာလူမျိုးတွေနေတဲ့ အိမ်အများစုကလည်း ကျက်သရေဆောင်အနေနဲ့ ထားဖို့ ဝယ်ကြတယ်။
အရုပ်တွေဟာ စက္ကူပေါ်မှာ သဘောၤဆေးသုတ်ထားတာ ဖြစ်လို့ ရေစိုမိုးစို တာရှည်မခံပါဘူး။ ကလေးဆော့တဲ့ အရုပ်ဖြစ်ဖြစ်၊ လာဘ်ကောင်ထားတဲ့ အရုပ်ဖြစ်ဖြစ် ၁ နှစ်လောက်နေရင် အရောင်မှိန်သွားပြီး ကြည့်မကောင်းတော့ပါဘူး။
ဇီးကွက်ရုပ်ကို လာဘ်ကောင်အဖြစ် ဆောင်တဲ့ စီးပွားရေးလုပ်သူတွေက သူတို့ဇီးကွက်အရုပ်ကို ဆေးမှိန်မခံပါဘူး။ ၁ နှစ် ၁ ခါ လဲလေ့ရှိကြတယ်။ တချို့ကလည်း သူတို့အတွက် လာဘ်ကောင်းတဲ့အရုပ်ကို မစွန့်ပစ်ချင်ကြတာကြောင့် အရုပ်ဟောင်းပေါ်မှာပဲ ဆေးသစ်ပြန်သုတ်ခိုင်းကြတာမျိုးလည်း ရှိတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ အဲ့ဒီလို အရုပ်လဲလှယ်တာတွေကို ၁ နှစ် ၁ ခါ ဘုရားပွဲတွေမှာသာ လုပ်လေ့ရှိတာကြောင့် ဂျပ်အရုပ်လုပ်သူတွေအတွက် နှစ်စဉ် ဘုရားပွဲတိုင်း ရောင်းလိုအား ကောင်းနေတတ်တယ်။  လူတဝပ် (လူတယောက် ဝပ်နေသည့်အရွယ်) လောက်ရှိမယ့် ဇီးကွက်ရုပ်နှစ်ကောင်ပါတစုံကို ငွေကျပ် ၁၀၀၀၀ နဲ့ ရောင်းရတယ်။
နိုင်ငံခြားသားတွေကတော့ လက်တဆစ်အရွယ်လောက်ရှိတဲ့ သစ်သားနဲ့လုပ်တဲ့ ဇီးကွက်ရုပ်လေးတွေ၊ လက်လေးလုံးလောက်ရှိတဲ့ အရုပ်လေးတွေကို အမှတ်တရနဲ့ ဝယ်ကြတယ်။
စက္ကူရုပ်လုပ်သူတွေဟာ ပွဲတော်ချိန်ကာလရောက်မှသာ အေးအေးလူလူပုံစံနဲ့ အရုပ်တွေ ရောင်းနိုင်တာပါ။ ပွဲမရှိတဲ့အချိန်တွေမှာတော့ ရွာမှာပဲ အရုပ်တွေ တကုပ်ကုပ်လုပ်နေကြရတာပါ။
ကန္နားတော်ရွာခံအများစုဟာ တခြားသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်ဖို့ထက် ဟိုတုန်းကတည်းက မိရိုးဖလာ လုပ်ကိုင်ခဲ့ကြတဲ့ ဂျပ်စက္ကူရုပ်လုပ်ငန်းတခုကိုသာ ရင်းနှီးကျွမ်းဝင်မှု ရှိကြတယ်။ အရုပ်ဒီဇိုင်းအသစ်တွေ ထပ်မံထုတ်လုပ်ဖို့၊ ရှိပြီးသားအရုပ်တွေကို အဆင်မြှင့်တင်ဖို့ထက် မိရိုးဖလာအတိုင်းသာ ရိုးရိုးတန်းတန်းကြီးတွေ လုပ်ကိုင်နေကြတယ်။ ဒါကြောင့် အရုပ်တွေကို ကြည့်လိုက်ရင် ခေတ်နောက်ကျ နေပြီဆိုတာ ချက်ချင်းသိနိုင်တယ်။
ဒီနေ့ခေတ်လို ကမ္ဘာကြီးဟာ ရွာသဖွယ် ဖြစ်နေတဲ့အချိန်မှာ ခေတ်မီနည်းစနစ်နဲ့ လုပ်ထားတဲ့ အရုပ်တွေ မြန်မာနိုင်ငံကို အများကြီး ဝင်ရောက်နေပါပြီ။ မြန်မာ့လာဘ်ကောင် ဇီးကွက်ရုပ်နေရာမှာ တရုတ်ကလာတဲ့ ဘက်ထရီအားနဲ့ လှုပ်ရှားတဲ့ ကြောင်လာဘ်ခေါ်ရုပ်က နေရာဝင်ယူလာနေပါပြီ။
ဒီလိုခေတ်အချိန်မျိုးမှာ ရိုးရာလက်ဖြစ် ဂျပ်စက္ကူရုပ်ကလေးတွေဟာ ဘယ်လောက်အထိ ခရီးပေါက်အောင် ဆက်သွားနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/109762

Comments

Popular posts from this blog

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

အင်းတော်မြို့ကစည်လုပ်ငန်း