မလုံခြုံတော့သော ဆိုင်ကယ်မြို့တော် မန္တလေး

မြန်မာနိုင်ငံကြီးတခုလုံးမှာ ဗဟိုချက်မမြို့အဖြစ် တည်ရှိတဲ့မြို့။ နိုင်ငံရဲ့ အအလယ်ခေါင်တည့်တည့်မှာ ရှိလို့ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက် မြို့တွေအသီးသီး လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းကို ဖြစ်ထွန်းတဲ့မြို့။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းနေပြည်တော် အုပ်ချုပ်ခဲ့တဲ့မြို့။ အထက်က အချက်တွေ အားလုံးကတော့ မန္တလေးမြို့ကို ရည်ညွှန်းနေတယ်ဆိုတာ စာဖတ်သူတွေလည်း ရိပ်မိပြီး ဖြစ်လောက်ပါပြီ။

မြန်မာတွေရဲ့ ထီးဟန်နန်းဟန်တွေကို မြင်တွေ့နေရဆဲ ဖြစ်လို့ ယဉ်ကျေးမှုမြို့တော်ဆိုပြီး ခေါ်ဝေါ် သမုတ်ခဲ့ကြတဲ့မြို့။ မြို့သူမြို့သားတွေဟာ အရာရာကို တက်ညီလက်ညီနဲ့ စုပေါင်းစွမ်းရည်ကောင်းတဲ့မြို့ဆိုပြီး ဂုဏ်ဒြပ်တွေ ရှိခဲ့ပါတယ်။

ဒီညွှန်းဆိုချက်တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုရင်တော့ မှန်ကန်ကောင်းမှန်နိုင်ပေမယ့် ၂၁ ရာစုကို ရောက်တဲ့အချိန်မှာတော့ မန္တလေးမြို့ဟာ အထက်က ဆိုညွှန်းချက်တွေနဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။ မန္တလေးမြို့မှာ နေထိုင်ရတာကို လုံခြုံမှု ရှိတယ်လို့လည်း မခံစားကြရတော့ဘူး။

မန္တလေးမြို့မှာ နေထိုင်ရတာ လုံခြုံမှု မရှိဖြစ်စေတဲ့ အဓိကအချက်တွေ အများကြီးရှိပေမယ့် ဆိုင်ကယ်နဲ့ ဆက်စပ်ပြီး မြို့သူမြိသားတွေ ထိတ်လန့်နေကြရတဲ့အချက်တွေကို ထုတ်နုတ် ဖော်ပြသွားပါမယ်။

အရင်က စက်ဘီးမြို့တော်ဆိုပြီး ကျော်ကြားခဲ့တဲ့ မန္တလေးမြို့ဟာ ဒီနေ့အချိန်မှာတော့ ဆိုင်ကယ်မြို့တော်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်နေကြတာ အများစုက နှုတ်တောင်ကျိုးနေကြပါပြီ။ မန္တလေးမြို့တမြို့ထဲမှာကို မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်စီးရေပေါင်း ၂ သိန်းကျော်ရှိနေတယ်လို့ သန်းခေါင်စာရင်းမှာ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ပေါများလာတဲ့ဆိုင်ကယ်တွေနဲ့အတူ မူးယစ်ရမ်းကားကြတဲ့ ဆိုင်ကယ်စီးသူတွေ၊ ခိုးမှုလုယက်မှုတွေကို ဦးတည်နေတဲ့ ဆိုင်ကယ်စီးသူတွေ ပိုမို ပေါများလာနေတယ်။ မန္တလေးမြို့တွင်း မှုခင်းဖြစ်စဉ်အများစုကလည်း ဆိုင်ကယ်တွေနဲ့ ဆက်စပ်မှု ရှိနေတယ်။

ဒီနေ့ခေတ် မန္တလေးမြို့မှာ ခပ်စိပ်စိပ် တွေ့နေရတဲ့ မှုခင်းဖြစ်စဉ်တွေကတော့ ဆိုင်ကယ်ပါဝင်တဲ့ လုယက်တာတွေပါပဲ။ မန္တလေးမြို့ရဲ့ညအချိန်တွေဟာ အရင်ကလို စက်ဘီးလေးစီးရင်း၊ ဆိုင်ကယ်လေးစီးရင်း သာသာယာယာ လေညှင်းခံနိုင်ဖို့ အဆင်မပြေတော့ပါဘူး။ ညနေမှောင်ရီတရောမှာ ဆိုင်ကယ်နဲ့ ထွက်ရမှာကို ထိတ်လန့်နေကြရပြီ ဖြစ်ပါတယ်။ မန္တလေးမြို့က သတင်းထောက်တချို့ဆိုရင် သတင်းရေးဖို့ ရဲစခန်းကိုသွားပြီး သတင်းယူရင်တောင် ဆိုင်ကယ်နဲ့ လုတဲ့မှုခင်းဖြစ်စဉ်တွေချည်း အတွေ့ရများလို့ သတင်းဖြစ်တယ်လို့တောင် မထင်ကြတော့တာတွေ ရှိနေပါပြီ။

အထူးသဖြင့် ၂၁ရာစုအစ၊ ၂၀၀၀ပြည့်နှစ် လောက်ကစပြီး မန္တလေးမြို့ကြီးဟာ စီးပွားရေးတွေ ထိုက်သင့်တာထက်ပိုပြီး တိုးတက်လာတယ်။ လူမှုအဆင့်အတန်းတွေလည်း တိုးတက်လာတယ်။ တဆက်တည်းလိုပဲ လူတွေရဲ့ လိုချင်လောဘဆန္ဒတွေဟာလည်း အလိုက်သင့် တိုးလာတယ်။ ကိုယ်ရှိတာနဲ့တင် မလုံလောက်နိုင်တဲ့အတွက် ငွေကြေးနည်းလမ်းတွေကို တရားမဝင်နည်းနဲ့ ရှာလာကြတယ်။

ဆိုင်ကယ်နဲ့ လုယက်သူတွေဟာ အပြင်ပန်းကြည့်ရင်တော့ သာမာန်လူငယ်လူရွယ်လေးတွေသာ များပါတယ်။ ယိုးဒယားဆိုင်ကယ်အကောင်းတွေ စီးကြတယ်။ အမျိုးသမီးတွေကို အဓိကပစ်မှတ်ထားပြီး လုယက်ကြတယ်။ လုယက်တဲ့အခါမှာ စလင်းဘတ်အိတ်တို့၊ ဆွဲကြိုးတို့ကို ဦးတည်ပြီး လုယက်ကြတာ ရှိသလို တချို့ကလည်း အချီကြီးကြီးကို စောင့်ပြီး လုယက်ကြတာလည်း ရှိပါတယ်။

၂၀၁၄ ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့အမှုတခုကို မှတ်မိသေးတယ်။ ဆိုင်ကယ်နဲ့ ငွေခံလာတဲ့ အမျိုးသမီး ၂ ယောက်ထဲက ငွေထုပ်ကို လုသွားခဲ့တဲ့ ဖြစ်စဉ်ပါ။ ငွေသိန်း ၁၀၀ လောက်ထည့်ထားတဲ့ အထုပ်ကို ပိုက်ပြီး ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ ကောင်မလေးထဲကနေ ဆိုင်ကယ်တစ်စီးက လုသွားတာပါ။

နောက်ပိုင်းမှာ ဖုန်းအကောင်းတွေ အများကြီးပေါ်လာတဲ့နောက်ပိုင်းမှာလည်း ဆိုင်ကယ်နဲ့ ဖုန်းတွေ လိုက်လုတဲ့ ဖြစ်ရပ်တွေ ပေါ်လာပြန်တယ်။ ဆိုင်ကယ်စီးရင်း ဖုန်းပြောနေသူတွေ ၊ ဖုန်းကို လက်ကကိုင်ပြီး ဆိုင်ကယ်မောင်းသူတွေထဲက လုတဲ့ဖြစ်ရပ်တွေပေါ့။ တချို့လုယက်သူတွေများဆို သူတို့ လိုချင်တဲ့ပစ္စည်းတွေ ရပြီးရင် ဆိုင်ကယ်စီးအမျိုးသမီးကို ထိုးကြိတ်ကန်ကျောက်ခဲ့တာတွေတောင် ရှိပါသေးတယ်။

ဆိုင်ကယ်နဲ့ လုယက်မှုတွေတင် မဟုတ်ပါဘူး။ ဆိုင်ကယ်အသုံးပြုပြီး ရန်စတာတွေ ရှိနေပါသေးတယ်။ ညပိုင်းအလုပ်ကနေ မိန်းကလေးတယောက်တည်း ဆိုင်ကယ်နဲ့ ပြန်လာပြီဆိုရင် စသလိုနောက်သလို လိုက်ပြီး လုပ်တာ။ ကားကောင်းကောင်းစီးသူတွေကိုလည်း ရန်စသလို ထိကပါးရိကပါးနဲ့ ရန်စတာ။ များသောအားဖြင့် အဲ့ဒီလို လိုက်ရန်စတဲ့ဆိုင်ကယ်တွေမှာ ဘာဆိုင်ကယ်နံပါတ်မှလည်း  မပါကြပါဘူး။

ဆိုင်ကယ်စီးတဲ့အခါမှာ မူးယစ်သောက်စားပြီး ဆိုင်ကယ်ကို ဝုန်းဒိုင်းကဲျ ဒရကြမ်းစီးတာ။ ဆိုင်ကယ်အိပ်ဇောသံကြီးကို ဗြူးဗြဲဆိုပြီး အကျယ်ကြီးမြည်အောင်လုပ်မောင်းတာတွေကလည်း မန္တလေးမြို့နေသူ တွေကို အထိတ်တလန့် ဖြစ်စေပါသေးတယ်။ မကြာခင်ဆို ပွဲလမ်းသဘင်တွေ ပေါလာတော့မယ်။

ပွဲလမ်းသဘင်တွေ ရှိတဲ့အချိန်တွေဆို မန္တလေးမြို့က လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေ ပေါချင်းသောချင်း အများကြီး ပေါ်လာတော့မယ်။ အဲဒီလိုပွဲလမ်းရှိချိန်မျိုးတွေဆို မန္တလေးမြို့နဲ့ နီးစပ်ရာမြို့တွေက ဆိုင်ကယ်တွေနဲ့ တက်လာကြသူတွေကလည်း အများကြီး။ အဲဒီလိုရက်တွေ ဥပမာ သီတင်းကျွတ်လပြည့်တို့ တန်ဆောင်မုန်းလပြည့်တို့လို အခါကြီးရက်ကြီးတွေမှာဆို ဆိုင်ကယ်တွေ ပါဝင်တဲ့ ယာဉ်တိုက်မှုတွေ အများကြီးဖြစ်ကြပြီ။

မန္တလေးမှာ ဖြစ်တဲ့ ယာဉ်တိုက်မှုတွေထဲမှာ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုက အများဆုံးဖြစ်ပြီး ဆေးရုံရောက်သူ အများဆုံးလည်း ဖြစ်နေပါတယ်။  အသက်သေဆုံးတာတွေအထိကို ဖြစ်ကြသလို တချို့က ဦးခေါင်း၊ အရိုးစသဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသူတွေလည်း ရှိနေပါတယ်။

ဒီလို လုယက်မှုတွေ ဖြစ်လို့ ဒေသခံအစိုးရတာဝန်ရှိသူတွေက ယာဉ်ထိန်းရဲတို့၊ ရဲတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ပေးနေပါတယ်။ ဒီလိုစစ်ဆေးတာကို ယာဉ်စည်းကမ်းလိုက်နာတဲ့သူတွေနဲ့ မြို့တွင်း တည်ငြိမ်အေးချမ်းလိုသူတွေကတော့ သဘောကျလှပေမယ့် ယာဉ်စည်းကမ်းမလိုက်နာသူတွေနဲ့ ဒုစရိုက်မှုကို ပြုလုပ်ဖို့ ကြံစည်နေသူတွေကတော့ သဘောမကျကြပါဘူး။

မန္တလေးမှာ ဆိုင်ကယ်တွေနဲ့ ကားတွေပေါသလောက် ယာဉ်စည်ကမ်းမလိုက်နာတဲ့သူတွေကလည်း ဒုနဲ့ ဒေး ရှိနေပါသေးတယ်။ မန္တလေးမြို့ရဲ့ လမ်းတိုင်း(အပြ)တိုင်းမှာ စည်းကမ်းချက်နဲ့ မညီတဲ့ (ဥပမာ- ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ လမ်းပြောင်းပြန်မောင်းတာ၊ မြို့တွင်း မောင်းရမယ့် မြန်နှုန်းထက်ကျော်မောင်းတာ၊ ဆိုင်ကယ်ခြေနင်းခုံအပြားတွေအောက်မှာ ဓားတွေ ဝှက်ပြီးသယ်ဆောင်တာ၊ အရက်တို့ ဆေးပြားတို့ကို သုံးပြီး မူးယစ်ရမ်းကားတာတွေ) အများကြီးပါ။

တာဝန်ရှိတဲ့ယာဉ်ထိန်းရဲက စစ်ဆေးရာမှာ ယာဉ်မောင်းလိုင်စင် မပါလို့ ချလံဖြတ်တာကို လက်မခံ နိုင်တဲ့အတွက် ယာဉ်ထိန်းကို ဆိုင်ကယ်စီးသူရဲ့အကိုက ဓားနဲ့ ထိုးသွားတဲ့ဖြစ်ရပ် ဒီလ စက်တင်ဘာလ ၂၄ ရက်နေ့က မန္တလေးမြို့ နန်းရှေ့အနီးမှ ဖြစ်သွားခဲ့ပါပြီ။ ယာဉ်ထိန်းကို အသက်သေစေတဲ့အထိ ကျူးလွန်ခဲ့တဲ့ ပထမဆုံးဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ စည်းကမ်းမဲ့ဆိုင်ကယ်တွေကို ယာဉ်ထိန်းတွေကပါ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေပြီလားဆိုတဲ့ အတွေးဝင်မိပါတယ်။

အဲဒီလို အမှန်တကယ် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ မန္တလေးမြို့ရဲ့ အနာဂတ်ဟာ ကြောက်စရာ ကောင်းနေပါပြီ။ စည်းကမ်းပျက်ဆိုင်ကယ်တွေ မန္တလေးမြို့မှာ ပပျောက်ကင်းစင်သွားစေဖို့ ဆိုတာ ယာဉ်ထိန်းတွေ၊ ရဲတွေ၊ လုံခြုံရေးဝန်ထမ်းတွေမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ မြို့သူမြို့သားတွအားလုံးမှာ တာဝန်ရှိလှပါတယ်။ မြို့ခံတွေ တက်ညီလက်ညီ ဝိုင်းဝန်းဖြေရှင်းကြမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ သေချာတာတခုကတော့ မြို့ခံတွေအင်အားပါ လိုနေပါပြီ။

အေးမွန်ရာပြည့်

http://burmese.dvb.no/archives/113599

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"