မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြပါသည်။) အကယ်၍ ဒီဇင်ဘာလအတွင်းမှာ စာဖတ်သူတွေအနေနဲ့ မန္တလေးမြို့ကို ရောက်နေပြီဆိုရင် မဖြစ်မနေ သွားရောက်လေ့လာဖို့သင့်တဲ့ တရက်တာခရီးစဉ် အတိုလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင်အနည်းလောက်အကွာမှာရှိတဲ့ ရှေးဟောင်းမြို့လေးတမြို့ရယ်၊ ခုတလော နာမည်ကြီးနေတဲ့ စေတီတဆူရယ်နဲ့ ကမ္ဘာကသိတဲ့အထိကို နာမည်ကျော်ကြားလှတဲ့ နေရာတနေရာရယ်… ဒါတွေအားလုံးကို တရက်တည်းသွားနိုင်မယ့် ခရီးစဉ်လေးပါ။ အခုလ ၈ ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ဒီတရက်စာ ခရီးတိုလေးကို စာဖတ်သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ကျမတို့က အယောက် ၂၀ အဖွဲ့ကြီးလာကြတာ။ ကားနှစ်စီးနဲ့ပေါ့။ မန္တလေးမြို့တွင်း စုရပ်ကနေပြီး ၇ နာရီမှာ ထွက်ခဲ့ကြတယ်။ အင်းဝမြို့တွင်းကို ၇ နာရီခွဲကျော်ကျော်လောက်မှာ ဝင်ပါတယ်။ မယ်နုအုတ်ကျောင်းကိုတော့ ၈ နာရီမရှိတရှိ အချိန်မှာ ရောက်ပါတယ်။ လမ်းမှာ တယောက်က ကားမူးနေလို့ နည်းနည်းကြာသွားသေးတာကြောင့်လည်း ပါပါတယ်။ မယ်နုအုတ်ကျောင်းကိုရောက်တော့ စောနေသေးလို့လား မသိဘူး။ လူတယောက်မှ မရှိသေးဘူး။ ရှေးဟောင်းသုတေသနကဖွင့်တဲ့ ရုံးခန်းသေးသေးလေးမှာ လမ်းညွှန်စာအုပ်လေး ဝယ်ချင...