"မန္တလေးမြို့က အရီး မစီမာ တမ်းချင်း"
မစီမာအချဉ်ပေါင်းထုတ်လုပ်ခဲ့သူ ကွယ်လွန်သူ ဒေါ်စီမာ (ဓာတ်ပုံ-အေးမွန်ရာပြည့်)
(ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။)
မစီမာအချဉ်ပေါင်းတွေဟာ မန္တလေးမြို့ရဲ့ထွက်ကုန်တခုလိုကို နာမည်ကြီးတယ်။ ဆိုးဆေး၊ ဓာတုဗေဒ ခံဆေးတွေ လုံးဝမပါဘဲ သဘာဝအတိုင်းပဲ ထုတ်လုပ်ထားတာကြောင့် ကျန်းမာရေးကိုလည်း မထိခိုက်စေဘူး။ အဝေး ရောက် မန်းသူမန်းသားတွေက လူကြုံရှိရင် မစီမာ အချဉ်ပေါင်းကို တခုတ်တရ လှမ်းမှာတတ်ကြတယ်။
မှာတဲ့အခါတိုင်းလည်း ‘အချဉ်ပေါင်း’ဆိုတာကို ဖြုတ်ပြီး ‘မစီမာဝယ်ခဲ့ပေးပါ…’ ‘မစီမာ စားမယ်….’ ‘မစီမာ မှာချင်လို့…’ ဆိုပြီး တမ်းတတတ်ကြတယ်။ တကယ်ကိုလည်း မန္တလေးမြို့နဲ့ မစီမာဟာ အရမ်းကို ရင်းနှီးအသားကျလွန်းလှတဲ့ အမည်နာမ တခုအဖြစ်ရှိခဲ့တယ်။ မစီမာဟာ မန္တလေးမြို့ရဲ့ထွက်ကုန်တခုလိုပဲဖြစ်ခဲ့တယ်။ မန္တလေးရောက်ရင် မပါမဖြစ် လက်ဆောင် အဖြစ် တခုတ်တရ ဝယ်ယူကြရတယ်။
ဒီမစီမာအချဉ်ပေါင်းကို ပုံသွင်းဖန်တီးခဲ့သူကတော့ မစီမာ (ဒေါ်စီမာ)ပါ။ မွေးစအချိန်ကတည်းက ဖခင်ဖြစ်တဲ့ ရဲတပ်သား ကြီး ပေးခဲ့တဲ့ ‘ မစီမာ’ ဆိုတဲ့ အမည်ရင်းကို အသုံးပြုပြီး အချဉ်ပေါင်းများထုတ်လုပ်ခဲ့သူ အမျိုးသမီးကြီးပဲဖြစ်ပါတယ်။
အခုတော့ ဒီအမျိုးသမီးကြီးဟာ ဒီဇင်ဘာလ ၅ရက်နေ့ မနက်ဆယ်နာရီ၊ မိနစ်နှစ်ဆယ်အချိန်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။
ကွယ်လွန်ချိန်မှာ အသက်(၈၇)နှစ်ရှိပါပြီ။ (၈၇)နှစ်အတွင်းမှာ ကြီးကြီးမားမား ရောဂါလည်း မရှိတဲ့အပြင် မသေဆုံးခင် နာ ရီပိုင်းလောက်အတွင်းမှာတောင် လူကောင်းတယောက်လို လမ်းလျှောက်တာမျိုး ပြုလုပ်ခဲ့ပါသေးတယ်။ သူ သေဆုံးခဲ့တဲ့ ပုံစံကလည်း အရမ်းကို ထူးဆန်းပါတယ်။ လူတွေဟာ သူတို့ ဘယ်အချိန်မှာ သေမယ်မှန်း ကြိုမသိတတ်ကြပါဘူး။ အရီး စီမာကတော့ သူသေဆုံးမယ့်အချိန်ကို ကြိုသိနေပုံရတယ်။ မသေဆုံးခင်အချိန်လေးမှာပဲ သူ့ကိုယ်သူ သရဏဂုံ တင်သွား နိုင်တယ်။ သူ မသေဆုံးမီ နာရီပိုင်းလောက်အလိုမှာ မျက်နှာချင်းဆိုင်အိမ်က နာရေးကို သွားမေးတယ်။ အပြန်မှာ လူက နေ လို့ မကောင်းဘူးဆိုပြီး ဘုန်းကြီး(ခရစ်ယာန်ဘုန်းတောကြီး) တွေကို ခေါ်ခိုင်းခဲ့တယ်။
ဘုန်းကြီးတွေရဲ့ရွတ်ဖတ်သရဇ္ဈယ်မှုတွေကို ကိုယ်တိုင် နာကြားသွားခဲ့တယ်။ အဲဒါတွေလုပ်ပြီး သိပ်မကြာခင် အချိန်က လေးမှာပဲ အသက်ဆုံးရှုံးသွားခဲ့တယ်။ အရီး စီမာဟာ သူ့အသက်မသေခင်အချိန်အတွင်းမှာ လုပ်ခဲ့တဲ့ကောင်းမှုတွေရော၊ လူတိုင်းအပေါ်မှာထားရှိတဲ့ မေတ္တာစိတ်အရင်းခံတဲ့ဓာတ်တွေကြောင့် သူ့ရဲ့ကိုယ်၊ စိတ်နှစ်ပါးဟာ အရမ်းအေးချမ်းနေတယ်။ သူ့မျက်နှာကိုကြည့်ရင် အမြဲကြည်လင်ပြီး အပူအပင် နည်းလွန်းတယ်။ အပူအပင်နည်းဆို…သူ့မှာ အနှောင်အဖွဲ့တွေက လည်း မရှိသလောက် နည်းတယ်။ တကိုယ်တည်းနေတဲ့ အပျိုကြီးတဦးဖြစ်တယ်။ သူ့မှာသံယောဇဉ်ဖြစ်စရာဆိုလို့ သူ့ရဲ့တူ ၊ တူမတွေနဲ့ အလုပ်ကိစ္စလောက်သာ ရှိတယ်။ ကျန်တဲ့အချိန်တွေကိုတော့ ဘုရားဝတ်ပြုတာလောက်နဲ့သာ အချိန်ကုန်တာ များတာကိုး။
အရီးစီမာရဲ့မျက်နှာသွင်ပြင်ဟာ အရမ်းကို အေးချမ်းလှပေမယ့် သူကြုံတွေခဲ့ရတဲ့ဘဝခရီးက အလုံးစုံ ချောမွေ့ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ သူအသက်ရှင်စဉ်က မေးမြန်းခဲ့ဖူးတဲ့အထဲက သိခဲ့ရတဲ့ သူ့ဘ၀ အတွေ့အကြုံတချို့ကို အလွမ်းပြေပြန် ဖော်ပြချင်ပါတယ်။
အချဉ်ပေါင်းတွေ ထုတ်လုပ်မရောင်းချခင်အချိန်တွေကတော့ အရီးစီမာတို့ မိသားစုဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေမျိုးစုံ အကြားကျော်ဖြတ်ခဲ့ရပါတယ်။ ၁၉၂၉ခုနှစ် အင်္ဂလိပ်လက်ထက်မှာ မွေးဖွားလာခဲ့တဲ့ အရီး စီမာတယောက် စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းမှာ ခြောက်တန်းအထိတက်ရောက်ခဲ့တယ်။ ဒါပေမယ့် သူ(၁၂)နှစ်သမီးအရွယ်မှာတော့ ဂျပန်နဲ့ အင်္ဂလိပ် တို့ စစ်ဖြစ်ခဲ့ကြလို့ စစ်ကိုင်းတိုင်းဘက်က ချောင်းဦးနယ်ကို သုံးနှစ်ခွဲနီးပါးလောက် သွားရောက်ခိုလှုံခဲ့ကြရဖူးတယ်။
အဲဒီအချိန်တွေတုန်းကတော့ အချဉ်ပေါင်းတွေ မထုတ်သေးဘူးပေါ့။ ဒေါ်ကြီးစီမာက သူ့ အသက်၄၀လောက်အချိန်ရောက်မှ အချဉ်ပေါင်းတွေစထုတ်ခဲ့တာ။ အသက်လေးဆယ်လောက်မှ စီးပွားရေးတခုကိုစတင်ပြီး သေဆုံးချိန်အထိ ရေရှည် တစိုက် မတ်မတ်လုပ်ခဲ့တဲ့ ဉာဉ်လေးဟာ နောင်လာနောက်သားတွေအနေနဲ့ ယူတတ်ရင် ပညာရစရာပါပဲ။ အများစုကတော့ မစီမာ (အရီးစီမာ) ကို အချဉ်ပေါင်းစီးပွားရေးလုပ်ငန်းတခု စတင်ထူထောင်ခဲ့ပြီး ရာစုနှစ် တဝက်နီးပါးကြာအောင် ဦးဆောင် လုပ် ကိုင်ခဲ့တဲ့ အမျိုးသမီးကြီးလို့ သိကြတယ်။
သူနဲ့ ရင်းနှီးပြီး အနီးကပ်ထိတွေ့ဆက်ဆံဖူးသူတွေကတော့ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ တသားတည်း ဆက်ဆံတတ်တဲ့ မေတ္တာရှင်မကြီးတယောက်အဖြစ် အသိအမှတ်ပြုကြတယ်။ ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပေမယ့် လည်း တခြားဘာသာတရားတွေ အကုန်လုံးကို လေးစားတန်ဖိုးထားတတ်တဲ့ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးကြီး အရီး စီမာမှာ အစ္စလာမ်မိတ်ဆွေတွေရော၊ ဗုဒ္ဓဘာသာဝင် မိတ်ဆွေတွေပါ အများကြီးရှိတယ်။ ဘာသာတခုချင်းစီရဲ့ ထုံးတမ်း စဉ်လာတွေ အကုန်လုံးနဲ့လည်း အများကြီးရင်းနှီး ကျွမ်းဝင်အောင်နေတတ်တယ်။ ဥပမာဆိုရင် ဗုဒ္ဓဘာသာဝင် မယ်သီလ ရှင်တွေကို အဝေးဖိတ်နေ့နဲ့ အဖိတ်နေ့တွေမှာ ဆွမ်းဆန်စိမ်း လောင်းတယ်။ ရက်ကြီးလမြတ်တွေမှာ ဗုဒ္ဓဘာသာဝင် ဘုန်း ကြီးကျောင်းတွေမှာ သွားရောက် ကုသိုလ်ပြုတတ်တယ်။
မစီမာ အချဉ်ပေါင်းအိမ်ဆိုင်လေးရှေ့မှာလည်း ရေအိုးစင်တလုံးတည်ထားတယ်။ အချဉ်ထုပ်လာဝယ်သူတွေရော အပြင် က လမ်းသွားလမ်းလာတွေရော ဘယ်သူမဆို သောက်နိုင်ဖို့ သပ်သပ်ရပ်ရပ်လေး စီစဉ်ပေးထားတယ်။ ရေအကျိုး ဆယ်ပါး မတောင်းဘဲနဲ့ ပြည့်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့အယူအဆကိုလည်း ကောင်းစွာသက်ဝင် ယုံကြည်တယ်။
ဗုဒ္ဓဘာသာဝင်တွေနဲ့တင် အစေးကပ်တာမဟုတ်ဘူး။ အစ္စလာမ်ဘာသာဝင်တွေနဲ့လည်း နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး ဆက် ဆံတတ်တယ်။ တခါကအရီးစီမာတို့ဆီ အချဉ်ပေါင်းသွားဝယ်တုန်းက အရီးဆီကို ဘာသာရေးဦးထုပ်လေး ဆောင်းထားတဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသားကြီးတဦးရောက်လာပြီး ငွေငါးထောင်လာပေးတယ်။ အရီးက သူ့ကိုချေးထားတာ အခုမှပြန် လာပေးနိုင်လို့ပါ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောနေကြတာ ကြုံခဲ့ရတယ်။
ဒီလိုပဲ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတပါးကလည်း သူ့ဆီမှာ စာရေးကိရိယာတွေနဲ့ ပတ်သက်ပြီး အလှူခံဖူးလို့ လှူဖူးတယ်ဆို တဲ့အကြောင်း အရီးစီမာက အဲဒီတုန်းက တဆက်စပ်တည်းပြောပြခဲ့လို့ သိခဲ့ရတယ်။ ဒီလိုမျိုး ကိုးကွယ်ရာ ဘာသာ မတူတဲ့ သူတိုင်းနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကို မလွယ်ကူ လှတာ ပါ။ အရီးစီမာကတော့ ဘယ်သူနဲ့မှကို မတူညီဘဲ သူနဲ့ဘာသာခြားသူတွေ အကုန်လုံးကို မေတ္တာဓာတ်တွေ ဖြန့်ဝေပေး သွား တယ်။
ညစဉ်ညတိုင်း သူ့ရဲ့အပေါင်းအသင်း ရောင်းရင်းတွေထဲက ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေ ထဲ က သူမှတ်မိသမျှ အမည်တွေရေရွတ်ပြီးး မေတ္တာပို့တယ်။ ပြီးမှ အိပ်ရာဝင်တယ်။ အရီးစီမာဆီမှာ နေ့စဉ်မပြတ် လုပ်လေ့ ရှိတဲ့အလေ့အကျင့်ကောင်းလေးတခုရှိတယ်။ “ ၇ရက်သားသမီး ငြိမ်းချမ်းရေးပေးပါ။ စစ်မက် အင်္ဂါတွေလည်း မဖြစ်ကြပါ စေနဲ့၊ တယောက်နဲ့ တယောက်အသိတရားနဲ့ အသိဉာဏ်တွေရှိကြပါ” ဆိုတဲ့ မေတ္တာပို့သတဲ့ စကားစုလေးကို အားတဲ့ အချိန်တိုင်း အဖန်တလဲလဲ ရွတ်ဆိုတတ်တဲ့ အကျင့်လေးပါ။
ကိုးကွယ်ရာဘာသာအယူဝါဒ မတူညီဘဲ ကွဲပြားနေရင် အချင်းချင်းအကြားမှာလည်း ယုံကြည်မှုတည်ဆောက်လို့မရနိုင် ဘူးဆိုတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်မျိုးမှာ အရီးစီမာဟာ အားလုံးနဲ့ တသားတည်း အဆင်ပြေအောင် နေထိုင်သွားတယ်။ ဘာ သာမတူ အယူအဆမတူသူတွေအကြားမှာ ယုံကြည်မှုတွေ၊ ငြိမ်းချမ်းမှုတွေ တည်ဆောက်နိုင်ခဲ့တယ်။ တကယ့် မေတ္တာရှင် မကြီးတဦးလိုမျိုး ကျင့်ကြံနေထိုင်ခဲ့တယ်။
အခု သူသေဆုံးချိန် သူ့နာရေးမှာလည်း သူ့ရဲ့ကိုးကွယ်ရာ ဘာသာတူသူ မိတ်ဆွေ၊ ဘာသာမတူသူ မိတ်ဆွေတွေ၊ အများ ကြီးလာရောက်သတင်းမေးကြတယ်။ ဝမ်းနည်းကြတယ်။ စိတ်မကောင်းဖြစ်ကြတယ်။ လွမ်းဆွတ်စွာနဲ့ အရီး စီမာနဲ့ပတ် သက်ခဲ့သမျှ တမ်းချင်းတွေကို ပြောကြတယ်။
ဒီနေ့ခေတ် ဒီနေ့အချိန်တွေမှာ ယုံကြည်ကိုးကွယ်မှု မတူသူတွေအချင်းချင်းအကြား အငြင်းအခုန်ဖြစ်နေတာတွေ တွေ့ရမြင်ရတိုင်း အရီး စီမာကို လွမ်းနေကြရတော့မှာ အသေအချာပဲဖြစ်ပါတယ်။
Comments
Post a Comment