မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြပါသည်။)
အကယ်၍ ဒီဇင်ဘာလအတွင်းမှာ စာဖတ်သူတွေအနေနဲ့ မန္တလေးမြို့ကို ရောက်နေပြီဆိုရင် မဖြစ်မနေ သွားရောက်လေ့လာဖို့သင့်တဲ့ တရက်တာခရီးစဉ် အတိုလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မန္တလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင်အနည်းလောက်အကွာမှာရှိတဲ့ ရှေးဟောင်းမြို့လေးတမြို့ရယ်၊ ခုတလော နာမည်ကြီးနေတဲ့ စေတီတဆူရယ်နဲ့ ကမ္ဘာကသိတဲ့အထိကို နာမည်ကျော်ကြားလှတဲ့ နေရာတနေရာရယ်… ဒါတွေအားလုံးကို တရက်တည်းသွားနိုင်မယ့် ခရီးစဉ်လေးပါ။
အခုလ ၈  ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ဒီတရက်စာ ခရီးတိုလေးကို စာဖတ်သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ကျမတို့က အယောက် ၂၀ အဖွဲ့ကြီးလာကြတာ။ ကားနှစ်စီးနဲ့ပေါ့။ မန္တလေးမြို့တွင်း စုရပ်ကနေပြီး ၇ နာရီမှာ ထွက်ခဲ့ကြတယ်။ အင်းဝမြို့တွင်းကို ၇ နာရီခွဲကျော်ကျော်လောက်မှာ ဝင်ပါတယ်။ မယ်နုအုတ်ကျောင်းကိုတော့ ၈ နာရီမရှိတရှိ အချိန်မှာ ရောက်ပါတယ်။ လမ်းမှာ တယောက်က ကားမူးနေလို့ နည်းနည်းကြာသွားသေးတာကြောင့်လည်း ပါပါတယ်။
မယ်နုအုတ်ကျောင်းကိုရောက်တော့ စောနေသေးလို့လား မသိဘူး။ လူတယောက်မှ မရှိသေးဘူး။ ရှေးဟောင်းသုတေသနကဖွင့်တဲ့ ရုံးခန်းသေးသေးလေးမှာ လမ်းညွှန်စာအုပ်လေး ဝယ်ချင်လို့ ကြည့်တော့ ဖွင့်တော့မဖွင့်သေးဘူး။ ကျောင်းကြီးရဲ့ မြောက်ဘက်ကျကျ နေရာကနေ လော်စပီကာသံကြီးကတော့ အာကျယ်အာကျယ် ထွက်လာတယ်။ အလှူပွဲတခု ရှိပုံရတယ်။ ပါလာတဲ့ အဖွဲ့သားတွေက အုတ်ကျောင်းကြီးကို ပတ်ကြည့်ပြီး လေ့လာကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ်။ လာတဲ့အဖွဲ့ထဲမှာ တခါမှမရောက်ဘူးသေးသူတွေ ရောပါတာကိုး။
မယ်နုအုတ်ကျောင်းပြီးတော့ အင်းဝမြို့ဟောင်းထဲကို တဆက်တည်း ဆက်လေ့လာလိုက်ကြတယ်။ ဗားကရာကျောင်းကြီးကို ရောက်တယ်။ ဒီကျောင်းကိုရောက်တော့ ရှေးဟောင်းသုတေသနဌာနက ဖွင့်ပြီမို့ အင်းဝသမိုင်းစာအုပ်လေး ဝယ်ခဲ့တယ်။ ၁၅၀၀ ကျပ် ပေးရတယ်။ အဝါရောင်လေး။ သမိုင်းတွေ တော်တော်အစုံပါပါတယ်။ အဖွဲ့ထဲက တချို့ကတော့ မဝယ်တော့ဘူး၊ မိတ္တူပဲဆွဲမယ်ဆိုပြီး ပြောနေကြသံ သဲ့သဲ့ကြားရတယ်။ ဗားကရာကျောင်းရှေ့မှာ မုန့်တီသည်လေးရှိတယ်။ တော်တော်စားလို့ကောင်းတယ်။ တပွဲကို ၃၀၀ ပေးရတယ်။ အညာရနံ့ လွှမ်းထုံနေတဲ့ ပတ်ဝန်းကျင်နဲ့ အညာအစားအစာ တောမုန့်တီလေးက အရမ်းလိုက်ဖက်လွန်းလှတယ်။
ဗားကရာကျောင်းကနေ ဆက်ပြီးတော့ ဆင်ကျုံးခံတပ် သွားကြတယ်။ အင်းဝမြို့ ဆင်ကျုံးရွာမှာ တည်ထားခဲ့တဲ့ ခံတပ်ဖြစ်လို့ ဆင်ကျုံးခံတပ်လို့ အမည်တွင်တာပါ။ ဒီဆင်ကံျုးခံတပ်ကို ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ်တို့ဆုံရာ အချက်အချာကျလှတဲ့ နေရာမှာ တြိဂံပုံသဏ္ဌာန် တည်ဆောက်ထားတယ်။ မင်းတုန်းမင်းတရားကြီး လက်ထက်မှာ အီတလီလူမျိုး အင်ဂျင်နီယာ ကွန်ုမိုတိုက ဦးဆောင်ပြီး ခရစ်နှစ် ၁၈၇၄ ခုနှစ်မှာပဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဆင်ကျုံးခံတပ်ပြီးတော့ အင်းဝမြို့ထဲက ပြန်ထွက်ဖို့ စီစဉ်ကြပါတယ်။ ပြန်အထွက်မှာ အင်းဝမြို့ဟောင်းထဲမှာပဲရှိပြီး နိုင်ငံခြားသားတွေ အလာများတဲ့ ဓာတ်ပုံရိုက်လို့လှတဲ့ ဘုရားတဆူရှိတယ်ဆိုပြီး အင်းဝမြို့ကိုကျွမ်းတဲ့ တယောက်ကပြောလို့ ဝင်ခဲ့ကြပါသေးတယ်။ ဘုရားနာမည်က ရတနာဆီမီးဘုရားပါ။ အတွင်းထဲမှာ ထန်းပင်အိုကြီးတွေရှိတယ်။ ညောင်ပင်အိုကြီးရှိတယ်။ စေတီဟောင်းတဆူရှိတယ်။ ဘုရားရုပ်ပွားတော် အဟောင်းတွေရှိတယ်။ နိုင်ငံခြားသားတွေ အလာများတဲ့ ဘုရားလို့ တန်းပြီးခန့်မှန်းနိုင်တဲ့ ပန်ချီးကားရောင်းဆိုင်လေးတွေ ရှိတယ်။
အင်းဝမြို့က ပြန်ထွက်တော့ ၁၁ နာရီရှိပြီ။ အပြန်မှာ လမ်းကြုံတဲ့ ကျောက်စိမ်းဘုရားကို ဝင်ခဲ့တယ်။ ဘုရားပရိဝုဏ် အပြင်ဘက်မှာ ကျောက်စိမ်းလက်ကောက်၊ ဆွဲကြိုးရောင်းတဲ့ ဆိုင်လေးတွေက မှိုကျင်းလိုပဲ ပွထနေတယ်။ မုန့်ဆိုင်တွေကလည်း အများကြီး။ ဆိုင်တွေကို ကျော်ဖြတ်ပြီး ဘုရားထဲဝင်ခဲ့တယ်။ ဘုရားပရိဝုဏ်က ကျဉ်းတယ်။ သနပ်ခါးသွေးတဲ့ ကျောက်ပြင်ကြီးတွေ၊ ကျောက်စိမ်းရေကန်တွေ၊ ဓမ္မာရုံတွေ၊ အဆောက်အဦတွေ အများကြီး ပရိဝုဏ်အတွင်းမှာ ထည့်သွင်းပါတယ်။ ဒါတွေအကုန်ကျော်ဖြတ်ပြီးရင်တော့ ဘုရားရင်ပြင်တော်ပေါ် ရောက်ပါပြီ။ ဘုရားကို တပတ်ပတ်ကြည့်ခဲ့တယ်။ စေတီတခုလုံးကို တကယ့် အရည်အသွေးကောင်း ကျောက်စိမ်းတွေနဲ့ ပုံဖော်ထားတာ ကြက်သီးတောင်ထမိတယ်။ ဒါပေမယ့် ဘုရားပရိဝုဏ်က ကျဉ်းတာတော့ အမှန်ပဲ။
ကျောက်စိမ်းဘုရားက အပြန်မှာတော့ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကို ဝင်တယ်။ နေ့လယ်စာစားရင်း အေးအေးဆေးဆေး နားကြမယ်ပေါ့။ တံတားအောက်ခြေနားမှာ ကားရပ်ဖို့ တုန့်လိုက်တယ်ဆိုရင်ပဲ ဆိုင်တွေက သူတို့ဆီလာစားကြဖို့ သူ့ဆိုင်ကိုယ့်ဆိုင် အပြိုင်ဆွဲခေါ်ကြတယ်။
ကိုယ်တွေထဲမှာလည်း သိပ်ခေါင်းစားချင်တဲ့သူတွေ မပါဘူး။ ခြေလှမ်း လေးငါးလှမ်းလောက်သာ လျှောက်ရတဲ့ နီးရာဆိုင်ပဲ ဝင်လိုက်ကြတယ်။ ဆိုင်နာမည်က ပါးချိုင့်လေးတဲ့။ ဆိုင်ကလူတွေထဲမှာ လိုက်ရှာကြည့်တော့လည်း ပါးချိုင့်ပါသူ တဦးမှ မတွေ့ရပါဘူး။ ဒီဆိုင်မှာပဲ ထမင်းဆီဆမ်းနဲ့ ဆိတ်သားထောင်း၊ အကြော်စုံ၊ လက်ဖက်သုပ်တွေ မှာစားကြတယ်။ စားပြီး နှစ်နာရီကျော်ကျော်လောက် ဆိုင်မှာ အေးအေးဆေးဆေး ကျောက်ချထိုင်နားကြတယ်။ တချို့တွေကတော့ တံတားပေါ်တက်ပြီး လမ်းလျှောက်ကြတယ်။ တချို့တွေက လှေစီးကြတယ်။
နှစ်နာရီခွဲလောက်မှာတော့ ဦးပိန်တံတားက ပြန်ထွက်လာကြတယ်။ တောင်သမန်အင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်လေးလုံးလို့ အမည်ရတဲ့ သမိုင်းဝင်ဘုန်းကြီးကျောင်းထဲကို ဝင်လေ့လာကြတယ်။ တောင်လေးလုံးကျောင်းမှာတော့ အမှတ်တရသစ်ပင်တွေ၊ ကျောက်တုံးတွေ၊ အမှတ်တရ ရေချမ်းစင်လေးတွေကို တစုတစည်းတည်း တွေ့နိုင်ပါတယ်။ စာရေးဆရာကြီး မြသန်းတင့်၊ ကဗျာဆရာကြီး တင်မိုး၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ကဗျာဆရာကြီး ကြည်အောင်တို့အတွက် အမှတ်တရကျောက်တုံးတွေ ရှိတယ်။ စကျင်ကျောက်ဖြူဖြူ အတုံးကြီးတွေပေါ်မှာ ကျောက်ထက်အက္ခရာတွေ တင်ထားကြတာပါ။
တောင်လေးလုံးကျောင်းနဲ့ မျက်နှာချင်းဆိုင်က လောကသရဖူ ဘုရားရင်ပြင်မှာတော့ စာပေအသိုင်းအဝိုင်းက နာမည်ကျော်ကြားသူတွေရဲ့ အမည်တွေကို မှတ်တမ်းတင်ထားတဲ့ နောက်မှီပါတဲ့ ကွန်ကရစ် ခုံတန်းရှည်လေးတွေကို တွေ့ရပါတယ်။ စာရေးဆရာကြီး မဟာဆွေ၊ ငွေဥဒေါင်း၊ ဒေါ်ခင်နှင်းယု အစရှိသူတွေ အမှတ်တရ ခုံတန်းရှည်တွေပါတယ်။
အားလုံးပြီးတဲ့အချိန်မှာတော့ မန္တလေးမြို့စုရပ်ကို ပြန်ခဲ့ကြပါပြီ။ ညနေသုံးနာရီမှာ တောင်လေးလုံးကျောင်းကနေ ပြန်ထွက်ခဲ့ကြတာပါ။ မြို့တွင်းစုရပ်ကို လေးနာရီကျော်ကျော်လောက်မှာ ရောက်တယ်။
အင်းဝမြို့ဟောင်း၊ ကျောက်စိမ်းစေတီ၊ ဦးပိန်တံတား၊ တောင်လေးလုံးကျောင်း စတဲ့ နေရာအစုံကို တရက်အတွင်း စုံစုံလင်လင် လေ့လာခွင့်ရတာကြောင့် ကျေနပ်စရာကောင်းတဲ့ တရက်တာခရီးစဉ်အတိုလေး ဖြစ်ခဲ့ပါတယ်။
‘အစားကောင်းစားရရင် ကိုယ့်ရဲ့ခင်မင်လှတဲ့ မိတ်ဆွေတွေကို လက်တို့ပါ’ ဆိုသလိုပဲ အခုခရီးစဉ်လေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိလွန်းလှလို့ ခင်မင်ရတဲ့ စာဖတ်သူတွေကို သတိတရနဲ့ လက်တို့လိုက်ရပါတယ်။
အေးမွန်ရာပြည့်

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

အင်းတော်မြို့ကစည်လုပ်ငန်း