ထင်းရှူးတောထဲ ခရီးသွားခြင်း

တောကြမ်းလမ်း ခရီးသွားခြင်းလို့ အဓိပ္ပါယ်ရတဲ့ Trekking( ထရက်ကင်း)ဆိုတဲ့ အင်္ဂလိပ်စကားလုံးနဲ့ အသားကျနေတဲ့မြို့ကလေး။ ဒီစကားလုံးဟာ တမြို့လုံးမှာရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ် အမျိုးသား အမျိုးသမီးမရွေး အကုန်လုံးနီးပါးနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတယ်။ တောင်တွေပတ်လည်ဝန်းရံထားပြီး ချိုင့်ခွက်ကလေးလိုဖြစ်နေတာကြောင့် တောတောင်ရှုခင်းရော၊ ရာသီဥတုကပါ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို စွဲဆောင်နိုင်စွမ်း အပြည့်ရှိတဲ့မြို့ကလေး။ ဒီမြို့လေးကို ထင်းရှူးမြေ(pine land)လို့လည်း ခေါ်ဝေါ်လေ့ရှိကြတယ်။ မြို့လေးနာမည်ကတော့ ကလောမြို့လေးပါ။ ကလောမြို့ကို ဗဟိုပြုပြီး ထရက်ကင်း တောကြမ်းခရီးထွက်တဲ့ နိုင်ငံခြားခရီးသွားတွေ တနှစ်ထက် တနှစ် ပိုများလာနေတယ်။ မူလကတည်းက ကလောမြို့နဲ့ ထရက်ကင်းခရီးစဉ်တွေဟာ ပုံမှန်ရှိနေပေမယ့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာမှ နိုင်ငံခြားသားတွေကြားမှာ ပိုပြီး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကလောမြို့လေးပေါ်မှာ နိုင်ငံခြားသားတွေကို တောလမ်းခရီးသွားဝန်ဆောင်မှုပေးတဲ့ အေဂျင်စီသေးသေးလေးတွေဟာ မှိုကျင်းလိုပဲ အုံနဲ့ကျင်းနဲ့ အများကြီးရှိနေပြီ။ ဒါတွေနဲ့ဆက်စပ်ပြီး ဟိုတယ်တွေ၊ ရီဆော့တွေ၊ စားသော...