ရှေးရိုးစွဲသမားတွေကြားက ဂရပ်ဖတီသမား
ကုန်းဘောင်ခေတ်က လူသိအလွန်များတဲ့ ကနောင်မင်းသားကြီး ရဲ့ အနွယ်တော်တယောက်က ခေတ်ပေါ် ဂရပ်ဖတီ ပန်းချီဆရာ ဖြစ်နေတာ တွေ့ရရင် ရှေးရိုးစွဲသမားတွေ ဘယ်လိုများ ခံစားမိကြမှာပါလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ မစ္စတာ အိုဘားမား ရန်ကုန်ကို လာတုန်းက သူ့ပုံကို လူငယ်တယောက်က အဆင့်ရှိရှိ ဂရပ်ဖတီနဲ့ ရေးဆွဲကြိုဆိုထားတာကို အတွေးအမြင်ဟောင်းသူတွေက ဖုံးဟယ်ဖယ်ဟယ် လုပ်ဖူးတယ်။
အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မန္တလေးမြို့က မောင်လင်းပင်ဇော်က ကနောင်မင်းသားကြီးရဲ့သား ဖြစ်သူ လင်းပင်မင်းသားကြီးရဲ့ ဆွေမျိုးအနွယ်တော်တွေထဲက ဆင်းသက်လာပေမယ့် ထီးဆန်ဆန် နန်းဆန်ဆန် နေရတာထက် ခေတ်ပေါ်ဂရပ်ဖတီပန်းချီတွေ ရေးဆွဲဖို့ကိုသာ ပိုပြီးစိတ်ပါဝင်စားတဲ့ ခေတ်မီမီ မင်းမျိုးမင်းနွယ် အမျိုးသားလူငယ်တယောက် ဖြစ်တယ်။
စာဖတ်သူတွေက မင်းမျိုးမင်းနွယ်ထဲက ဆင်းသက်လာသူတယောက်မို့ ထီးဟန်နန်းဟန်အပြည့်နဲ့ ရိုးရိုးအေးအေးကြီးသာ နေထိုင်ပြီး အပြောအဆိုကအစ နန်းဆန်မယ်လို့ ထင်ကြမှာဖြစ်ပေမယ့် တကယ့်တန်းလက်တွေ့မှာတော့ အပုံကြီးကွာခြားနေပါတယ်။
လင်းပင်မင်းသားကြီးနဲ့ မျိုးရိုးတော်ဆက်သူတဦးဖြစ်လို့ လင်းပင်အမည်ကို နာမည်အရှေ့မှာထည့်ထားတာဖြစ်တယ်လို့ သူ့ဆွေတော်မျိုးတော်တွေအကြောင်းကို မောင်လင်းပင်ဇော်က ဂုဏ်ယူစွာပြောတတ်တယ်။ တကယ်တော့ သူနာမည်အရင်းက တင်ဗိုလ်ဗိုလ်ဇော်။ ဒါပေမယ့် သူရဲ့ ဂရပ်ဖီရေးဆွဲခြင်းအတွက် အသုံးပြုတဲ့ အနုပညာအမည်ကို လင်းပင်ဇော်အနေနဲ့သာ အသုံးပြုပါတယ်။
မောင်လင်းပင်ဇော်ဟာ ဂရပ်ဖတီဆွဲခြင်းအနုပညာကို သူဆယ်တန်းအောင်ကာစ၊ အသက် ၁၆ နှစ်မပြည့်ခင် အချိန်လေးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ပန်းချီရေးဆွဲခြင်းမှာ ပါရမီပါလာတယ်လို့လည်း ပြောရင်ရနိုင်ပါတယ်။ အခြေခံပညာကျောင်းမှာ တက်နေစဉ် အချိန်တွေကတည်းက ပန်းချီနဲ့ပတ်သက်ပြီး ဆုတွေခဏခဏ ရဖူးတယ်။ မြို့နယ်အဆင့် တိုင်းအဆင့်တွေအထိလည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးတယ်။ အဲ့ဒီလိုပန်းချီ ဝါသနာပါရာကနေ ဆယ်တန်းပြီးစအချိန်တွေမှာ ဂရပ်ဖတီရေးဆွဲခြင်းဘက်ကို ခြေစုံပစ်ဝင်ခဲ့တာပဲဖြစ်ပါတယ်။
စတင်ရေးဆွဲတဲ့အချိန် ၂၀၁၂ ခုနှစ်လောက်ကနေ တောက်လျှောက် လုပ်လာလိုက်တာ အခုချိန်မှာဆိုရင် ဒီဂရပ်ဖတီရေးဆွဲခြင်းလုပ်ငန်းနဲ့ ကိုယ်ပိုင်ဝင်ငွေရှာနိုင်နေတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ မောင်လင်းပင်ဇော်အနေနဲ့ တခါဂရပ်ဖတီရေးပေးရင် ငွေကျပ် ၁ သိန်းကနေ ၅ သိန်းလောက်အထိ ရတတ်တဲ့အတွက် တခါဆွဲပြီးရင် သူ့အတွက် မုန့်ဖိုးတော်တော်ခိုင်သွားတတ်တယ်။ တကယ်တော့ ဒီလို ငွေကြေးပမာဏဟာ မြန်မာနိုင်ငံအတွင်းက နာမည်ကြီး ဂရပ်ဖတီသီးသန့်ဆွဲတဲ့ ပညာရှင်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်အင်မတန် နည်းနေပါသေးတယ်။
မြန်မာနိုင်ငံမှာ နာမည်ကျော်ဂရပ်ဖတီဆွဲသူ တဦးဟာ တခါဆွဲရင် ငွေကျပ် သိန်း ၅၀၊ ၆၀ အထိကိုရတဲ့ အောင်မြင်တဲ့ ဂရပ်ဖတီသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် မောင်လင်းပင်ဇော်ကတော့ ငွေကြေးထက် ဂရပ်ဖတီတွေအများကြီးဆွဲနေရဖို့သာ ပိုမိုစိတ်အားထက်သန်တာကြောင့် သူ့ဆီအလုပ်လာအပ်လို့ ဈေးဆစ်ရင်လည်း အလွယ်တကူ လက်ခံပစ်တတ်တယ်။

ယခုအခါ ခေတ်လူငယ်တွေထိုင်လေ့ရှိတဲ့ ကဖေးဆိုင်တွေ စားသောက်ဆိုင်တွေက ခေတ်ပန်းချီ ဂရပ်ဖတီကို တန်ဖိုးထားပြီး အနုပညာကြေးအမြောက်အမြားပေးကာ သူတို့ ဆိုင်တွေကို တန်းဆာဆင်လာကြတယ်။
ဘာပဲပြောပြော သူ့အသက် ၂၀ မပြည့်သေးခင် ငယ်ငယ်ရွယ်ရွယ်အချိန်တွင်းမှာကို အခုလို ငွေရှာရပ်တည်နိုင်ဖို့ အမှန်တကယ် မလွယ်ကူလှပါဘူး။
သူဝါသနာပါတဲ့ ဂရပ်ဖတီရေးဆွဲခြင်း အလုပ်တွေကို အေးအေးဆေးဆေး သက်သောင့်သက်သာလေးလုပ်နိုင်ဖို့ အိမ်ကမိသားစုရဲ့ နွေးနွေးထွေးထွေး ထောက်ခံအားပေးမှုကိုလည်း ရရှိခဲ့တာကတော့ သူ့ရဲ့ကံကောင်းမှုလို့ ဆိုရမှာဖြစ်တယ်။ သူ့အဖိုးနဲ့ အမေဟာ ပန်းချီပညာရပ်ဘက်မှာ အလွန်အင်မတန် စိတ်ပါဝင်စားသူတွေဖြစ်တဲ့အတွက် မောင်လင်းပင်ဇေ ာ်ဂရပ်ဖတီဆွဲတာတွေကို အပြစ်မပြောတဲ့အပြင် ဂုဏ်တောင်ယူနေကြပါသေးတယ်။
မောင်လင်းပင်ဇော် ဂရပ်ဖတီဆွဲတာကို ထိုင်ကြည့်ရတာဟာလည်း အရမ်းကြည့်ကောင်းလွန်းလှတယ်။ တီရှပ်အဖြုူဆွတ်ဆွတ်ကို ဂျင်းဘောင်းဘီအရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားတယ်။ ဘယ်ဘက်လက်က စာရွက်အကြမ်းတခုကိုကိုင်ထားပြီး တဖက်ကတော့ မှုတ်ဆေးဘူးတဘူးကိုကိုင်ထားတယ်။ ဘယ်ဘက်လက်ကစာရွက်ထဲကို ကြည့်လိုက် နံရံကြီးတခုပေါ်မှာ ဆေးတွေ ဟိုတစဒီတစ မှုတ်လိုက်လုပ်နေတယ်။ ပါးစပ်နဲ့ နှာခေါင်းထဲကို ဆေးအမှုန်တွေမဝင်အောင်လို့လည်း နှာခေါင်းစည်းကို ဝတ်ဆင်ထားတယ်။ နံရံကြီးထဲကိုပဲ အာရုံအပြည့်စိုက်ပြီး လုပ်နေလိုက်တာ သူတယောက်တည်း ရှိနေသလိုပါပဲ။
စတင်ရေးဆွဲခဲ့တဲ့အချိန်ကနေ ဒီနေ့အချိန်ထိ ဂရပ်ဖတီပန်းချီစုစုပေါင်း ၅၀ နီးပါးကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ သူရေးဆွဲတဲ့ထဲမှာ ထင်ရှားကျော်ကြားတဲ့ လူတွေရဲ့ပုံတူတွေ၊ သရီးဒီရုပ်လုံးကြွ ပုံစံတွေပါဝင်ပါတယ်။ လူပုံတူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဟံသာဝတီ ဦးဝင်းတင်၊ အိုင်းစတိုင်း တို့လို့ ထင်ရှားကျော်ကြားသူတွေ ပါသလို သူငယ်ငယ်က လေးစားအားကျခဲ့ရတဲ့ ကာတွန်းသရုပ်ဆောင် လိပ်နင်ဂျာတို့၊ အာနိုးတို့ရဲ့ ပုံတွေလည်း ပါဝင်တာတွေ့ရပါတယ်။
ဒါ့အပြင် အလုပ်အပ်တဲ့သူတွေရဲ့ စိတ်တိုင်းကျ ဂရပ်ဖတီတွေကို ဖန်တီးပေးရသလို တခါတရံမှာတော့ လူမှုပတ်ဝန်းကျင်နဲ့ နီးကပ်စပ်ဆက်လွန်းတဲ့ အဖြစ်အပျက်တွေကိုလည်း ခံစားချက်နဲ့ ရေးဆွဲတတ်တယ်။ ၂၀၁၄ ခုနှစ်အတွင်းက မန္တလေးမြို့တွင်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းအတွင်းမှာလည်း ဘာသာနှစ်ခုအချင်းချင်း မေတ္တာထားနိုင်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းရှိစေဖို့တို့အတွက် ရည်ရွယ်ပြီး ‘stop riots အဓိကရုဏ်းရပ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဂရပ်ဖတီတခုကို မန္တလေးမြို့လယ် လူစည်ကားရာ ဘူတာကြီးတဝိုက်မှာ မြို့တွင်းရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာပဲ မကြောက်မရွံ့ရေးဆွဲခဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မောင်လင်းပင်ဇော်စိတ်ထဲ လုပ်ချင်နေတဲ့ အိပ်မက်တခုရှိနေပါတယ်။ သူ့အသက် ၂၀ မပြည့်ခင်အချိန်မှာ သူကိုယ်တိုင်ရေးထားတဲ့ ပုံတွေနဲ့ ပြပွဲတခုလုပ်ချင်တာပဲ ဖြစ်ပါတယ်။ ပြပွဲမှာ သူရေးခဲ့တဲ့ ဂရပ်ဖတီပုံတွေကို ဓာတ်ပုံတွေရိုက်ပြီး ပြသွားမယ်။ တပုံကို ပရိသတ်ရှေ့မှာ live (တိုက်ရိုက်) ဆွဲပြမယ်။ ဂရပ်ဖတီမဟုတ်ဘဲ သူရေးထားတဲ့ ပန်းချီကားတွေကလည်း အများကြီးရှိသေးတယ်။ အဲ့ဒီပန်းချှီတွေကိုလည်း ပြပွဲမှာ တခါတည်း ထည့်သွင်းပြသွားဖို့ အိပ်မက်မက်နေပါတယ်။
ဂရပ်ဖတီသမားတယောက်အနေနဲ့ သူ့ဘဝမှာအလုပ်ချင်ဆုံးကတော့ သူနဲ့အတူနေတဲ့ သူ့ရဲ့အဖိုးနဲ့အဖွား၊ သူ့အဖေနဲ့အမေနဲ့ ပုံတွေပါတဲ့ ပုံတူဂရပ်ဖတီတခုကို သူ့အိမ်မှာ ရေးဆွဲနိုင်ဖို့ပဲဖြစ်ပါတယ်။ သူ့ဘဝအတွက်အရေးပါတဲ့၊ သူ့ကိုအစစအရာရာ ပံ့ပိုးမှုတွေပေးခဲ့သူတွေကို သူက ပုံတူပြန်ဆွဲပေးချင်တာပါပဲ။
အသက်အရွယ်ကြီးတဲ့အချိန်အထိတော့ ဂရပ်ဖတီဆွဲတဲ့ အလုပ်တခုတည်းနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူးလို့ မောင်လင်းပင်ဇော်က ထင်ပါတယ်။ အထူးသဖြင့် မန္တလေးမြို့လို ယဉ်ကျေးမှုမြို့တော်မှာ ရှေးရိုးစွဲ ဝါဒီတွေ အားကောင်းနေသေးတော့ ပိုဆိုးပါတယ်။ ဂရပ်ဖတီဆွဲတဲ့သူတွေကို အထင်သေးတယ်။ ပတ်ဝန်းကျင်ကို လိုက်ဖျက်ဆီးနေတဲ့ သူတွေလို မြင်ကြတယ်။ ဒါကြောင့် မန္တလေးမြို့မှာ ဆက်နေမယ်ဆိုရင်တော့ ဂရပ်ဖတီလည်းရေး၊ အပြင်အလုပ်တခုကိုလည်း လုပ်နိုင်မှတော်ကာကျမယ်လို့ မောင်လင်းပင်ဇော်က သူ့ရဲ့ဘော်ဒါ အရင်းကြီးတွေဖြစ်တဲ့ ဂရပ်ဖတီရေးရာမှာ အဓိကအသုံးပြုတဲ့ မှုတ်ဆေးဘူးတွေကို စိုက်ကြည့်ရင်း လေးလေးပင်ပင်နဲ့ သက်ပြင်းချရင်း ဆိုပါတယ်။
အေးမွန်ရာပြည့်
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။)
http://burmese.dvb.no/archives/98826
Comments
Post a Comment