သံသပိတ်တွေနေဝင်ချိန်ရောက်ပြီလားးးးး

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာခန့်ကတည်းက တွင်ကျယ်လာကြတဲ့ မြန်မာရိုးရာ လက်မှုသံသပိတ်လုပ်ငန်းတွေဟာ မကြာခင် အချိန်အတွင်းမှာ လုံးဝပျောက်ကွယ်သွားဖို့ အရိပ်ယောင်တွေ မြင်တွေ့နေရပါပြီ။
သံဃာတော်တွေ ဝိနည်းနဲ့အညီ ဆွမ်းခံရာမှာ အရင်က မြေသပိတ်၊ နောက်ပိုင်းမှာ သံသပိတ်ကို အသုံးပြု ရပါတယ်။
မြန်မာ့ရိုးရာ လက်မှုပညာစစ်စစ်ဖြစ်တဲ့ သံသပိတ်တလုံးရဖို့ အချိန်ပေါင်းများစွာ၊ အဆင့်ပေါင်းများစွာ အသုံးပြု ပြီး ဖန်တီးနေရတဲ့အချိန်မှာ ခေတ်မီနည်းပညာတွေနဲ့ ဟောတလုံး ဟောတလုံးဆိုပြီး လိုသလောက် စက်နဲ့ရိုက်ထုတ်နေတဲ့ စက်ထုတ်သံသပိတ်တွေကြောင့်  ရိုးရာလက်မှုပညာရပ်တခုဟာ လက်ရှိအချိန်မှာ မှေးမှိန်လာနေပါပြီ။
တကယ်တော့ မြန်မာ့ရိုးရာ သံသပိတ်လုပ်ငန်းကို တကမ္ဘာလုံးမှာမှ မြန်မာတနိုင်ငံတည်း၊ မြန်မာတနိုင်ငံတည်းမှာမှ အင်းဝမြို့တမြို့တည်းမှာသာ အဓိက ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သံသပိတ်တလုံးဖြစ်ဖို့အတွက် အဆင့်ပေါင်းများစွာ၊ အချိန်ပေါင်းများစွာ၊ လုပ်အားပေါင်းများစွာ လိုအပ်ပါတယ်။
လက်ဖြစ်သံသပိတ်တလုံး ဖြစ်ပေါ်လာဖို့ ဘယ်လောက်ခက်ခဲလဲ ဆိုတာကို လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို ဒီနေရာမှာ အကျဉ်းချုပ် ထည့်သွင်းဖော်ပြပါမယ်။ ပထမဆုံးအနေနဲ့ သံပီပါတိုင်ကီခွံက သံပြားတွေကို အချင်းတပေလောက်ရှိမယ့် သံပြားဝိုင်းငယ်တွေ ပုံစံရအောင် ဖြတ်တောက်ပါတယ်။ အဖုံးရော အပိတ်ရောပါတဲ့ သံပီပါကြီးတလုံးဆိုရင် စုစုပေါင်း အဝိုင်းပြား ၂၄ ပြား ထွက်ပါတယ်။ အဲဒီရလာတဲ့ သံပြားဝိုင်းတွေကိုမှ သပိတ်ပုံစံဖြစ်အောင် တူနဲ့ထုပြီး အပြားကို အခွက် အလုံးဖြစ်အောင် လုပ်ရတာပါ။ အဲ့ဒီလို သံပြားကနေ သပိတ်ပုံစံမျိုး ထွက်လာဖို့အတွက် အချိန်နှစ်နာရီလောက် တောက်လျှောက် လက်နဲ့ထုနှက် ပုံဖော်ရပါတယ်။ ထုတဲ့အခါမှာလည်း တူအမျိုးအစား အမျိုးမျိုုးကို ပြောင်းလဲသုံးရတယ်။ လက်ဆကိုလည်း အမျိုးမျိုးထားပြီး ပုံဖော်ထုဆစ်ရပါတယ်။
နှစ်နာရီလောက်ထုဆစ်ပြီး ထွက်ပေါ်လာတဲ့ သပိတ်ဟာတော့ လုံး၀ အကြမ်းထည်မှ လုံးဝအကြမ်းထည်ပါပဲ။ အကြမ်းထည်သပိတ်ကိုမှ တခါ အနားသတ်တွေချောအောင် တံစဉ်းလိုပစ္စည်းမျိုးနဲ့ ပွတ်တိုက်တယ်။ သံအကြမ်းဖတ်တွေကွာပြီး သန့်စင်သွားအောင် ဖားဖိုမှာ မီးနဲ့ အပူပေးသန့်စင်တယ်။ ပြီးရင် တခါ သံချေးအဆိပ်တွေကင်းအောင် ရေနံဆီနဲ့ ဖွဲမှုန့်နဲ့ ရောထားတဲ့ အမှုန့်တွေနဲ့ ပွတ်တိုက်သန့်စင်တယ်။ အားလုံးသန့်စင်ပြီးပြီဆိုရင်၊ သပိတ်ကလည်း ချောလာပြီဆိုရင်တော့ သပိတ်ရဲ့ အနားသတ်တွေ ချောမွေ့စေဖို့ ပိတ်စရှည်တစကို သပိတ်ရဲ့ နှုတ်ခမ်းသားပတ်လည်မှာ ကပ်တယ်။ အဲ့ဒီအဆင့်တွေအားလုံး ပြီးတဲ့အခါမှာတော့ သပိတ်တခုလုံးကို သစ်စေးအောက်ရည် (အရည်ပြစ်)၊ နုံးနဲ့ စပါးခွံမှုန့်တွေနဲ့ ရောကပ်ပြီး ငါးညခြောက်ညလောက် မြေအောက်ခန်းမှာ အခြောက်ခံတယ်။ အခြောက်ခံပြီး ထွက်လာတဲ့ သပိတ်ရဲ့ အပြင်ဘက်ကိုတော့ သစ်စေးအရည်ကြည်နဲ့ ဖွဲနုအမှုန့်လေးတွေကို ရောထားတဲ့ အရည်ကို ပေပင်အရွက်နဲ့ သပ်သပ်ပေးပြီး ပြန်ချောတယ်။ သပိတ်အတွင်းပိုင်းကိုတော့ အဲ့ဒီ ဖွဲနု သစ်စေးရောထားတဲ့ အရည်ကိုပဲ ဂုံညှင်းစေ့နဲ့ ပွတ်ကာ အချောကိုင်တယ်။ ပြီးရင် ထပ်မံ အခြောက်ခံရပြန်တယ်။ အဲ့ဒီအဆင့်တွေအားလုံး ပြီးဆုံးအောင်မြင်ရင်တော့ ပြီးပြည့်စုံတဲ့ သံသပိတ်တလုံးကို ရရှိပါပြီ။ သံပြားကနေ သံသပိတ်တလုံး ဖြစ်တဲ့အထိ ၇ ရက်ကြာတယ်။
_DSC2826
ဒီနေ့ခေတ်မှာတော့ မြန်မာ့ရိုးရာ လက်ဖြစ်သံသပိတ်နေရာမှာ စက်နဲ့ပြုလုပ်တဲ့ သံသပိတ်တွေ ပေါ်လာပါပြီ။ စက်နဲ့ပြုလုပ်တဲ့ သပိတ်တွေကတော့ မြန်မာ့ရိုးရာ သံသပိတ်တွေနဲ့ ပြုလုပ်ပုံခြင်း အပုံကြီးကွဲပြားလှပါတယ်။ သံတွေကို စက်နဲ့ သပိတ်ပုံစံ ရိုက်ထုတ်တဲ့အပြင် သပိတ်ကိုသုတ်တဲ့ သစ်စေးနေရာမှာလည်း သင်္ဘောဆေးတွေကို အသုံးပြုတယ်။ စက်နဲ့ထုတ်တဲ့အတွက် အလုံးရေလည်း ပိုများသလို ဆေးခြောက်အောင် စောင့်ရတာလည်း သစ်စေးသုတ်သလို မကြာဘဲ မြန်ဆန်လွန်းလှတယ်။ မြန်မာ့ရိုးရာ နည်းပညာနဲ့ ၇ ရက်၊ ၈ ရက်လောက်မှ သပိတ်တလုံးထွက်မယ့် ကိစ္စကို တရက်တည်းအတွင်းမှာ သပိတ်များစွာ ထွက်ရှိစေတယ်။ တချို့ကလည်း ပလတ်စတစ်သပိတ်တွေကို ထုတ်လုပ်လာကြတယ်။
လက်မှုပညာမှသည် စက်မှုပညာကို တိုးတက်ကူးပြောင်းခြင်းကို အားပေးရမှာ ဖြစ်ပေမယ့်လည်း တချို့ကိစ္စရပ်တွေမှာတော့ အများအပြားထွက်ရှိဖို့ အရေးနဲ့ တကိုယ်တည်း စီးပွားဖြစ်ရေးကိုသာ ဦးတည်လွန်းခြင်းတွေကြောင့် ဆိုးကျိုးတွေ၊ သက်ရောက်မှုတွေ ရှိနေတာကတော့ အမှန်တကယ်ပဲ ဖြစ်ပါတယ်။
လက်ရိုက်သံသပိတ်ရဲ့ အပေါ်ယံကို သစ်စေးတွေနဲ့ အထပ်ထပ်မံထားတဲ့အတွက် သံဃာတော်တွေ ဆွမ်းထည့်ရာမှာ မူလဆွမ်းအနံ့အရသာ မပျက်စေတဲ့အပြင် အပူကိုလည်း ထိန်းပေးတဲ့ အာနိသင် ရှိနေပါတယ်။ စက်ရိုက်သံသပိတ်ကတော့ အလွယ်တကူ သင်္ဘောဆေး သုတ်ထားတဲ့အတွက် သံဃာတော်တွေအတွက် ဆွမ်းခဲဘွယ်ထည့်ရာမှာ သင်္ဘောဆေးအနံ့တွေ ထွက်တတ်တယ်။ လက်ရိုက်သံသပိတ်တလုံးဟာ ကောင်းရင်ကောင်းသလို ၃ နှစ်ကနေ ၅ နှစ်အထိ အသုံးခံတယ်။ ဈေးနှုန်းကလည်း စက်ရိုက်သံသပိတ်ထက် ငွေကျပ် ၁၀၀၀ နီးနီးလောက်အထိ ပိုများတယ်။
အင်းဝမြို့ဟောင်းအတွင်းက ဟံသာဝတီရပ်ကွက်ထဲမှာ မြန်မာ့ရိုးရာ သံသပိတ်လုပ်ငန်း လုပ်ကိုင်တဲ့အိမ်တွေ ၁၀ အိမ်လောက်သာ ကျန်ပါတော့တယ်။ သံသပိတ်လုပ်မယ့် လုပ်သားတွေ နည်းလာတာကလည်း အဓိကအချက်တချက် အနေနဲ့ ပါဝင်ပါတယ်။ ဟံသာဝတီရပ်ကွက် အတွင်းက သံသပိတ်လုပ်တဲ့ အိမ်တချို့ကို လေ့လာကြည့်တဲ့အခါမှာတော့ လုပ်ငန်းလုပ်နေသူတွေဟာ အသက်အလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေလောက်သာ လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ လက်မှုသံသပိတ်လုပ်ကိုင်ဖို့ အဆင့်ဆင့်တွေအတွက် အဲ့ဒီ အင်းဝမြို့ဟောင်းက ဒေသခံတွေကပဲ သပိတ်လုံးရေအလိုက် အခကြေးငွေရယူပြီး လုပ်ကိုင်ကြလေ့ရှိတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလို တနေ့ကို ငွေကျပ် ၅၀၀၀ ကနေ ၆၀၀၀ လောက်အထိ ရတတ်တယ်။
ဒါပေမယ့် ဒီနေ့ခေတ်လူငယ်တွေကတော့ အဲ့ဒီလို လက်မှုသံသပိတ်တွေလုပ်ရင်း ငွေရှာရတာကို မပျော်မွေ့ကြပါဘူး။ အဲ့ဒီဒေသက လူငယ်အများစုဟာ သူတို့ဒေသက ရိုးရာလက်မှုပညာ သံသပိတ်ပြုလုပ်ပြီး ငွေရှာရတာထက် အရောင်းအဝယ်လုပ်တာ၊ မန္တလေးမြို့ကိုတက်ပြီး အလုပ်လုပ်တာ စတဲ့ ငွေဖြစ်လွယ်တဲ့ အလုပ်တွေလောက်သာ လုပ်ချင်ကြတယ်။ ဒါဟာ ရှေးဟောင်းအစဉ်အဆက် ကျင့်သုံးလာတဲ့ လက်မှုပညာကို လက်ဆင့်ကမ်းယူမယ့် မျိုးဆက်တွေ မရှိတော့တာဟာလည်း မြန်မာ့ရိုးရာ သံသပိတ်တွေ ပျောက်ကွယ်ဖို့ နီးစပ်တဲ့ အကြောင်းရင်းတချက် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာကို လက်မှုသံသပိတ်လုပ်ငန်း တိမ်ကောမှုနှုန်းဟာ မြန်ဆန်နေတယ်။ အခုလက်ရှိ အချိန်မှာတော့ အင်းဝဒေသကထွက်တဲ့ လက်ဖြစ်သံသပိတ်တွေကို ရန်ကုန်၊ မော်လမြိုင် အစရှိတဲ့ အောက်ပြည်က မြို့ကြီးတွေကို လှိုင်လှိုင်တင်ပို့ နေရသေးတယ်။ အင်းဝနဲ့ နီးနီးလေးမှာ ရှိနေတဲ့ မန္တလေးမြို့မှာကတော့ မန္တလေးစက်မှုဇုန်တွေမှာ ရိုက်ထုတ်နေတဲ့ စက်ထုတ်သံသပိတ်တွေကို မတိုးနိုင်တော့ပါဘူး။
အင်းဝဒေသအတွင်းက လက်ဖြစ်သံသပိတ်လုပ်တဲ့ အိမ်တွေထဲမှာ သက်တမ်းအကြာရှည်ဆုံးအဖြစ် ဘိုးဘွားစဉ်ဆက် ၃ ဆက်တိုင်တိုင် (နှစ်ပေါင်း ၂၅၀ ကျော်) အထိ လုပ်လာကြသူတွေ ပါဝင်တယ်။ အခုချိန်မှာတော့ သူတို့ သူတို့တွေရဲ့ စိတ်တွေထဲမှာ စိုးရိမ်စိတ်တခု ဝင်နေကြရပြီလို့ ဆိုတယ်။ အဲ့ဒါကတော့ သူတို့ဒေသရဲ့ အထိမ်းအမှတ် သင်္ကေတတခုလို့ ပြောလို့ရမယ့် ဘိုးဘွားစဉ်ဆက် သံသပိတ်လုပ်ငန်းဟာ နှစ်ပေါင်း ၃၀၀ အထိတောင် ဆက်လက်တည်တံ့ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ပါပဲ။
အေးမွန်ရာပြည့်  

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

အင်းတော်မြို့ကစည်လုပ်ငန်း

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"