ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန် တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး
င်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စု အပါအဝင်ပင်ဖြစ် သည်။


သနပ်ခါးပါးပါးကို ညက်နေအောင်လိမ်းထားသည့် မျက်နှာပေါ်တွင် သနပ်ခါးထူထူကို သစ်ရွက်ပုံဖော်ပြီး ထပ်လိမ်းထားသည်။ နှုတ်ခမ်းတွင် ပန်းရောင်နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ ကုပ်ထိအောင် ရှည်နေပြီဖြစ်သည့် ဆံပင်များကိုလည်း နှစ်ခြမ်းခွဲကာ ကျစ်ဆံမြီးကျစ်ထားသည်။ အနည်းငယ်ဟောင်းနွမ်းနေ သည့် စကတ်တိုနှင့် နှစ်ထပ်အင်္ကျီကို ဝတ်ထားသည်။ ထိုသို့ အပျိုမကြီးပုံစံဖမ်းထားသော်လည်း ငယ်သွားလဲရန် ကျိုးနေသည့်သွားလေးများ၊ ဖြူဖွေးနေသည့် မျက်လုံးအတွင်းသားများနှင့် မည်းညစ်နေသည့် ခြေလက်များကတော့ အပြစ်ကင်းစင်နေသည့် ကလေးငယ်တစ်ဦးရဲ့ သွင်ပြင် လက္ခဏာများ အထင်းသားပေါ်စေသည်။ သူမ၏နာမည်အပြည့်အစုံမှာ ယဉ်ယဉ်ချောဖြစ်သည်။

ကုသိုလ်တော်ဘုရားဝင်းပရိဝုဏ်အတွင်းတွင် အသက် ၂ နှစ်ခွဲခန့်အရွယ်ကတည်းက ပန်းရောင်းခဲ့သည့် ယဉ်ယဉ်ချောမှာ ယခုအသက်(၇)နှစ်ကျော်ရှိပြီဖြစ်သည်။ ပန်းရောင်းခဲ့သည့်သက်တမ်း မှာလည်း လေးနှစ် ခွဲကျော် ငါးနှစ်အတွင်းသို့ပင် ဝင်တော့မည်။ အဘွားဖြစ်သူလက်ထက်မှ သူမ၏အမေဖြစ်သူပါ မျိုးရိုးစဉ်ဆက်ပန်းရောင်းခဲ့သည့် ကုသိုလ်တော်ဘုရားဝင်းအတွင်းပင် သူလည်း ပန်းရောင်းတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

အဖေဖြစ်သူဆုံးပါးပြီး အမေကလည်း နောက်အိမ်ထောင်ပြုခဲ့သည့်အတွက် ယဉ်ယဉ်ချောတစ်ယောက် အဘိုးအဘွားများနှင့်သာ အတူနေထိုင်သည်။ အဘိုးအဘွားကိုပင် အဖေ၊ အမေအဖြစ်ပင် ပြောင်း လဲခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ သူသိတတ်စအရွယ်မှပင် ဖြစ်သည်။ သူ၏အဘိုးက စာကလေးအစာရောင်းပြီး အဘွားကတော့ အိမ်မှုကိစ္စများကိုသာ တာဝန်ယူထားသည်။ တစ်နေ့တာ ပန်းရောင်းရသမျှငွေများ အားလုံးကိုလည်း ရေတွက်မနေဘဲ အဘွားလက်ထဲသို့ပင် အကုန်ပေးသည်။ ဘုရားဖူး ဧည့်သည်များ လျှင်များသလို ယဉ်ယဉ်ချော၏ တစ်နေ့ပန်းရောင်းရငွေမှာ အများဆုံးကျပ်ငါးထောင်ခန့် အထိ ရတတ်သည်။

တစ်ခါတစ်ရံ ပန်းရောင်းရငွေများထဲမှ ငွေတစ်ရာ၊ နှစ်ရာကို ဘုရားဘဏ္ဍာငွေအလှူခံသည့်ပုံးအတွင်း ထည့်တတ်သေးသည်။ “အဲဒီလိုထည့်ရင် ပန်းများများ ပိုရောင်းရတတ်တယ်။ များများရောင်း ရတော့ စောစောပြန်ရတယ်”ဟု ယဉ်ယဉ်ချောက ပွင့်လင်းသွက်လက်စွာပြောသည်။

လက်ရှိအချိန်တွင် မူလတန်းတက်နေရပြီဖြစ်သည့်အတွက် ယခင်ကလို တစ်နေကုန်ပန်း မရောင်းနိုင်တော့ပါ။ ညနေအချိန်ပိုကျောင်းဆင်းပြီး လေးနာရီနောက်ပိုင်းအချိန်များတွင်သာ အချိန်လုကာ ပန်းရောင်းနေရသည်။ ယင်းအချိန်ပိုင်းအတွင်း သူ၏ပန်းရောင်းရကြေးက ငွေတစ်ထောင်ကျော်သည်။

ကျောင်းချိန်နှင့်တိုက်၍ ပန်းမရောင်းနိုင်တော့သည့်အတွက် အဘိုးဖြစ်သူ၏ စာကုသိုလ်ရောင်းရငွေများနှင့်သာ မိသားစုနေ့စဉ်စားစရိတ်အတွက် ရပ်တည်နေရသည်။ အချိန်ပိုင်းပန်းရောင်းရသည့်ငွေများ ကိုမူ ကျောင်းအချိန်ပိုကြေးတစ်လလေးထောင် အချိန်မှန်ပေးရန်အတွက် အဘွားက သီးသန့်စုပေးထားသည်။

ကျောင်းတက်နေသည့်ရက်များတွင်လည်း တစ်ရက်မှ ကျောင်းပျက်မခံဘဲ နေ့စဉ်အိမ်စာများကို အကြွေးမထားဘဲ စိတ်ပါလက်ပါလုပ်တတ်သောကြောင့် ပြီးခဲ့သည့်လပတ်စာမေးပွဲတွင် အဆင့်လေးနေရာ ရခဲ့သေးသည်။

အသက် ၇ နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအနေဖြင့် လိုချင်စရာအဆန်းအပြားပစ္စည်းများ ကလည်း ပေါများလှသည်။ တစ်ခါတစ်ရံ သူလိုချင်လွန်းလှသည့် ဒေါက်ဖိနပ်၊ ကွန်ပါဘူးကဲ့သို့သော ပစ္စည်းများကိုဝယ်ပေးရန် အဘိုးအဘွားများထံသို့ ရှားရှားပါးပါးပူဆာတတ်သေးသည်။ မဝယ်ပေးလျှင်လည်း ခဏတိုင်း နားပူနားဆာလုပ်တတ်သူ မဟုတ်ကြောင်း သူမ၏အဘွားဖြစ်သူ ဒေါ်ရင်သန်းက ယဉ်ယဉ်ချော၏ဆံပင်များကို ဖြီးသင်ပေးနေရင်းပြောသည်။
သူပန်းရောင်းနေသည်ကို သတိထားမိသည့် နိုင်ငံခြားဧည့်သည်အချို့ကလည်း ၎င်းတို့တွင် ပါလာသည့် သော့ချိတ်များ၊ အရုပ်များ၊ ဖောင်တိန်များ မကြာခဏပေးသွားတတ်သည်။ တစ်ခါကလည်း နိုင်ငံခြားသားတစ်ဦးက ပြည်ပမဂ္ဂဇင်းတစ်အုပ်ထဲတွင် ပါလာသည့် သူမရယ်နေသည့် ပုံကိုဖြဲကာ လက်ဆောင်ပေးခဲ့ဖူးသည်။
ထိုစာမျက်နှာအား ယနေ့အချိန်ထိ သူအိပ်သည့်ခေါင်းရင်းတွင် ကပ်ပြီးထားထားသည်ဟု ယဉ်ယဉ်ချောက ဆေးဆိုး ထားသည့်နှုတ်ခမ်းပါးကို ကော့ပျံနေအောင် ပြုံးရယ်ရင်းပြောသည်။

လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ကုသိုလ်တော်ဘုရားတွင် ပန်းရောင်းနေရသော်လည်း သူကြီးလာလျှင် ဆရာဝန်မကြီး (သို့မဟုတ်) ဧည့်လမ်းညွှန်လုပ်လိုသည်။

“အဘွားက ရောင်းခိုင်းလို့သာရောင်းရတာ။ ဒေါက်တာဆရာမကြီးဖြစ်ချင်တာ။ တိုးရစ်ဂိုက်မကြီးလည်းဖြစ် ချင်တယ်။ တိုးရစ်ဂိုက်အစ်မတစ်ယောက်ကဆို အခုချိန်ထိ ဘုရားလာတိုင်း မုန့်ဖိုးတွေပေးတယ်”ဟု ယဉ်ယဉ်ချောက နာမည်ကိုစာရွက်ပေါ်တွင် လက်သေးသေးလေးများဖြင့် ရေးပြနေရင်းပြောသည်။

ပညာတတ်ကြီးတစ်ယောက်အထိဖြစ်ရန် ယဉ်ယဉ်ချောတစ်ယောက် စိတ်ကူးယဉ်နေသော်လည်း အဘွားဖြစ်သူကမူ ရည်းစားထားပြီး စိတ်လေလွင့်မည်ကို စိုးရိမ်သောကြောင့် ငါးတန်းထိသာ ကျောင်း တက်ခိုင်းပြီး စက်ပန်းထိုးပညာရပ်ဖြင့် အိမ်တွင်းတွင်ပင် အလုပ်လုပ်ခိုင်းရန် စိတ်ကူးထားသည်ဆိုပါသည်။ ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲများစွာ ကုသိုလ်တော်ဘုရားဝင်းအတွင်း လာရောက်နေကြသည်ကို မြင်တွေ့နေရသည့် ဒေါ်ရင်သန်းတစ်ယောက် မြေးဖြစ်သူအပေါ် စိတ်အပူကြီးပူကာ အိမ်တွင်ပင် အလုပ်လုပ်စေရန် စီစဉ်နေခြင်းဖြစ်သည်။

“စာလည်းတတ်စေချင်တယ်။ ရှစ်တန်း၊ ကိုးတန်းရောက်လို့ စရိတ်စကကြီးတာကတစ်မျိုး၊ ပျက်ဆီးမှာစိုးတာကလည်းတစ်မျိုး၊ စိတ်ပူနေရမှာကြောင့် ငါးတန်းလောက်ပြီးရင် စက်ပန်းထိုးသင်ပေး ဖို့တော့ စီစဉ်ထားတာပဲ”ဟု ဒေါ်ရင်သန်းကပြောသည်။

ယဉ်ယဉ်ချောမှာ ကုသိုလ်တော်ဘုရားသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အကြားတွင် ထင်ရှားကျော်ကြားသကဲ့သို့ ပြည်ပခရီးသွားများ လာသည်နှင့်အမျှ နိုင်ငံခြားတွင်လည်း သူပုံရိပ်များက ပျံနှံ့နေပြီဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်းတွင် ကုသိုလ်တော်ဘုရားသို့ အလည်ရောက်ခဲ့ဖူးသည့် ခရီးသွားဧည့်သည်များမှ သူနှင့်ပတ်သက်သည့် အချက်အလက်များ ပြန် လည်ဖြန့်ဝေမှုကြောင့် သူနှင့်တွေ့ဆုံရန် ကုသိုလ်တော်ဘုရားသို့ တကူးတကလာရောက်ကြ ရသည့် နိုင်ငံခြားသားများလည်းရှိသည်ဟု မန္တလေးမြို့ခံ နိုင်ငံခြားသားစကားပြန်တစ်ဦးကပြောသည်။

ပန်းဗန်းကိုရွက်ကာတစ်မျိုး၊ ပိုက်ကာတစ်မျိုးဖြင့် ရယ်နေသည့် သူ၏ပုံတူများမှာလည်း ပြည်တွင်းမှ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များ၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် သာမက ပြည်ပပညာရှင်များ အထိပင် ပျံ့နှံ့နေပြီဖြစ်သည်။

ကလေးငယ်တစ်ဦး ဈေးရောင်းနေသည်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ငြိစွန်းမှုများရှိနေနိုင်သော်လည်း သူ၏ချစ်စရာကောင်းလွန်းသည့် သွင်ပြင်လက္ခဏာများကြောင့် ခရီးသွားဧည့်သည်များမှ အစ ပညာရှင်အဆင့် ဓာတ်ပုံရိုက်သူများပါ သူ၏ပုံကိုမှတ်တမ်းတင်ရန် စိတ်အားထက်သန်သွားတတ်ကြသည်ဟု မန္တလေးမြို့မှဓာတ်ပုံပညာရှင် မောင်ဘဦး (မန္တလေး)ကပြောသည်။ ဓာတ်ပုံထဲတွင် သူ၏ပုံရိပ်များ အသက်ဝင်ပြီးလှနေစေသည့် လျှို့ဝှက်ချက်မှာ အသံထွက်အောင် ရယ်ခြင်းပင်ဖြစ်သည်။

သူ့ကို ပုံတူပန်းချီရေးဆွဲရန် အုပ်ထိန်းသူလက်မှတ်ထိုးပေးရန် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကတောင်းဆို၍ ထိုးပေးခဲ့ရဖူးသည်။ ပြည်တွင်းပညာရှင်တစ်ဦးကလည်း သူ၏ တစ်နေ့တာဖြတ်သန်းပုံများကို အသေးစိတ်မှတ်တမ်းဓာတ်ပုံ ယူသွားခဲ့ဖူးသည်။ သို့သော်လည်း သူ၏ပုံရိပ်ကို အသုံးပြုသည့်အတွက် အခကြေးငွေတစ်စွန်းတစ်စမှ မရရှိခဲ့ဖူးသေးပါ။ သူ၏ဓာတ်ပုံများကို ပြည်တွင်းပြည်ပတွင် ပြပွဲများ၊ မဂ္ဂဇင်းများတွင် ထည့်သွင်းအသုံးပြုပြီး အကျိုးအမြတ်များ ခံစားနေရသော်လည်း မိသားစုမှာမူ ယနေ့အချိန်ထိ နေ့စဉ်စားဝတ်နေရေး ပူပန်နေရဆဲဖြစ်သည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လည်းဖြစ်၍ တစ်နေကုန်ပန်းရောင်းရန် ဘုရားဝင်းအတွင်းရောက်နေသည့် ယဉ်ယဉ်ချောတစ်ယောက် ထမင်းစားနားနေသည်မှာ နှစ်နာရီနီးပါးရှိတော့မည်။ နံနက်ခင်းတစ်ပိုင်းလုံး ပန်းရောင်းခဲ့ပြီး နေ့လယ် ၁၂ နာရီကတည်းက အနားယူခဲ့သည်မှာ ယခုနှစ်နာရီထိုးခဲ့ပြီဖြစ်သည်။ ပန်းသွားမရောင်းမီ မျက်နှာပေါ်မှာ သနပ်ခါးနှင့် နှုတ်ခမ်းနီအား အဆင်ပြေ၊ မပြေ မှန်ကိုတစ်ချက်ကြည့်လိုက်ပြီး ပန်းဗန်းကို ခေါင်းပေါ်ရွက်တင်လိုက်သည်။

ညနေစောစောပြန်ရရေးအတွက် ဗန်းအတွင်းမှ လက်ကျန်ပန်းအားလုံးကို အမြန်ရောင်းထွက်စေရန် ဘုရားဘဏ္ဍာငွေ အလှူခံသည့်ပုံးအတွင်းသို့ တစ်ရာကျပ်သွားထည့်လိုက်သည်။ ထို့နောက် ဘုရားအတွင်းသို့ဝင်လာသည့် ၀၀ဖိုင့်ဖိုင်အသက်ခပ်ကြီးကြီး နိုင်ငံခြားသားစုံတွဲဆီသို့ ပန်းသွားရောင်းနိုင်ရန် ခြေလှမ်းပြင်လိုက်သည်။ ခေါင်းပေါ်ရွက်ထားသည့် ပန်းဗန်းကလေးကလည်း ယဉ်ယဉ်ချောခေါ်ရာနောက်သို့ မလိုက်ချင်၊ လိုက်ချင်နှင့် တလှုပ်လှုပ်။

ဓာတ်ပုံ- အေးမွန်ရာပြည့်

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"