အမေ့ခံ အင်းဝ တံတားအို

(ဧရာဝတီသတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။)

ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေ ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး သူတို့ ကိုယ်တိုင်ပဲ ပြန်လည် ဖျက်ဆီးပစ်ခဲ့တဲ့ သမိုင်းဝင် တံတားကြီး တစင်း။ မြန်မာနိုင်ငံ အတွင်းက အဓိက မြစ်ကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ပထမဆုံး စတင် တည်ဆောက် ခဲ့တဲ့ သမိုင်းဝင် မြစ်ကူး တံတားကြီး တစင်း။ အင်မတန်လှပတဲ့ အတွက် ရှုမငြီးနိုင်တဲ့ သမိုင်းဝင် တံတားကြီး တစင်း။

အဲ့ဒီဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ တံတားကြီးကတော့ အင်းဝတံတားလို့ ခေါ်တဲ့ စစ်ကိုင်းတံတားကြီးပဲ ဖြစ်ပါတယ်။

တချိန်က လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားပြီး မြန်မာနိုင်ငံ အတွက် အရေးအပါဆုံး ဖြစ်ခဲ့ပေမယ့် ခုအခါ သူ့နံဘေးမှာ ဧရာဝတီတံတား (ရတနာပုံ) ဆိုတဲ့ အမည်နဲ့ တရုတ်ဒီဇိုင်း တံတားအသစ် တစင်းကို စစ်အစိုးရက တည်ဆောက် လိုက်တာကြောင့် အင်းဝတံတားကြီးက ညှိုးမှိန်သွားတယ်။ အပစ်ပယ်ခံ အဖြစ်နဲ့ ရှိနေရတဲ့ အဲ့ဒီ နာမည်ကျော် တံတားကြီးကို စာဖတ်သူတွေနဲ့ ဒီတပတ်မှာ ပြန်လည်ထိတွေ့ပေးလိုက်ပါတယ်။

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို အပြန်အလှန် ဆက်စပ်ပေးထားတဲ့ တံတားကြီး ဖြစ်ပြီး အင်းဝ မြို့ဟောင်းနဲ့လည်း နီးကပ်စွာ တည်ရှိနေတဲ့ အတွက် အင်းဝတံတား (တနည်း) စစ်ကိုင်းတံတားလို့ ခေါ် ကြပါတယ်။

တံတားကြီးပေါ်ကနေ ကြည့်လိုက်ရင် အနောက်ဘက်မှာ စစ်ကိုင်းမြို့ကြီးနဲ့ ဖြူဖြူဖွေးဖွေး ဘုရား စေတီတွေနဲ့ စိမ်းမြမြ စစ်ကိုင်းတောင်ကြီးက ပနံရ လှပပါတယ်။ မြောက်ဘက်က ဧရာမြစ်နဖူးမှာ ကြက်ညီနောင်လို့ တင်စားကြတဲ့ ရွှေကြက်ယက် ရွှေကြက်ကျဘုရားတို့ ရှိတယ်။ တောင်ဘက်မှာတော့ မယ်နုအုတ်ကျောင်းနဲ့ နန်းမြင့်မျှော်စင်တို့ရှိတဲ့ အင်းဝမြို့ဟောင်း ကြီးကို မှုန်မှိုင်းပျပျ မြင်တွေ့ရပါမယ်။ အနုပညာအခံဓာတ် ပိုရှိတဲ့သူ ဆိုရင်တော့ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ်တို့ ဆုံတဲ့နေရာ တဝိုက်က ရှုခင်းရှုကွက်တွေကိုပါ အပီအပြင် ခံစားမိမယ်။ ဆရာမြို့မငြိမ်းကတော့ ဧရာဝတီ၊ စမုံ၊ ဒုဋ္ဌဝတီ၊ ဇော်ဂျီ၊ ပန်းလောင်ချောင်း မြစ်ငါးလီ ပေါင်းလို့ ဆုံကြသည်လို့ ဒီနေရာတဝိုက်ကို စာဖွဲ့ခဲ့တယ်။

တံတားကြီးရဲ့ အရှေ့ဘက် အခြေမှာတော့ အင်းဝခံတပ် (ခေါ်) သပြေတန်းခံတပ်ကို အထင်းသား တွေ့ရမယ်။ စိတ်ဝင်စားရင် ခဏတဖြုတ် ဝင်ရောက် လေ့လာနိုင်သေးတယ်။ နံနက်အရုဏ်ဦး အချိန်မှာတော့ စစ်ကိုင်းဘက် အခြမ်းကနေ ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေကို ဖူးတွေ့ရမှာ ဖြစ်ပြီး ညနေစောင်း အချိန်တွေမှာတော့ မြစ်ဆိပ်မှာ အဖွဲ့လိုက်အဖွဲ့လိုက် ရေချိုးဆင်းနေကြသူတွေ ကိုပါ တွေ့ရပါဦးမယ်။

ဒီ အင်းဝတံတားကြီးကို ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က မြန်မာဘုရင်ခံ ဆာဟူးဂျ် လင်းစဒေါင်း စတီဖင်ဆန် ကိုယ်တိုင် အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။

တံတားကြီး ဖွင့်လှစ်ခဲ့ချိန် ကတည်းက မှတ်မှတ်ရရ အဖြစ်ပျက်တွေကလည်း ရှိခဲ့တယ်။ အုတ်နီနီရဲရဲတွေနဲ့ အခြေပြု တည်ဆောက်ထားလို့ အဝေးက ကြည့်လိုက်ရင် ဧရာဝတီမြစ်ကြီးပေါ်မှာ မိကျောင်းကြီးတကောင် ကန့်လတ်ဖြတ် ရောက်နေတယ် ဆိုပြီး နာမည် ကျော်ကြားခဲ့တယ်။ အဲ့ဒီမိကျောင်း ကိစ္စနဲ့ ဆက်စပ်ပြီး အင်းဝတံတားကြီး ဖွင့်ပွဲဟာ အထက်မြန်မာနိုင်ငံမှာ အုတ်အော်သောင်းတင်း ပွဲကြီးပွဲကောင်းတပွဲ ဖြစ်ခဲ့တာ ပေါ့။

အောက်ရပ်က လူတွေ၊ အညာက လူတွေသာ မကဘဲ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းလို တောင်ပေါ် အရပ်ဒေသက လူတွေကပါ တံတားဖွင့်ပွဲကြီးကို လာရောက်ဆင်နွှဲခဲ့ကြတယ်။

အင်းဝတံတားကြီးဟာ အမြင့်ပေ ၁၀၂ ပေ၊ အရှည် ၃၉၄၈ ပေ ရှည်လျားတယ်။ ပေါင်းကူး တံတားအမျိုး အစားဖြစ်ပြီး ယက်မကြီး ၉ ခု၊ ယက်မ လတ် ၁ ခုနှင့် ယက်မငယ် ၆ ခုစီ ပါရှိပါတယ်။ စတင် တည်ဆောက်ချိန် ကာလကတော့ ကျပ်ဒင်္ဂါး ၁၄၃ သိန်း ( စတာလင်ပေါင် ၁၀ သိန်းခန့်) ကုန်ကျ ခဲ့တယ်လို့ ဆိုကြတယ်။

အဲ့ဒီတံတားကြီး မရှိခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ် ဝန်းကျင်လောက်ကတော့ ပြည်နယ်တခုနဲ့ တခု အချင်းချင်း သွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးတွေ ခက်ခဲခဲ့တာ၊ တံတားကြီး တည်ဆောက်ပြီးချိန် မှာတော့ အားလုံး အလုံးစုံ အစစအရာရာ အဆင်ပြေခဲ့တယ်။ အချုပ်ပြောရရင် မရှိမဖြစ် အရမ်းကို အရေးပါခဲ့တဲ့ တံတားကြီး အဖြစ် တည်ရှိခဲ့တာ ပေါ့။

အင်းဝတံတားကြီး မရှိသေးခင် ကတော့ စစ်ကိုင်းနဲ့ မန္တလေးကို လှေကူးတို့နဲ့ ကူးသန်းခဲ့ကြရတာပါ။ တံတားကြီး ဆောက်ပြီးကာစ အချိန်မှာတော့ မြစ်ဟိုဘက် ဒီဘက် ကူးပို့ပေးတဲ့ ကူးတို့ လှေသမား အများစု အလုပ်လက်မဲ့ ဖြစ်သွားတာက လွဲလို့ လူတွေအတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန် လာကြတယ်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ စစ်ကိုင်းဘက်ခြမ်း ကနေ မြစ်အရှေ့ဘက်မှာ ရှိတဲ့ မန္တလေး၊ မိတ္ထီလာ၊ ရှမ်းပြည် ဘက်ခြမ်းတွေ အထိ ကုန်စည်စီးဆင်းမှုတွေ အောင်မြင်စွာ ဖြစ်ထွန်းခဲ့တယ်။

စစ်ကိုင်းတံတားကြီးကို အခြေပြုပြီး စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်း၊ ရှမ်းပြည် တွေနဲ့အထိ ကုန်စည်စီးဆင်းမှုတွေဟာ ကျယ်ပြန့်ခဲ့ကြတယ်။ အခုခေတ်စကားနဲ့ ပြောရရင်တော့ စစ်ကိုင်း တံတားကြီးနဲ့ တံတားကိုအသုံးပြုပြီး ကုန်စည်သယ်ပို့ရောင်းချသူတွေ၊ လူမှုစီးပွားလုပ်သူ တွေဟာ အရမ်းကို စည်းလုံးခဲ့ကြတယ် ပေါ့။ အရမ်းကို ရင်းနှီးခဲ့ကြတာပေါ့။

ဒါပေမယ့် အဲ့ဒီလို အပြန်အလှန် ရင်းနှီးကျွမ်းဝင် ခဲ့ရတဲ့ အချိန်ကာလတွေဟာ အရှည်လျားကြီးတော့ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တံတားကြီးကို စတင်တည်ဆောက်ခဲ့တဲ့၊ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်တွေ ကိုယ်တိုင်ကိုက တံတားကြီးကို ပြန်လည်ဖျက်ဆီးခဲ့ကြလို့ ပါပဲ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လို့ မြန်မာပြည်ထဲက အင်္ဂလိပ်တပ်တွေ ဆုတ်ခွာတော့မယ့် ၁၉၄၂ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့မှာပဲ တံတားကြီးရဲ့ ပေါင်းကူး အမှတ် (၇) နဲ့ (၈) ကို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်။ တံတားကြီးဟာ ဒဏ်ရာတွေ ဗရပွနဲ့ အသုံးပြုလို့ မရတော့တဲ့ အခြေအနေကို ရောက်သွားတယ်။

အဲဒီ ဒဏ်ရာတွေနဲ့ တံတားအပျက်ကြီး ကိုလည်း ဒီအတိုင်းပဲ ထားခဲ့ကြတာ ဆယ်စုနှစ် တခုနီးပါး ကြာခဲ့ပြန်တယ်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလမှသာ ဝန်ကြီးချုပ် ဦးနု ဦးဆောင်ပြီး အဲ့ဒီခေတ်က ငွေကျပ် ၅၇ သိန်း ကျော် အကုန်အကျ ခံကာ ပြန်လည်ပြုပြင် ပြီးစီးခဲ့တယ်။ ပြီးစီးတဲ့အချိန်မှာလည်း နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦး ကိုယ်တိုင် ပြန်လည်ဖွင့် လှစ်ပေးခဲ့တယ်။

တံတားကြီးရဲ့ အလယ်ကြောမှာ မီးရထားလမ်း ပါတဲ့ အတွက် ကားရော၊ စက်ဘီး ဆိုင်ကယ်ရော သာမက မီးရထားတွေပါ အတူတူဖြတ်သန်းသွားလို့ ရတယ်။ ကားဆိုင်ကယ်သွားတဲ့ လမ်းရဲ့ နံဘေးမှာမှ လူသွားလမ်း လေးပါသေး လို့ တံတားကြီးပေါ် လမ်းလျှောက်ပြီး ဟိုဘက်ဒီဘက် ရှုခင်းကြည့်ရတာက လည်း အင်မတန်မှ အရသာ ရှိလှတယ်။ တံတားကြီး ပေါ်က ကားနဲ့ ဖြတ်ရင်ကို ကားမောင်းသူကို ဖြည်း ဖြည်းလေးမောင်းပြီး ဖြတ်ခိုင်းကြတယ်။ ကားစီးရင်း ရှုခင်းရှုကွက်တွေ ကြည့်ကြရအောင်ပေါ့။

ရှုခင်း ကြည့်ရင်း စစ်ကိုင်းတံတားကို ဖြတ်ကူးရတဲ့ အရသာ ဟာလည်း တကယ်ကို ဘာနဲ့မှ မတူပါဘူး။ မျက်စိထဲကို ရှုခင်းတွေ ရောက်လာလိုက် တံတားကြီးရဲ့သံမဏိ ကိုယ်ထည်အစိတ်အပိုင်း တံတားပေါင်ကြီးတွေ ရောက်လာလိုက်နဲ့ ရှုခင်းကို ကန့်ကန့် ပေးသလို အင်မတန် ကြည်လို့ ကောင်းလှတယ်။ အခုအချိန်ထိ လည်း တံတားကြီးပေါ်က ကြည့်ရင် ရှုခင်းတွေဟာ ဆွဲဆောင်မှု ရှိနေဆဲပါပဲ။ ကြည့်လို့ လှနေဆဲပါ။

ဒါပေမယ့် တံတားကြီးပေါ် ကနေ အလှတရား တွေကို ကြည့်တတ်တဲ့ မျက်စိရှိသူ အရေအတွက်ကတော့ ပြည်တွင်းမှာ နည်းသွားပြီ။ ဒီနေ့အချိန်မှာ ဒီတံတားကြီးကို တန်ဖိုးထားပြီး လာရောက်ကြည့်ရှုသူ အများစုဟာ နိုင်ငံခြားသားတွေသာ ဖြစ်သွားပြီ။ သူတို့တွေက တံတားကြီးနဲ့ တွဲပြီး ဓာတ်ပုံရိုက်တယ်။ တံတားကြီးရဲ့ ပတ်ဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့ သမိုင်း အထောက်အထားတွေ၊ မှတ်တိုင်တွေ၊ ကျောက်စာတွေကို ဓာတ်ပုံရိုက်ယူကြတယ်။ တံတား ကြီးပေါ် ကားတစီးစီး ဖြတ်သွားရင် သက်တမ်း နှစ် ၈၀ ကျော်လာလို့ တံတားကြီး လှုပ်လီလှုပ်လဲ့ ဖြစ် ဖြစ်သွားတဲ့ ခံစားမှုကို သဘောကျကြတယ်။

အဲ့ဒီ အင်းဝတံတားအိုကြီးရဲ့ အနီးမြောက်ဘက်မှာ ကပ်လျက် သစ်လွင်တဲ့ ဧရာဝတီတံတား (ရတနာပုံ) ဆိုတဲ့ အမည်နဲ့ တံတားသစ် တစင်းကို စစ်အစိုးရလက်ထက်၂၀ဝ၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်တည် ဆောက်တယ်။ ၂၀ဝ၈ ခုနှစ်၊ ဧပြီ ၄ ရက်နေ့မှာ ဖွင့်လှစ်အသုံးပြုခဲ့တယ်။ ဧရာဝတီတံတား (ရတနာပုံ) ရဲ့ အရှည်ဟာ ၅၆၇၄ ပေရှိတဲ့ အတွက် အရင် စစ်ကိုင်းတံတား အဟောင်းထက် ပိုရှည်ပါတယ်။ ဒါပေမယ့် တံတားအသစ်မှာ မီးရထားလမ်း ကတော့ ထည့်သွင်း မထားပါဘူး။ မြစ်ကြီးနားရထား၊ မုံရွာရထားတွေက အင်းဝတံတားကပဲ မြစ်ကို ဖြတ်ကူးရတယ်။

ညအချိန်မှာ လာကြည့်ရင်တော့ သမိုင်းဝင် အင်းဝတံတားကြီးရဲ့ မျက်နှာငယ်နေရမှုကို အတိုင်းသား တွေ့မြင်ကြရ မှာပဲ ဖြစ်ပါတယ်။ တံတားအသစ် ကလေးကို မီးပြိုးပြိုးပျက်ပျက် ဖြိုးဖြိုးလက်လက်တွေနဲ့ တန်ဆာဆင် ပေးထားပြီး တံတား အိုကြီး ကိုတော့ အဖြူရောင်မီးသီး ကွက်ကျားလေး တွေလောက်နဲ့သာ ဖိုသီဖတ်သီ ဆင်ယင်ပေးထားတယ်။

တံတား ၂ စင်းကို ခွဲခြား ဆက်ဆံထားတာဟာ အစိုးရဌာန တာဝန်ရှိသူတွေချည်း မဟုတ်ပါဘူး။ ပြည်သူတွေလည်း ခွဲခြား ဆက်ဆံတဲ့ထဲမှာ ပါပါတယ်။ တံတားသစ်လေး ဆောက်ပြီးကတည်းက အရင်က တံတားအိုကြီးကို အကျွမ်း တဝင် အသုံးပြုခဲ့ဖူးသူ တွေဟာ စိမ်းစိမ်းကားကား ဖြစ်သွားလိုက်ကြတာ။ မိတ်ဆွေဟောင်းကြီးကို လူမမာသွားမေး သလိုတောင် ဝင်ရောက်ခြင်း အလျင်း မပြုကြတော့ပါဘူး။ အသစ်မြင်တော့ အဟောင်းမေ့ဆို သလိုပါပဲ။

အခု ချိန်မှာတော့ မီးရထားတွေနဲ့ ဘတ်စ်ကား လိုင်းကားတွေ လောက်သာ တံတားအိုကြီးပေါ်က တခါတလေ ဖြတ်သန်းကြတယ်။ ၁၅ တန် အထက် ယာဉ်တွေ မဝင်ရဘူးဆိုပြီး တံတားကြီးကို ထိန်းသိမ်းဖို့ စီမံထားကြတယ်။ တံတားအိုကြီး ပေါ်ကနေ တခါဖြတ်သန်းရင် ဖြတ်သန်းခ ကြေးငွေ ပေးရတယ်။ ဒါပေမယ့်လည်း တံတားအိုကြီး အတွက် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများပြုလုပ်ဖို့ အားနည်း နေတာကိုလည်း တွေ့ခဲ့ရပါတယ်။


ရတနာပုံ မြစ်ကူးတံတား အသစ် မဆောက်ခင်က အင်းဝတံတားဟောင်းကြီးကို ရုပ်ပိုင်းဆိုင်ရာ အမြင်လှဖို့ ငွေရောင် ဆေးတွေ နှစ်စဉ်သုတ်လိမ်းပေးခဲ့ ပေမယ့် ဒီနေ့အချိန်မှာတော့ ဆေး မသုတ်တာကြာပြီမို့ တံတားကြီးရဲ့ အပေါ်ယံ အရေပြားလို့ ဆိုရမယ့် ငွေရောင်ဆေး တွေက ကျွတ်တဲ့နေရာ ကျွတ်နေပြီး အောက်ခံ ဆေးနီညိုတွေ တချို့တဝက်ကို မြင်နေရတယ်။ မော်တော်ယာဉ် အများစုကတော့ တံတား အသစ်ဘက် ကနေသာ သွားလာ ကြတာများတယ်။ တံတားအသစ်မှာက အခကြေးငွေ ပေးစရာ မလိုဘဲ တံတားပေါ်က ဖြတ်နိုင်တယ် လေ။ မီးရထားလမ်း မပါတော့ လမ်းပိုကျယ်တယ်။

ဖြစ်နိုင်ရင် သမိုင်းဝင် အမေ့လျော့ခံ အင်းဝတံတား အဟောင်းကြီးဘက်ကို လေညင်းခံရင်း ဖြစ်ဖြစ်၊ မတော်တဆ လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ လမ်းမကြုံဘဲပဲ ဖြစ်ဖြစ် သွားရောက် လည်ပတ်ကြပြီး၊ မိတ်ဆွေ တံတားအအို အဟောင်းကြီးကို သွားရောက် အားပေး ကြစေချင်ပါတယ်။ အခုလောလောဆယ်မှာတော့ စစ်ကိုင်းတံတား အဟောင်းလို့ ခေါ်တဲ့ အင်းဝ တံတားကြီးဟာ ဧရာဝတီတံတား (ရတနာပုံ) လို့ ခေါ်တဲ့ နောက်ပေါက် တံတားအသစ်ကလေးရဲ့ ဘေးမှာ မျက်နှာငယ် နေရပါတယ် ဆိုတာ စာဖတ်သူတွေ သတိ ပြန်ရကြစေချင်ပါတယ်။ 

အေးမွန်ရာပြည့်

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"