နန်းတော်ရှေ့က ဝက်ဆီဖတ် မုန့်ပျားသလက်
(ဒီဗွီဘီသတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။)
အသားညိုညို ပိန်ပိန်သွယ်သွယ်နဲ့ အမျိုးသားတဦး၊ လက်နှစ်ဖက်လုံးမှာ လက်သည်းနီတွေ ဆိုးထားတယ်။ မုန့်သားဖြူဖြူအိအိ ပြစ်ပြစ်အနှစ်တွေ ထည့်ထားတဲ့ ဒန်အိုးကြီးကို ပလတ်စတစ်ရိုးတပ် ဒန်ဇွန်းကြီးတချောင်းနဲ့ အဆင်မပြတ်မွှေနေတယ်။
သူ့ရဲ့အရှေ့မှာ မီးဖိုလေးခုလောက်ကို တပြိုင်နက်တည်း မွှေးထားတယ်။ မီးဖိုတွေပေါ်မှာမှ အဖုံးကလေးတွေ ဖုံးထားတဲ့ မုန့်ပျားသလက်လုပ်တဲ့ မြေအိုးကလေးတွေ။ လက်တဖက်က မုန့်နှစ်တွေကို မွှေလိုက်၊ မီးဖိုပေါ်ကအိုးခင်းတွေကို ပူပြီလား ဖွင့်ကြည့်လိုက်လုပ်နေတယ်။
ခနအကြာမှာတော့ သူမွှေနေတဲ့ မုန့်နှစ်အိုးကြီးထဲက မုန့်နှစ်ဖြူဖြူ ညက်ညက်ကလေးကို ဒန်ယောက်မတဇွန်းနဲ့ ဖတ်ကနဲနေအောင် မဆွဲယူလိုက်တယ်။ ပြီးတော့ မီးသွေးမီးဖိုပေါ်က ကျွတ်ကျွတ်ပူနေတဲ့ မြေအိုးလေးပေါ်မှာ လက်ဆလေးနဲ့ ခပ်ဝိုင်းဝိုင်းပုံစံလေးဖြစ်အောင် လုပ်လိုက်တယ်။ လုပ်ပြီးတာနဲ့ ချက်ချင်းပဲ ဒန်ဇွန်းကိုဒန်အိုးကြီးထဲ ဘုတ်ကနဲနေအောင် ပစ်ချလိုက်တယ်။ ပစ်ချပြီးပြီးချင်းမှာ တဆက်တည်းလိုလိုမှာပဲ ဝက်ဆီဖတ်အကြေတွေထည့်ထားတဲ့ နောက်ထပ်ဒန်အိုးကြီး တလုံးထဲကို လက်နှိုက်ယူလိုက်တယ်။
စောစောက မီးဖိုပေါ်ကမုန့်ဝိုင်းလေးမခြောက်ခင် မစိုတစိုလေးဖြစ်နေချိန်မှာပဲ မုန့်မျက်နှာပြင်ပေါ်ကို ဝက်ဆီဖတ်လေးတွေ မြန်မြန်သွက်သွက်ကလေး ကြဲလိုက်တယ်။ ပြီးတော့ ပဲပြုတ်၊ ပြီးတော့ ခရမ်းချဉ်သီး၊ ဆူးပုတ်၊ မဆလာနယ်ထားတဲ့ အဆာပလာလေးတွေကို အစဉ်လိုက်ထည့်လိုက်တယ်။ အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့ စလောင်းဖုံးကို ပိတ်ပစ်လိုက်တယ်။
မန္တလေးမြို့ နန်းရှေ့ရပ်က မြန်မာပီဇာမုန့်လို့ တင်စားခေါ်ဝေါ်နိုင်လောက်တဲ့ ဝက်ဆီဖတ်မုန့်ပျားသလက် လုပ်ရောင်းနေတဲ့ အမျိုးသားတဦးရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။
သူရောင်းနေတဲ့ နေရာကတော့ မန္တလေး နန်းတွင်းအရှေ့ဘက်၊ ၁၉လမ်း၊ နန်းရှေ့ဈေးထောင့်မှာပဲ ဖြစ်ပါတယ်။ ရောင်းတဲ့အချိန်ကတော့ နေ့ခင်း ၂ နာရီလောက်ကနေ ညနေ ၆ နာရီအတွင်း၊ စုစုပေါင်း ၄ နာရီသာ ဖြစ်လို့ စားချင်သူတွေ အဲ့ဒီအချိန်တွင်းမှာသာ အပြေးအလွှား သွားဝယ်စားကြရတယ်။
နန်းရှေ့က ဝက်ဆီဖတ်မုန့်ပျားသလက်လို့ ဆိုလိုက်ရင် နန်းရှေ့အရပ်မှာ နေသူတွေတင် သိကြတာမဟုတ်ပဲ မန္တလေးမြို့ခံတချို့ကြားမှာပါ နာမည်ကျော်ကြားပါတယ်။ နန်းရှေ့က ဝက်ဆီဖတ်မုန့်ပျားသလက်ကို အထူးသဖြင့် ရှေ့မီနာက်မီ လူကြီးတွေကတော့ ပိုသိကြပါတယ်။
ဘာလို့လဲဆိုတော့ နန်းရှေ့ဝက်ဆီဖတ် မုန့်ပျားသလက်တချပ်ကို ငွေ ၃ မူးကစပြီး ဟိုးပဝေသဏီကတည်းက ရောင်းခဲ့လို့ပါပဲ။ အဲ့ဒီကနေ ဈေးတွေတဖြည်းဖြည်း မြင့်လာလိုက်တာ၊ အုပ်ချုပ်သူတွေအဆက်ဆက်လည်း ပြောင်းသွားလိုက်တာ ဒီနေ့အချိန်မှာတော့ မုန့်တချပ်ကို ၁၅၀ ကျပ်ဖြစ်သွားပါပြီ။
ဝက်ဆီဖတ်မုန့်ပျားသလက်ရဲ့ ရာဇဝင်သမိုင်းကို ပြန်လှန်ရမယ်ဆိုရင်တော့ ဒေါ်ထူးဆိုတဲ့ အဘွားက စခဲ့တာပါ။ လက်ရှိမုန့်ပျားသလက်ကို ရောင်းနေသူ အဘွားရဲ့ အမေပါ။ အဲ့ဒီကနေမှတဆင့် နောက်ပိုင်း တဆက်စပ်တည်းရောင်းခဲ့တာ မျိုးဆက်သုံးဆက်တောင်ရှိခဲ့ပါပြီ။ လက်ရှိရောင်းနေတဲ့သူကတော့ မျိုးရိုးစဉ်ဆက်ရောင်းခဲ့တဲ့ မိသားစုဝင်အမျိုးသမီးတဦးရဲ့ ခင်ပွန်းပါ။ ဟိုးအရင် စတင်ရောင်းချကာစ အချိန်တွေမှာကတော့ မုန့်အဖြူပေါ်မှာ ဝက်ဆီဖတ်တမျိုးသာ ထည့်ပြီးရောင်းပါတယ်။ နောက်ပိုင်းမှာမှ လူတွေရဲ့ အကြိုက်တွေလိုက်ပြီး ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေပါတဲ့ ချဉ်ငန်စပ်မုန့်ပျားသလက်တွေ လုပ်လာရတာပါ။
တခြားမုန့်ပျားသလက်တွေမှာ မီးဖိုပေါ်က ချခါနီးအချိန်တွေမှာ ဆီပါးပါးလေးပုတ်ပေးပေမယ့် ဒီမုန့်ပျားသလက်ရဲ့ ထူးခြားချက်ကတော့ ဆီမပုတ်ပဲ ဝက်ဆီဖတ်ထဲကပါလာတဲ့ ဝက်ဆီလေးနဲ့သာ နှပ်ပြီး ကျက်သွားတဲ့ အရသာကို ယူထားတာပဲဖြစ်ပါတယ်။ မုန့်ပျားသလက်မုန့်သားထဲကို ဝက်ဆီဝထားတဲ့အရသာ မွှေးတေးတေးလေးပေါ့။ ဝက်သားမစားသူတွေအတွက်တော့ ဝက်ဆီဖတ်မထည့်ဘဲ လုပ်လို့ရပါသေးတယ်။ ဒါပေမယ့် သူ့ဆိုင်ကို လာဝယ်စားကြတဲ့သူ အများစုကတော့ ဝက်ဆီဖတ်နဲ့ မုန်ပျားသလက်အရသာကိုသာ တမ်းတမ်းစွဲဖြစ်ကြတယ်။ တချို့များဆို တခြားမုန့်ပျားသလက်ဆို မစားတတ်တော့ရတာနဲ့ ဘာနဲ့တောင် ဖြစ်ကြတဲ့အထိ စွဲလမ်းကြတာပေါ့။
စားလို့ကောင်းတာလည်း မပြောနဲ့ မုန့်ပျားသလက်မုန့်နှစ်ဖျော်တာကစပြီး မုန့်ထဲမှာထည့်တဲ့ အဆာပလာတွေကအစ အသေးစိတ်ကို စနစ်တကျပြင်ဆင်လေ့ရှိတယ်။ မုန့်နှစ်ကို ဖျော်တဲ့အခါမှာလည်း သူတို့အချိုးနဲ့ သူတို့ ရောစပ်ထားတဲ့ ဆန်ကြမ်းဆန်နု ရောကြိတ်ထားတဲ့ အမှုန့်တွေကို ရေကျက်နွေးနဲ့ စိတ်ရှည်လက်ရှည်ဖျော်တာပါပဲ။ မုန့်ထဲမှာထည့်တဲ့ အဆာပလာတွေကို ဆိုရင်လည်း သေချာစိစစ်လုပ်ဆောင်ပါတယ်။ ဝက်ဆီဖတ်ဆိုရင် ဝက်နံပြားသား အဆီဖတ်ကို သုံးပါတယ်။ ပဲဆိုရင်လည်း ကိုယ်တိုင်ပြဲနေအောင် ပြုတ်ပြီးထည့်တာပါ။ ချဉ်စပ်အဖတ်အတွက်ဆိုလည်း ခရမ်းချဉ်သီးကိုမှ ရာသီပေါ်ဆူးပုတ်၊ နံနံ တွေနဲ့ ပူစီနံ၊ ငရုတ်သီးစိမ်း၊ မဆလာ၊ ဆား၊ အချိုမှုန့်တွေ ရောသမ နယ်ထားပါတယ်။
ဒါ့ကြောင့် စားလိုက်လို့ လျှာပေါ်ရောက်သွားတဲ့အခါမှာလည်း ဝက်ဆီဖတ်ကြွပ်ကြွပ်အရသာနဲ့ ပဲပြုတ်စိမ့်စိမ့်အရသာ၊ ခရမ်းချဉ်သီးရဲ့ အအီပြေအရသာတွေ အားလုံးစုပေါင်းထားတဲ့ ပြီးပြည့်စုံတဲ့အရာကို ခံစားရတယ်။
တကယ်တော့ ဝက်ဆီဖတ်မုန့်ပျားသလက်ကို အလွယ်တကူ ဝယ်စားရဖို့ဆိုတာ သိပ်မလွယ်ကူလှပါဘူး။ သူရောင်းတဲ့အချိန်ပိုင်းလေးအတွင်းမှာပဲ အပြေးအလွှား သွားဝယ်စားကြရတာပါ။ ကံများမကောင်းရင် ကိုယ့်ရှေ့က အချပ်နှစ်ဆယ် သုံးဆယ်အော်ဒါမှာထားသူတွေနဲ့ ကြုံရင် မတ်တပ်ရပ်ကာ အကြာကြီး စောင့်နေပေတော့ပဲ။ မီးဖိုလေးဖိုပြိုင်ပြီး မုန့်ချပ်တွေကိုလုပ်နေတာတောင် ရောင်းရဖို့ မုန့်အရေအတွက်ဟာ အလျင်မမီလှပါဘူး။ လက်မလည်ပါဘူး။ တနေ့ကို ဆန်မှုန့်ခြောက်ပြည်လောက် ပုံမှန်ကုန်ပါတယ်။ အချပ်ရေအားဖြင့် ခြောက်ရာနီးပါးလောက် ပုံမှန်ရောင်းကုန်ပါတယ်။
မုန့်ဟာ ရောင်းကောင်းလွန်းလှတာကြောင့် ဝယ်သူတွေအပေါ်မှာ ခပ်တည်တည် ခပ်တန်းတန်းသာ ဆက်ဆံလေ့ရှိတာကလည်း အဲ့ဒီဆိုင်ရဲ့ အမှတ်သညာတခုလိုဖြစ်နေပါတယ်။ ဘယ်နှချပ်ယူယူ အမြဲပဲ ရုပ်တည်ကြီးတွေနဲ့ ဈေးဝယ်တွေကို ဆက်ဆံလေ့ရှိတယ်။
ဒါပေမယ့် အရမ်းရောင်းရတယ်။ အော်ဒါတွေအများကြီးလည်း လာယူကြတယ်။ မွေးနေ့တို့ အထိမ်းအမှတ်နေ့တွေတို့မှာ လှူဖို့ အချပ်ရေ ထောင်ချီကိုလာပြီး အော်ဒါမှာကြတယ်။
မီးဖိုပေါ်ကမုန့်က ကျက်နေပြီမို့ မုန့်လုပ်နေသူ အမျိုးသားက မုန့်ချပ်ကို သံယောက်မနဲ့ ထိုးယူလိုက်ပြီး သူ့ရဲ့အမျိုးသမီးဖြစ်သူရှေ့က မုန့်ထည့်တဲ့နေရာဆီကို ချပေးလိုက်တယ်။ ဝက်ဆီဖတ်နံ့ တသင်းသင်းဖြစ်နေတဲ့ မုန့်ကိုမှတခါ သူ့အမျိုးသမီးက နှမ်းနဲ့ဆားရောထားတဲ့အမှုန့်ကို မုန့်မျက်နှာပြင်ပေါ် ထပ်ဖြူးလိုက်ပြန်တယ်။ သတင်းစာစက္ကူ အပိုင်းအစလေးတရွက်ခံပြီး ကျွတ်ကျွတ်အိတ်ထဲစီထည့်လိုက်တယ်။ ပြီးတော့ ဈေးဝယ်စောင့်နေသူတွေထဲက တဦးကို အချပ်နှစ်ဆယ်ရပြီဆိုပြီး လှမ်းပေးလိုက်ပါတယ်။
မန္တလေးမြို့မှာ မုန့်ပျားသလက်ရောင်းတဲ့ ဆိုင်လေးတွေအများကြီး မှိုလိုပေါက်ရှိနေပေမယ့်လည်း တခြားဆိုင်တွေနဲ့မတူ ကွဲထွက်နေတဲ့ အရသာ၊ လုပ်ပုံလုပ်နည်းတွေနဲ့ အကြာကြီးစောင့်ရတယ် ဆိုတဲ့ ဝိသေသလက္ခဏာတွေဟာ ဒီဆိုင်လေးရဲ့ စွဲဆောင်မှုတခုလိုကို ဆိုရမလိုပါပဲ….။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/102313
Comments
Post a Comment