ယဉ်ကျေးမှု မြို့တော်ထဲက မန္တလေး ဖိနပ်

မြို့တမြို့ဟာ တနေ့တခြား ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အဲ့ဒီမြို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ၊ မိရိုးဖလာလုပ်ငန်းတွေဟာလည်း အလိုလိုနေရင်း တစတစနဲ့ မှေးမှိန်ပျောက်ကွယ်သွားတတ်တာ သဘာဝပါပဲ။

ဟိုးအရင်ကတည်းက မန္တလေးမြို့မှာ အစဉ်အဆက်နေထိုင်လာခဲ့သူတွေဟာ မြို့တွင်းက သူတို့ပိုင်တဲ့ အိမ်တွေကိုရောင်းချပြီး မြို့ပြင်ကို ပြောင်းသွားကြရာကစပြီး မန္တလေးမြို့ကြီးက ယဉ်ကျေးမှူ ဓလေ့တွေနဲ့ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မှေးမှိန်ခဲ့ရတယ်။

ခေတ်ပညာ စီးပွားရေးဘာသာရပ်တွေ ကျွမ်းကျင်မှုမရှိခဲ့ဘဲ စီးပွားရေးကိုလည်း အလိုက်တသင့် အပြောင်းအလဲ မပြုလုပ်နိုင်တဲ့ ရိုးရိုးအေးအေး မန္တလေးသူမန္တလေးသား တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ဆောင်သူတွေဟာ အခုချိန်မှာတော့သူတို့စီးပွားရေးတွေကိုယ်သူတို့ အနိုင်နိုင် ရပ်တည်ဖို့ ကြိုးစားနေကြရတယ်။ ဥပမာအနေနဲ့ဆိုရင် မန္တလေးဈေးချိုတော်ထဲက တနိုင်တပိုင်ဆိုင်တွေနဲ့ မိရိုးဖလာလုပ်ကိုင်လာကြတဲ့ ဖိနပ်လုပ်ငန်းတွေ၊ ရွှေဆိုင်းလုပ်ငန်းလုပ်သူတွေ အစရှိသဖြင့်ပေါ့။

ရှေ့မီနာက်မီ မန္တလေးမြို့ခံ မိသားစုတွေကြားမှာ အဲ့ဒီလိုအတွေ့အကြုံတွေ ရင်ဆိုင်နေရတဲ့ မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတဲ့အနက် အထင်သာဆုံးဖြစ်မယ့် ဥပမာအနေနဲ့ ပြရရင်တော့ မန္တလေးမြို့က မန္တလေးဖိနပ်လုပ်ငန်းတွေကိုပဲ ပြသရမှာဖြစ်ပါတယ်။ မန္တလေးဖိနပ်ဆိုတာ လက်ရာရော ဒီဇိုင်းပါ လှပကောင်းမွန်တာကြောင့် ရပ်နီးရပ်ဝေးတွေကနေ တကူးတက မှာယူရတဲ့အထိ နာမည်ကျော်တယ်။
တချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မန္တလေးဖိနပ်တွေ ခုချိန်မှာတော့ လုပ်သားရှားပါးတာရော၊ ကုန်ကြမ်းရှားတာရောကြောင့် မန္တလေးမြို့မှာ မန္တလေး ဖိနပ်စစ်စစ် လုပ်ကိုင်သူတွေ နည်းပါးနေပါပြီ။
မူရင်း မန္တလေးဖိနပ်ဆိုတာကတော့ ဒီနေ့ခေတ်မှာ တွေ့နေရသလို ကတ္တီပါဖိနပ်ရောင်စုံကို စီးကွင့်တွေ ထိုးထားတဲ့ ဖိနပ်ဒီဇိုင်းမျိုး မဟုတ်ပါဘူး။ သားရေပြားနှစ်ထပ်ကပ်ထားပြီး ရာဘာပြား ခံထားတဲ့၊ မာမာကျစ်ကျစ်နဲ့ သားရေနံ့လေးသင်းနေတဲ့ ဖိနပ်လေးတွေပဲဖြစ်ပါတယ်။
မန္တလေးသားရေဖိနပ်တွေကို အဓိကထုတ်လုပ်တဲ့နေရာတွေကတော့ မန္တလေးမြို့လယ်ခေါင်က နတ်ဝင်း၊ ပဲဝင်း၊ မျက်ဝင်း၊ လွှတောင်ဝင်း၊ လက်ချိတ်တန်း အစရှိတဲ့ ဝင်းကြီးတွေပေါ့။ မန္တလေးမြို့ဟာ လေးထောင့်ကွက်တွေနဲ့ ဖော်ဆောင်ထားတဲ့ မြို့ဖြစ်လို့ တစ်ပြပတ်လည်လေးထောင့်ကွက်တိုင်းအလယ်မှာ လူနေဝင်းတွေ ရှိနေပါတယ်။ အခုပြောတဲ့ဝင်းတွေမှာ ဝင်းလုံးကျွတ်လိုက် ဖိနပ်လုပ်ငန်းတွေ လုပ်ကြတာပါ။
DSC_3210

မန္တလေး သားရေဖိနပ်တွေကို ဂျပန်ခေတ်အတွင်းမှာကတည်းက စတင်တွေ့မြင်နိုင်နေပြီလို့ အဲ့ဒီခေတ်ကိုမီခဲ့တဲ့ မြို့ခံ ဖိနပ်လုပ်ငန်းလုပ်ကိုင်သူ အသက် ၈၀ ကျော်အရွယ် အဘွားအိုတဦးက ပြောပါတယ်။ ဂျပန်ခေတ်ရဲ့အရှေ့က မန္တလေးသားရေဖိနပ်တွေရဲ့ ရာဇဝင်ကိုတော့ မကောက်နိုင်တော့ဘူးလို့လည်း သူကဆက်ပြောပါတယ်။
တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ လူကုံထံတွေစီးတဲ့ ‘ပိန်းတန်းဖိနပ်’ ဆိုတာပေါ်လာတယ်။  ပိန်းတန်းဖိနပ် ဆိုတာကတော့ ဖိနပ်တရံလုံးကို လက်နဲ့သာချုပ်တဲ့ ဖိနပ်တွေပဲဖြစ်ပါတယ်။ ခုနှစ်အနေနဲ့ဆိုရင် ၁၉၅၀ ပြည်နှစ်အစောပိုင်း ဝန်းကျင်လောက်ကပေါ့။  သားရေစိမ်းကို ဖိနပ်ပုံချပြီးတော့မှတခါ အင်္ဂလန်ပြည်ကလာတဲ့ ကတ္တီပါအထူစားကို လက်နဲ့လိုက်ချုပ်တဲ့ ဖိနပ်တွေဖြစ်ပါတယ်။ အဲ့ဒီခေတ်က မင်းပွဲစိုးပွဲတွေမှာ ပိုက်ဆံရှိသူ ကြေးရတက်တွေ အများဆုံးစီးကြပါတယ်။
မန္တလေးဖိနပ်တွေ ခေတ်အကောင်းဆုံးအချိန်ကတော့ ၁၉၈၀ ဝန်းကျင်တဝိုက်လို့ဆိုရမယ်။ အဲ့ဒီအချိန်တွေ တုန်းကတော့ သားရေဖိနပ်ကိုမှ အမည်းရောင်နဲ့ လေးညှင်းရောင်တွေပဲ အများဆုံး လုပ်ခဲ့ကြရတယ်။ သားရေဖိနပ် သဲကြိုးအသေး မိန်းကလေးစီးနဲ့ ယောကျာ်းလေး (ကျား) စီး သဲကြိုးအပြားဆိုပြီး နှစ်မျိုးသာ  ထုတ်ခဲ့ကြတယ်။ တခါတလေမှသာ ကတ္တီပါခင်းတွေ လုပ်ရတယ်။ အဲ့ဒီခေတ်က ကတ္တီပါဖိနပ်ဆိုတာကလည်း ဒီနေ့ခေတ်မှာ ထွက်ပေါ်နေတဲ့ ကတ္တီပါရောင်စုံခင်းတွေလို ရွေးစရာသိပ်မများလှပါဘူး။ အမည်းရောင်နဲ့လေးညှင်းရောင်တွေသာ ရှိတာပါ။ အဲဒီခေတ်က နာမည်အရမ်းကြီးခဲ့တဲ့ မန္တလေးဖိနပ်ကတော့ စောင်းကောက်တံဆိပ်ပေါ့။ စောင်းကောက် တံဆိပ်အောင်မြင်လို့ အတုလိုက်လုပ်ကြသူတွေတောင် ပေါ်လာတယ်။ တံဆိပ်ဆင်တူတွေလည်း ပေါ်လာကြတယ်။
မန္တလေးဖိနပ်ပြုလုပ်ဖို့ ကုန်ကြမ်းသားရေကို မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ အစရှိတဲ့မြို့တွေကနေ မှာကြရတယ်။ သားရေထွက်တဲ့ အဲ့ဒီဒေသတွေကလည်း ဖိနပ်တွေ လုပ်ရောင်းကြတယ်။ ဒါပေမယ့်လည်း တချို့ကတော့ မန္တလေးဖိနပ်ကိုပဲ ပြန်ပြီး အော်ဒါမှာသုံးကြတယ်။ ဒီဇိုင်းနဲ့ လက်ရာအနုစိတ်မှာ မန္တလေးဖိနပ်ကို ပိုသဘောကျကြတာဖြစ်တယ်လို့ မန္တလေးမြို့ခံ ဖိနပ်လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုတယ်။ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဘက်ကကျ သားရေအထွက်ပေါတဲ့ ဒေသတွေဖြစ်လို့ သားရေအထူးကြီးတွေ ထည့်တာကြောင့် ဖိနပ်အလေးချိန်က ပိုသွားပြီး လေးတယ်၊ ဒီဇိုင်းကလည်း နည်းနည်းရိုးတာကြောင့် မန္တလေးဖိနပ်တွေလောက် လူကြိုက်သိပ်မများတာလို့ ဆိုကြတယ်။
တကယ်တော့ မန္တလေးသား ရေဖိနပ်စစ်စစ်တရံရဖို့ အဆင့်ပေါင်းများစွာလိုအပ်ပါတယ်။ သားရေသားကို နှစ်ထပ်ကော်နဲ့ကပ်၊ စက်ထဲထည့်၊ အချောကိုင်၊ အောက်ခြေရာဘာကပ်၊ စက်ထဲထည့်လှိမ့်၊ အချောကိုင်၊ သဲကြိုးထည့် အစရှိတဲ့ အဆင့်တွေပေါ့။ ဒီနေရာမှာ စာဖတ်သူတွေ မျက်လုံးထဲ မြင်သာအောင်သာ ဖိနပ်လုပ်တဲ့ လုပ်နည်းတွေကို အကြမ်းဖျင်းပြောသွားတာပါ။ ဖိနပ်တရံဖြစ်ဖို့ အနုစိတ်လုပ်ရမယ့် အသေးစိတ်လုပ်ငန်းစဉ်တွေကလည်း များစွာ လိုအပ်ပါသေးတယ်။ အရင်ခေတ်က စက်တွေ မပေါ်ခင်ကဆိုရင်တော့ သားရေချင်း ကော်ကပ်တာကအစ လက်နဲ့လုပ်ကြရတယ်။ ပုံဖော်တာချုပ်တာတွေလည်း လက်တွေနဲ့ လုပ်ကြရတာပေါ့။ ဒါ့ကြောင့် တနေ့ကို ဖိနပ် အရံပေါင်းများစွာ ထုတ်နိုင်ဖို့ အဆင်မပြေလှပါဘူး။
မန္တလေးဖိနပ်တွေ ခေတ်အစားဆုံးအချိန်တွေကတော့ ဖိနပ်လုပ်တဲ့ အိမ်တိုင်းလိုလိုမှာ လုပ်သား နှစ်ဆယ်သုံးဆယ်လောက်နဲ့ နေ့ညအဆိုင်းတွေနဲ့ လုပ်ကြရတယ်။ ဒီနေ့ခေတ်မှာတော့ ကုန်ကြမ်းတွေရော၊ လုပ်သားတွေရော ရှားလာတာရယ်၊ အရင်းများပြီး အမြတ်ငွေပမာဏ နည်းလာတာရယ်ကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေထဲက တချို့ဟာ လုပ်ငန်းပြောင်းသွားတယ်။ ဟိုတုန်းကတည်း မျိုးရိုးစဉ်ဆက် ဖိနပ်လုပ်လာခဲ့သူ တချို့ကတော့ ဖိနပ်လုပ်ငန်းထဲမှာပဲ ဆက်လက်ရပ်တည်နေကြတယ်။ ကိုယ်ပိုင်တံဆိပ်မထုတ်ကြတော့ဘဲ နာမည်ကြီး ဖိနပ်တိုက်တွေအတွက် အော်ဒါချုပ်ပေးတာမျိုး လုပ်ကြတယ်။ တချို့ ဖိနပ်လုပ်ငန်းလုပ်သူတွေကတော့ သူတို့အိမ်တွေကို ရောင်းပြီး မြို့ပြင်မှာပြောင်းနေကြတယ်။ အရင်ကလို ဖိနပ်လုပ်သူတွေကို တစုတစည်းတည်း မြင်တွေ့ဖို့ဆိုတာ အခုချိန်မှာ တော်တော်ခက်ခဲသွားပြီ။
အဲ့ဒီလို မန္တလေးဖိနပ်တွေ ပေါပေါများများ မထုတ်နိုင်ချိန်မှာ သားရေဖိနပ်ပုံစံလုပ်ထားတဲ့ ညှပ်ဖိနပ်တွေ ပေါ်လာတယ်။ သားရေနေရာမှာ ဖိုင်ဘာသား (ဖိနပ်လုပ်သူတွေခေါ်လေ့ရှိတဲ့ အခေါ်အဝေါ်) ကို ထည့်ပြီး ကတ္တီပါအုပ်ချုပ်တာကြောင့် သားရေနှစ်ထပ်ကပ်စရာရော စက်လှိမ့်စရာရော မလိုတော့ဘူး။ အချိန်လည်း အများကြီး ယူစရာမလိုတော့ဘူး။ အရင်းနှီးကလည်း မများဘဲ ဖိနပ်အရံတွေလည်း အများကြီးထွက်တယ်။ တချို့စီးပွားရေး ဈေးကွက်မြင်သူတွေကတော့ တနေ့တည်း များများထုတ်နိုင်တဲ့ ဖိုင်ဘာသားအောက်ခံကို ကတ္တီပါ ညှပ်ချုပ်ထားတဲ့ ဖိနပ်တွေကို ပြောင်းထုတ်လာကြတယ်။
မန္တလေးသားရေဖိနပ်စစ်စစ် ထုတ်နိုင်သူအရေအတွက်က သိသိသာသာ လျော့ကျသွားပေမယ့် အဲ့ဒီလို ခေတ်ရေစီးကို ကြည့်ပြီး စီးပွားဖြစ်ထုတ်ကြတဲ့ ဖိုင်ဘာသား ကတ္တီပါဖိနပ်လုပ်ငန်းတွေကတော့ အခုချိန်မှာ တော်တော်များများ ရှိနေသေးတယ်။
DSC_3252မန္တလေး ဖိနပ်လောကမှာကို မန္တလေးသားရေဖိနပ်ကိုပဲ ကွာလတီထိန်းပြီး ရှေးမူမပျက် ဆက်ထုတ်နေတဲ့သူနဲ့ ခေတ်ရေစီးအရ ကတ္တီပါရောင်စုံဖိနပ်တွေကိုသာ အသစ်ထွင်ပြီး ထုတ်ချင်သူတွေ အမြင်ကွဲပြားမှုတွေရှိနေတယ်။
လက်ရှိအချိန် မန္တလေးမြို့မှာ မန္တလေးဖိနပ်စစ်စစ်တွေရောင်းတဲ့ နာမည်ရနေဆဲ ဆိုင်ကြီးတွေလည်း ရှိနေပါသေးတယ်။ အရင်က အရမ်းနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာတော့ တိမ်မြုပ်သွားတဲ့ ဆိုင်ကြီးတွေလည်း ရှိနေပါတယ်။
ဘာပဲပြောပြောလေ….သူခေတ်သူ့အခါနဲ့သူတော့ မန္တလေးဖိနပ်တွေဟာ သူ့ဂုဏ်သူ့ဒြပ်နဲ့အတူ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/103467

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

အင်းတော်မြို့ကစည်လုပ်ငန်း

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"