ရန်ကင်းတောင်ခြေက ပလောင်ကျောင်းကလေး
အသက်ငါးနှစ်မပြည့်တပြည့် မျက်နှာဖောင်းဖောင်းဝိုင်းဝိုင်းနဲ့ ကလေးငယ်တဦး၊ ကတုံးဆံပင်ပေါက်ကေနဲ့၊ မျက်နှာတပြင်လုံးမှာလည်း သနပ်ခါးတွေကအပြည့် ပဲကြီးဟင်းအိုးထဲ ကျထားသလို ထူပြစ်နေအောင်လိမ်းထားတယ်။ သူ့ရဲ့ရှေ့မှာက စတီးပုံစံခွက်နဲ့ ထမင်းပန်းကန်တချပ်။ ထမင်းမစားခင် မေတ္တာပို့ ရွတ်ဖတ်ဆုတောင်းတွေကို မျက်လုံးကြီးမှိတ်၊ မျက်နှာကြီးမော့လို့ အားရပါးရဆိုနေတယ်။ နံဘေးမှာလည်း သူလိုကလေးမျိုးတွေအများကြီး ထိုင်ပြီး ရွတ်ဖတ်ဆုတောင်းနေကြတယ်။
လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာထဲမှာ ဒီတပတ်အတွင်း တက်လာတဲ့ ဓာတ်ပုံလေးတပုံပါ။ ရန်ကင်းတောင်ခြေက အောင်သုခ မိဘမဲ့စောင့်ရှောက်ရေးကျောင်းမှာ နေ့လည်စာ လှူခဲ့သူတဦးက ဓာတ်ပုံရိုက်လာပြီး မန္တလေးသတင်းပုံရိပ်ဆိုတဲ့ ဖေ့စ်ဘုတ်ခ်ဂရုထဲမှာ တင်ခဲ့တဲ့ ပုံလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးကတော့ သာမာန်ရိုးရိုးပုံလေးတပုံပဲဖြစ်ပေမယ့် ပုံထဲက ကလေးငယ်ရဲ့ အသွင်အပြင်တွေက ချစ်စရာကောင်းလွန်းတာရော၊ ကရုဏာသက်စရာရော ကောင်းလှတာကြောင့် နီးစပ်ရာလူတွေ သွားရောက်လှူဒါန်းကြဖို့ ဖေ့စ်ဘုတ်ခ်မိတ်ဆွေတွေ အချင်းချင်း ပြန်လည်မျှဝေထားကြတယ်။
စာရေးသူနေတဲ့ မန္တလေးကနေဆိုရင် ရန်ကင်းတောင်ဆိုတာ သိပ်ဝေးလွန်းလှတာ မဟုတ်တဲ့အတွက် အဲ့ဒီကျောင်းလေးအကြောင်းကို စာဖတ်သူတွေကို တင်ပြနိုင်ဖို့ အရောက်သွားခဲ့ပါတယ်။
ကျောင်းက ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်ရဲ့မြောက်ဘက်ကပ်လျက် တောင်ခြေမှာပါ။ ရန်ကင်းတောင်ခြေကနေ ကျောင်းဆီကိုဝင်တဲ့ လမ်းလေးတလျှောက်မှာကတော့ ဘုန်းကြီးကျောင်းတွေ၊ တရားအားထုတ်တဲ့ ရိပ်သာစခန်းတွေသာ ရှိပါတယ်။ ကလေးစောင့်ရှောက်ရေးကျောင်းဆိုလို့ အောင်သုခကျောင်းတကျောင်းပဲ ရှိပါတယ်။
စာရေးသူ ကျောင်းကိုရောက်သွားတော့ ညနေငါးနာရီဝန်းကျင်လောက်ရှိပြီမို့ ကလေးတွေနားနေချိန် ဖြစ်နေတယ်။ ကျောင်းထဲဝင်ဝင်ချင်း ထန်းရွက်တွေနဲ့မိုးထားတဲ့ တဲအကြီးကြီးအောက်မှာ ဝိုင်းစုပြီး ထိုင်နေကြတဲ့ ကလေးတွေကို အခန့်သားတွေ့ရတယ်။ တချို့ကတော့ အဖွဲ့လိုက် ဘောလုံးကန်နေကြတယ်။ တယောက်တလေက ကာတွန်းစာအုပ်လေးတွေ ဖတ်နေတယ်။ ကလေးအားလုံးက ယောက်ျားလေးတွေချည်းပဲ။ ဆံပင်ကလည်း ခေါင်းတုံးဆံပင်ပေါက်ပုံစံ ဆင်တူတွေချည်း။ တချို့ကလေးတွေက ခပ်ကုပ်ကုပ်လေးတွေ၊ တချို့ကလေးတွေကတော့ ရဲရဲရင့်ရင့် သွက်သွက်လက်လက်လေးတွေ။ သူတို့ကျောင်းထဲ သူစိမ်းဝင်လာတယ်ဆိုပြီး စာရေးသူကို ကလေးတွေက ကွက်ကြည့်ကွက်ကွက်ကြည့် လုပ်နေကြတယ်။
ခဏကြာတော့ ဘုန်းကြီးတပါးရောက်လာပြီး ဧည့်သည်ဆောင်ဘက်ကို ခေါ်သွားတယ်။ တခြားဘုန်းကြီးနှစ်ပါးနဲ့အတူ မိတ်ဆက်ပေးတယ်… “ကျုပ်တို့ကျောင်းအကြောင်း ဆောင်းပါးရေးချင်လို့တဲ့” ဆိုပြီး။ ကျန်တဲ့ဆရာတော်နှစ်ပါးထဲက တပါးက အရွှန်းဖောက်တယ်။ “မသိပါဘူး ကျုပ်က ဆွမ်းလှူဖို့လာတာလားထင်လို့” တဲ့လေ။
လှူဖို့လာတာမဟုတ်တဲ့ စာရေးသူလည်း မျက်နှာပူပူနဲ့ပဲ ဘုန်းကြီးတွေကို အောင်သုခ မိဘမဲ့စောင့်ရှောက်ရေးကျောင်း အကြောင်းကို တထိုင်တည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဒီကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလအတွင်းမှာမှ စတင်ပြီး ဖွင့်လှစ်ခဲ့တာပါ။ ရှမ်းပြည် ပလောင်တောင်တန်းဒေသက ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့ကလေးငယ် (ယောက်ျားလေး) တွေအတွက် သီးသန့်ပြုစုစောင့်ရှောက်ပေးတဲ့ ကျောင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပလောင်ကလေးငယ် ၄၈ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားပေးတယ်။ နမ့်ခမ်း၊ သီပေါ၊ သိန္နီ၊ ကျောက်မဲ အစရှိတဲ့ ဒေသတွေက ကလေးတွေကို အဓိကထား စုဆောင်းပြီး စောင့်ရှောက်မှု ပေးနေတာပါ။ ကျောင်းမှာရှိတဲ့ကလေးတွေ အကုန်လုံး ပလောင်လေးတွေချည်းပါပဲ။ နာမည်တွေကလည်း ပလောင်နာမည်တွေဖြစ်တဲ့ အိုက်ပိတို့၊ အိုက်လုံတို့၊ အိုက်အုံတို့ပါတဲ့လေ။
တချို့ပလောင်ကလေးတွေက မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်ကြသေးပါဘူး။ အောင်သုခကျောင်းမှာ အသက်အငယ်ဆုံး လေးနှစ်ကနေ အကြီးဆုံး ၁၃ နှစ်အထိ ရှိနေတယ်။ အားလုံးက မိဘမဲ့တွေချည်းတော့ မဟုတ်ကြပါဘူး။ မိဘတွေက ကျောင်းထားပေးဖို့၊ ပြုစုပေးဖို့ အခက်အခဲဖြစ်နေလို့ ရောက်ရှိလာတဲ့ကလေးတွေ များပါတယ်။
ကလေးတွေအတွက် ကျောင်းကထုတ်ထားတဲ့ စည်းကမ်းကတော့ အများကြီးမဟုတ်ပါဘူး။ သုံးချက်ထဲပါ။ ကလေးတွေအချင်းချင်း ရန်မဖြစ်ရဘူး၊ အချင်းချင်း ပစ္စည်းတွေမခိုးရဘူး။ အချင်းချင်း မဆဲရဘူး ဆိုတဲ့ စည်းကမ်းတွေပဲဖြစ်ပါတယ်။
ကျောင်းရဲ့အချိန်ဇယားလေးကို ကြည့်ပြီးတော့လည်း ကလေးတွေရဲ့ အနေအထိုင် ကျစ်လျစ်သိုသိပ်ပုံ စည်ကမ်းရှိပုံကလေးတွေကို အလွယ်တကူ တွေးမြင်သိနိုင်ပါဦးမယ်။
ကလေးတွေအကုန်လုံး မနက်ငါးနာရီခွဲ အိပ်ယာထရပါတယ်။ အသက်ဆယ်နှစ်အထက် ကလေးတွေကတော့ တံမြက်စည်းလှည်း၊ ရေအိုးစင်ရေဖြည့်၊ အိမ်သာဆေး အစရှိတဲ့ ကျောင်းဝေယျာဝစ္စတွေ လုပ်ရပါတယ်။ မနက် ၇ နာရီကတော့ မနက်စာစားချိန်ပေါ့။ စားပြီးတော့ ရှစ်နာရီကနေ ဆယ်နာရီလောက်အထိကို စာသင်ချိန် သတ်မှတ်ပါတယ်။ ရန်ကင်းတောင်အနီးမှာရှိတဲ့ MIT (မန္တလေးနည်းပညာကောလိပ်) က ဆရာမလေးတွေက ကုသိုလ်ဖြစ် စာလာသင်ပေးကြတာပါ။ ၁၁ နာရီထိုးရင်တော့ နေ့လည်စာစားရတယ်။ စားပြီးရင်တော့ ကျောင်းနေအရွယ်တွေကို မန္တလေးနန်းရှေ့က ဖောင်တော်ဦး ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ပို့ပေးတယ်။ ကျောင်းနေအရွယ်မဟုတ်သူတွေကိုတော့ ဘုန်းကြီးတွေကပဲ ကျောင်းမှာ ‘ကကြီး၊ ခခွေး’ စတဲ့အခြေခံတွေ သင်ပေးတယ်။ ညနေကျောင်းပြန်လာချိန်ကနေ ခြောက်နာရီအထိကိုတော့ ကြိုက်သလို ကစားကြပေတော့။ ခြောက်နာရီခွဲပြီဆိုရင်တော့ အပြီးအစီး ရေမိုးချိုးပြီးဖြစ်လို့ ဘုရားဝတ်တက်ရပါတယ်။ ၇ နာရီကတော့ ညစာစားချိန်ပါ။ ထမင်းစားပြီးချိန်ကနေ ညဆယ်နာရီထိ တောက်လျှောက်စာကြည့်ချိန်၊ တနေကုန်သင်ပြီးတာတွေ ပြန်ကျက်၊ ပြန်ရေး လုပ်ရပါတယ်။ ညဆယ်နာရီအတိချိန်ကတော့ ကလေးတွေအမျှော်လင့်ဆုံး အိပ်ယာဝင်ချိန်ပါပဲ။ ဒါကတော့ ကလေးတွေရဲ့ တနေ့တာအစီအစဉ်တွေပဲ ဖြစ်ပါတယ်။
ကလေးတွေအတွက် ကျောင်းထဲမှာ စာအုပ်စင်အသေးစားလေး ထားပေးထားတယ်။ ကြည့်လိုက်တော့ စာရေးသူတောင် ဖတ်ရမှာပျင်းတဲ့ ရောင်ပြန်၊ နက္ခတ္တရောင်ခြည်တို့လို လူကြီးတွေဖတ်တဲ့ မဂ္ဂဇင်းတွေ၊ ပူတူးတူးလေးလို ကလေးကြိုက်ကာတွန်းစာအုပ်လေး တချို့တလေကိုတော့ တွေ့ရတယ်။ ဒါကလည်း တကယ့်ကို တအုပ်စနှစ်အုပ်စပါပဲ။ စာဖတ်သူတွေအနေနဲ့ အကျိုးရှိတာကို လှူချင်တယ်ဆိုရင်တော့ ကလေးတွေ ဗဟုသုတရစေမယ့်၊ ကလေးတွေ သဘောကျစေမယ့် စာအုပ်လေးတွေကို သွားရောက် လှူဒါန်းနိုင်ပါတယ်။
ကလေးတွေအတွက် ဘာအလိုအပ်ဆုံးပါလဲလို့ ဘုန်းကြီးတွေကို လျှောက်ထားတော့ သူတို့အတွက် အစစအရာရာပြည့်စုံတယ်၊ ဆွမ်းဖိုးတခုပဲလို့ ပြောပါတယ်။ ဆွမ်းကလည်း နေ့စဉ်အတွက်ဖြစ်တော့ အလှူရှင်ပုံမှန်ရှိနေမှသာ အဆင်ပြေပါတယ်။ အလှူရှင်မရှိတဲ့ ရက်တွေမှာတော့ ဆွမ်းပဒေသာပင်ထဲက ထုတ်ယူသုံးစွဲရတယ်။ တခါတလေ လှူတဲ့သူ အရမ်းကျဲသွားလွန်းရင်လည်း ဟင်းဖိုးချွေတာရတာတွေ ရှိလာရပါတယ်။ တနေကုန်လုံးမှ နေ့လယ်စာမှာသာ အသားဟင်းပါတော့တာမျိုးပေါ့။
ကလေးတွေအတွက် တနေ့စာထမင်းလှူဒါန်းချင်ရင်တော့ ငွေကျပ်တသိန်းခွဲ ကုန်ကျပါမယ်။ မနက်စာကို အသားနဲ့ အသီးအရွက်ရောရာ ဟင်းတခွက်၊ နေ့လယ်စာကိုတော့ အသားဟင်းနှစ်မျိုးနဲ့ ဟင်းသီးဟင်းရွက်တမျိုး၊ စုစုပေါင်းသုံးမျိုး၊ ညစာကိုတော့ မနက်ကနဲ့ နေ့လယ်စာနဲ့ ကျန်လို့ရောထားတဲ့ ဟင်းပေါင်းလိုမျိုး ဟင်းနဲ့ပေါ့။
ကျောင်းရဲ့အခြေအနေ ဒီထက်ပိုအဆင်ပြေရင် တောင်ပေါ်ကနေ ပလောင်ကလေးတွေကို ထပ်မံခေါ်ယူသွားဦးမယ်လို့ ဒီကျောင်းကို စတင်ထူထောင်တဲ့ ဦးဇင်းသုံးပါးစလုံးက တညီတညွတ်တည်း ဆိုတယ်။ အခု စောင့်ရှောက်ထားတဲ့ ကလေးတွေ ဆန္ဒရှိရင်ရှိသလို ဘွဲ့ရတဲ့အထိ အားလုံးအဆင်ပြေအောင် လုပ်ပေးသွားဖို့လည်း ဆန္ဒရှိနေကြတယ်။ သူတို့သုံးပါးစလုံးရဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေ ပညာတတ်ပြီး သူတို့ဒေသကို သူတို့ ဖွံ့ဖြိုးအောင် ပြန်လည်ဆောင်ရွက်ပေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။
ဒီအောင်သုခကျောင်းမှာ လိုအပ်တာတွေ လှူဒါန်းနိုင်ဖို့ ဦးဇင်းတွေရဲ့ဖုန်းနံပါတ်တွေကို ဖော်ပြပေးလိုက်ပါ့မယ်။ ဦးဝိမလ ၀၉ ၂၅၆၁၂၄၇၆၄၊ ဦးကေလာသ ၀၉ ၄၀၂၇၇၅၅၇၂၊ ဦးကောသလ္လ ၀၉ ၄၃၁၈၃၄၅၃ အစရှိတဲ့ ဖုန်းတွေကို တိုက်ရိုက်ဆက်သွယ်ပြီး လှူနိုင်ပါတယ်။ အလှူရှင်တွေကို ကလေးတွေကရော၊ ဦးဇင်းတွေကပါ အမှန်တကယ် မျှော်နေကြတာပါ။ အလှူရှင်တွေရဲ့ အလှူတွေဟာ ကလေးတွေအတွက်ရော၊ ကျောင်းအတွက်ပါ မျှော်လင့်ချက်ရောင်ခြည်တန်းတခုအဖြစ် ရှိနေပါတယ်။
အေးမွန်ရာပြည့်
Comments
Post a Comment