အိပ်မက်ရောင်းတဲ့ လှည်းကလေးတွေ ကျုံးဘေးမှာ ရှိတယ်

(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)

“စိန်လိုချင်ရင်…စိန်ဖြစ်ရမယ်……အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်….စိန်လိုချင်ရင် စိန်တွေ ဖြစ်ရမယ်ကွယ်….အိမ်လိုချင်ရင် အိမ်တွေ ဖြစ်ရမယ်ကွယ်…..” ဆိုတဲ့ စိုးစန္ဒာထွန်းရဲ့သီချင်းသံက မန္တလေးကျုံးနံဘေးဝန်းကျင်မှာ ပျံ့လွင့်နေတယ်။
ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အချိန်မို့ ကျုံးရေပြင်ကို ဖြတ်တိုက်လာတဲ့ တောင်လေကြမ်းကြမ်းက ကျုံးရေနံ့သင်းသင်းနဲ့ တေးသီချင်းသံကို ဆောင်ယူလာနေတယ်။

သီချင်းသံတွေ ပျံ့လွင့်လာတဲ့ နေရာကတော့ ကျုံးနံဘေးက အစိုးရ အောင်ဘာလေထီလက်မှတ် ရောင်းတဲ့ ထီသည်လှည်းလေးတွေပဲ ဖြစ်ပါတယ်။


လကုန်ချိန်တွေတိုင်း ကျုံးရဲ့ အနောက်ဘက်နဲ့ တောင်ဘက် ကျုံးဘေးလမ်းတလျှောက်မှာ ထီလှည်းတန်းကြီးကို တမျှော်တခေါ်ကြီး မြင်တွေ့ရတာဟာလည်း မန္တလေးမြို့ရဲ့ ချစ်စဖွယ် ရှုမြင်ကွင်းတခုလည်း ဖြစ်တယ်။

ထီလှည်းတွေ အားလုံးနီးပါးကို အစိမ်းရောင်မီးကြိုးလေးတွေနဲ့ အလှဆင်ထားတယ်။ မီးလုံးလေးတွေ ကျွိတတုတ် မှတ်တုတ်။ တချို့လှည်းတွေမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ပိုစတာကြီးတွေ ကပ်ထားတယ်။ အောင်သပြေပန်းကို ပန်းအိုးထိုးထားတယ်။ လှည်းပေါ်မှာ အသံကျယ်ကျယ် ထုတ်လွှတ်ပေးနိုင်တဲ့ ဆောင်းဘောက် ၂ လုံး၊ ဘက်ထရီအိုးတွေ တင်ထားတယ်။ တချို့လှည်းလေးတွေမှာတော့ ကြည့်မှန် အဝိုင်းသေးသေးလေးတွေ လှည်းမှာ ချိတ်ထားတယ်။ မှန်ကြည့်ဖို့လား၊ ဈေးဝယ်ခေါ်တဲ့သဘောလား၊ ဖုန်းရွှေလား ဘာလားတော့ မပြောတတ်။

ထီလှည်းအများစုကတော့ မိုးယံ ရွှေလမင်းနဲ့ မြတ်ဆုကုဋေ၊ ရွှေမြန်မာ အစရှိတဲ့ ထီဆိုင်ကြီးတွေက ထီလက်မှတ်တွေကိုသာ ရောင်းချကြပေမယ့် ထီလှည်းနာမည်တွေကိုတော့ ရွှေမန်းသား၊ ထာဝရလှ စေချင်သူ၊ ငွေရတနာဥယျာဉ်၊ ကြံတိုင်းအောင် သန်းဆုယာဉ်ဆိုပြီး ကံကောင်းစေတဲ့ နိမိတ်ဆောင်တဲ့ နာမည်အသီးသီးကို ရေးထိုးထားတယ်။


လကုန်ရက်တွေတိုင်း အဲ့ဒီလိုအပြင်အဆင်နဲ့ ထီသည်လှည်းလေးတွေဟာ ကျုံးနံဘေးမှာ ညလုံးပေါက် ထီရောင်းချလေ့ရှိတယ်။ ညနေ မှောင်စပျိုးချိန်ကနေ နောက်တနေ့ မနက် ၈ နာရီလောက်အထိ ညလုံးပေါက်ရောင်းကြတာပါ။ လစဉ် ၂၈ ရက်နေ့လောက်ကစပြီး ညစဉ်ညတိုင်း ရောင်းလေ့ရှိကြပြီး နောက်လရဲ့ လဆန်း ၁ ရက်နေ့ မနက်ပိုင်း ထီဖွင့်ချိန်လောက်အထိ ရောင်းချကြတယ်။ လကုန်နေ့ ညအချိန်ကတော့ အရောင်းရဆုံး အချိန်တွေပေါ့။ ရုံးက လခထုတ်ပြီး ရတဲ့ငွေလေးထဲက ဖဲ့ပြီး ဘဝပြောင်းနိုးနိုး မျှော်လင့်ချက် ရွှေအိပ်မက်တွေနဲ့ ထီထိုးသူတွေဟာ လကုန်ရက် ညနေခင်းမှာ အများဆုံးပေါ့။ နောက်နေ့ဆို ထီဖွင့်ပြီ။ ထီဆုကြီးပေါက်လို့ကတော့ ဘဝပြောင်းပြီပေါ့။

လူ တသန်းမှ တယောက်လောက်သာ ဆုကြီးပေါက်နိုင်ခွင့်ရှိတာ ဖြစ်ပေမယ့် ထီထိုးပြီးရင် စိတ်ကူးယဉ်ရတာ အရသာပါပဲ။ လူတိုင်းဟာ ထီပေါက်တာ၊ မပေါက်တာ အပထား စိတ်ကူးလေးတော့ ကြာကြာယဉ်ရလေ တန်လေပေါ့။ ဒါပေမယ့် မတတ်နိုင်သူတွေက လကုန်မှ ထီထိုးပြီး တညသာ စိတ်ကူးယဉ်ခွင့်ရကြတယ်။

လကုန်တဲ့နေ့ရက်ပိုင်းလေးမှာ ရောင်းရတဲ့ ထီလက်မှတ်အစောင်ရေဟာ နည်းနည်းနောနောတော့ မဟုတ်ပါဘူး။ ထီလှည်းတလှည်းကို ပျှမ်းမျှ ထီလက်မှတ်စောင်ရေ ၄၀၀ ကနေ ၅၀၀ လောက်အထိ ရောင်းရတယ်။ ဒါကြောင့် ထီသည်လှည်းအများစုဟာ လကုန်ရက်တွေတိုင်း ကျုံးနံဘေးမှာ ထီရောင်းချဖို့အရေး တက်ကြွကြတယ်။

ထီသည်အများစုဟာ လစဉ် ၂၈ ရက်ကနေ လကုန်ရက် ၃၀-၃၁ ရက်နေ့အထိ ကျုံးနံဘေးမှာ အဓိက နေရာယူပြီး ရောင်းတယ်။ ကျန်တဲ့ရက်တွေမှာတော့ ရပ်ကွက်တွေထဲမှာ လှည့်ရောင်းကြတယ်။ အဲ့ဒီလို ရောင်းရင်း လကုန်ရက် ကျုံးဘေးမှာ အင်တိုင်အားတိုက် ရောင်းချနိုင်ဖို့ အားမွေးကြပါတယ်။ ကုျုံးဘေးမှာ ညလုံးပေါက် ထီရောင်းရမယ့်ရက်တွေ ရောက်ပြီဆိုရင်တော့ ရာသီဥတု ဘယ်လောက်ဆိုးဆိုး ပေတေပြီး တညလုံး ထိုင်စောင့်ရောင်းရတော့တာပါပဲ။ အဲဒီလို မရောင်းလို့လည်း မဖြစ်ဘူးလေ။ ပိုတဲ့ထီလက်မှတ်တွေကို ဆိုင်တွေ ပြန်သွင်းလို့မှ မရဘဲ။ ယူကတည်းက အပြတ်ယူခဲ့ရတာ။  ကုန်အောင် ရောင်းကြရတော့တာပေါ့။

ရောင်းတဲ့အခါမှာ ထီတစောင်ကို ကျပ် ၂၉၀ နဲ့ တဆင့်ယူပြီး ကျပ် ၃၅၀ နဲ့ ပြန်ရောင်းတယ်လို့ ကျုံးဘေးက ထီသည်အများစုက ဆိုကြတယ်။ ဒါကြောင့် ထီတစောင်တိုင်း တစောင်တိုင်းကို ၆၀ ကျပ်မြတ်တယ်။ ကျုံးဘေးမှာ လကုန်ရက်တိုင်း ရောင်းရတဲ့ ထီစောင်ရေဟာ ၄၀၀ ကနေ ၅၀၀ ကြားရှိလို့ ၃၊ ၄ ရက်အတွင်း ငွေကျပ် ၃ သောင်းကျော်လောက် အမြတ်ရကြတယ်။

တချို့က လဆန်း ၁ ရက် ထီဖွင့်ခါနီးကျမှ ထီကို အသည်းအသန်ထိုးတတ်တဲ့ အလေ့အထရှိသလို တချို့ကတော့လည်း လကုန်ရက်မှ လစာထုတ်ပြီး ထီထိုးလေ့ ရှိကြတာကြောင့် လကုန်ရက်တွေမှာ ကျုံးနံဘေး ညလုံးပေါက် ထီရောင်းတဲ့ အလေ့အထဟာ မန္တလေးမှာ တနေ့တခြား ခေတ်စားလာတာ ဖြစ်ပါတယ်။
ကျုံးလေးဘက်လေးတန်ရှိတာကိုမှ အနောက်ဘက်ကျုံးနဲ့ တောင်ဘက်ကျုံးထောင့်တွေမှာ ထီလှည်းတွေဟာ နေရာယူ စခန်းချလေ့ရှိတယ်။ လူအသွားအလာလည်း များတဲ့လမ်းဖြစ်လို့ လမ်းကြုံရင်းဖြစ်ဖြစ် အလွယ်တကူ ထီထိုးနိုင်ဖို့အတွက် ကျုံးဘေးဟာ အကွက်အကွင်းကောင်းတခု ဖြစ်နေပါတယ်။

ဟုတ်လည်း ဟုတ်ပါပေတယ်။ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ စိတ်ထဲမှာ လကုန်ရက်ရောက်ရင် အလွယ်တကူ ထီထိုးဖို့ ကျုံးဘေးက ထီသည်အတန်းလိုက်ကြီးကိုပဲ မျက်စိထဲ ပြေးမြင်တတ်ကြတာကိုး။
မန္တလေးကျုံုးနံဘေးမှာ ထီသည်လှည်းတွေ စတင်ရောင်းချခဲ့ကြတဲ့ သမိုင်းကြောင်းကို သေချာပြန်လှန် ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်လောက်ကတည်းက စခဲ့တာလို့ ပြောရပါမယ်တဲ့။

အဲဒီစရောင်းတဲ့ အချိန်တုန်းကတော့ ထီလှည်း စုစုပေါင်းမှ ၂၀ ကျော်သာ ရှိခဲ့ပြီး ဒီနေ့အချိန်မှာတော့ လကုန်ရက်တွေတိုင်း ထီလှည်းလေးတွေ  ၅၀ ရှိနေပြီဖြစ်တယ်။

အခု လကုန်ရက် ရောြက်ပန်ပါပြီ။ ဒီလိုအချိန်တွေမှာဆိုရင် မန္တလေးမြို့ရဲ့အထင်ကရ ကျုံးကြီးရဲ့ တောင်ဘက်နဲ့ အနောက်ဘက်နေရာတွေမှာ ထီသည်လှည်းတွေ ပြည့်နေကြပါပြီ။ မှိတ်ချည် လင်းချည် မီးလုံးအလှတွေ ထွန်းလို့… စိန်လိုချင်ရင်စိန်ဖြစ်ရမယ်… အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်… ဆိုတဲ့ ရာစုနှစ်ဝက်လောက် ကြာပြီဖြစ်ပေမယ့် မရိုးနိုင်တဲ့ သူဌေးဝါဒသီချင်းလို တေးသီချင်းတွေကို အကျယ်ကြီးဖွင့်လို့ ထီထိုးမယ့်သူတွေကို ဆွဲဆောင်နေတယ်။ ရွှေရောင်အိပ်မက်တွေနဲ့ လူတွေဟာ ကိုယ်စားရမယ့် ဆန်ဖိုးဆီဖိုးလေးတွေထဲက ခြစ်ခြုတ်ဖဲ့ထုတ်ပြီး အစိုးရ အောင်ဘာလေထီကို သဲကြီးမဲကြီး လာထိုး ကြပေဦးတော့မယ်။

အေးမွန်ရာပြည့်

http://burmese.dvb.no/archives/100914

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"