သမိုင်းတွင်သွားတဲ့ မြန်မာ့မြေကပရဟိတလှုပ်ရှားမှုများ
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။)
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၂ ခုလောက်က ရေကြီးရေလျှံ ဖြစ်နေပါတယ်။ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့ကလွဲရင် တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတာပါ။ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ် ဒေသကြီး ၁၂ ခုက မြို့နယ်စုစုပေါင်း ၄၃ မြို့နယ်မှာ လူဦးရေပေါင်း ၁ သိန်းကျော် ၂ သိန်းနီးပါးဟာ ရေဘေးအန္တရာယ် ခံစားနေရပါတယ်။
ရေဘေးကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းက ပြည်သူအချို့ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာ ရှိခဲ့ပြီး စုစုပေါင်း လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ စပါးစိုက်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့သလို နေအိမ်အဆောက်အဦနဲ့ လမ်းတံတားများ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရေဘေးကြောင့် လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ ဆက်လက်တိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပြီး ရေဘေးသင့်ဒေသက ပြည်သူလူထု အများစုကလည်း သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် စိုးရိမ် ထိတ်လန့်နေကြပါတယ်။
ဒီလို နိုင်ငံတခုလုံးနီးပါး ရေဘေးသင့်မှုကြီး အကြီးအကျယ် ခံစားနေရချိန်မှာ ရေဘေးဒဏ် သိပ်ပြီး မခံစားကြရသေးတဲ့ မြို့ဒေသအသီးသီးက မြန်မာပြည်သူပြည်သား ပရဟိတစိတ်ဓာတ် ရှိသူတွေဟာ ရေဘေးသင့်သူတွေကို စိတ်အား၊ လူအား တတ်စွမ်းသမျှ ပံ့ပိုးနိုင်ဖို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အလျှိုလျှို ထွက်ပေါ်လာကြပါတယ်။
အခုဆိုရင် မန္တလေးတမြို့လုံးမှာလည်း ရေဘေးသင့်ခံရတဲ့ ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဖို့ အလှူခံအဖွဲ့တွေ အများကြီး ခြေချင်းလိမ်နေကြပါပြီ။
မန္တလေးမြို့တမြို့လုံးနဲ့ မြို့သူမြို့သား အရွယ် ကြီး၊ ငယ်၊ လတ် မရွေးရဲ့ စိတ်တွေထဲမှာ ရေဘေးလှူနိုင်ရေးကိစ္စ တခုတည်းသာ အဓိကအနေနဲ့ ရှိတော့တယ်။
ဒီရက်ပိုင်းမှာဆိုရင် လူသွားလူလာများတဲ့ ၂၆ ဘီ လမ်းတလျှောက် ကျုံးရဲ့ တောင်ဘက်မှာဆိုရင် ရေဘေးသင့် ပြည်သူတွေအတွက် အလှူခံနေတဲ့အဖွဲ့တွေကို မတွေ့ချင်မှအဆုံး အများကြီးပါပဲ။ ညနေစောင်းလေ အဖွဲ့တွေ ပိုပိုများလာလေပါပဲ။
ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေ၊ စာရေးဆရာတွေ၊ သဘင်သမားတွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေကလည်း သူတို့နည်း သူတို့ဟန်တွေနဲ့ ရေဘေးအလှူငွေ ရှာကြတယ်။ ပန်းချီကားတွေ၊ ကယ်ရီကေးချားပုံတွေ ဆွဲပြီး အလှူငွေရှာကြတယ်။ သဘင်သမားတွေကလည်း သူတို့ပညာရှင်တွေ စုစည်းပြီး အလှပြကားကြီးနဲ့ မြို့ကိုပတ်ပြီး အလှူငွေရှာကြတယ်။ မြို့ခံအဆိုတော်တွေကလည်း သူတို့ တပိုင်တနိုင်ကလေးတွေနဲ့ လိုက်ပြီး သီချင်းဆိုကာ အလှူခံပေးကြတယ်။
မန္တလေးဈေးချိုတော်မှာ ဆိုရင်လည်း အဖွဲ့တွေဖွဲ့ပြီး အလှူခံကြတယ်၊ သွားရောက်လှူဒါန်းဖို့ စီစဉ်နေကြတယ်။ နာမည်ကျော် မဟာအောင်မြေ ကျောက်စိမ်းဝိုင်းကဆိုလည်း သူ့အဖွဲ့နဲ့သူ ပါဝင်လာကြတယ်။ ကုန်စည်ဒိုင်တို့၊ မလွန်ဆန်လှူအသင်းတို့လို ဘိုးသက်ရှည် အဖွဲ့အစည်းကြီးတွေကလည်း အင်နဲ့အားနဲ့ ပါဝင်ကြပြန်တယ်။
မြို့ခံ လူငယ်ကျောင်းသားတွေကလည်း သူတို့ တတ်နိုင်သလောက် အားကလေးနဲ့ အလှူငွေတွေ ကောက်ခံပေးနေကြပါသေးတယ်။ မန္တလေးနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် အစရှိတဲ့ တက္ကသိုလ်တခုချင်းစီက ကျောင်းသားအဖွဲ့တွေဟာ အဖွဲ့လိုက် အလှူခံကြတယ်။ နည်းပညာတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အလှူခံတဲ့ပုံစံကဆိုရင် စိတ်ဝင်စားစရာပါပဲ။ ကျောင်းယူနီဖောင်း အဖြူနဲ့ နက်ပြာ ဝတ်စုံဆင်တူလေးတွေ ဝတ်ပြီး ဂစ်တာတီး သီချင်းဆိုရင်း အလှူခံကြတာပါ။
တက္ကသိုလ်ကျောင်းသူ ကျောင်းသားအဖွဲ့တွေတင် မကသေးဘဲ အခုမှ ဆယ်တန်းပြီးကာစ ကျောင်းသူကျောင်းသားကလေးတွေကပါ သူတို့တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ လိုက်အလှူခံနေကြတာတွေလည်း ရှိနေပါသေးတယ်။ မန္တလးမြို့ပေါ်နဲ့ ဝန်းကျင်က တက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေ စုပြီး ဖွဲ့ထားတဲ့ မန္တလေး ပရဟိတကွန်ရက်ဆိုတဲ့ အဖွဲ့ကလည်း ရေဘေးအလှူမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ လူငယ်အဖွဲ့တွေထဲက တဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေ အားလုံးနီးပါးဟာ ကျုံးရဲ့ တောင်ဘက်ခြမ်းမှာ အလှူခံထွက်လေ့ရှိကြပါတယ်။
ဆိုင်ကယ်မြို့တော် မန္တလေးက ဆိုင်ကယ်စတန့်အဖွဲ့က လူငယ်တွေကလည်း သူတို့အစုအဖွဲ့လေးနဲ့အတူ အလှူခံနေကြပါပြီ။ မန္တလေးမြို့က အာဆင်နယ် ဘောလုံးအသင်း အားပေးသူများ အဖွဲ့ကလည်း အလှူခံနေကြပြန်ပါသေးတယ်။ မန္တလေးမြို့က တိုယိုတာစီဗစ်ကား စီးသူတွေ စုပေါင်းထားတဲ့ စီဗစ်ချစ်သူများ အဖွဲ့ကလည်း ကိုယ့်အဖွဲ့အလိုက်ကိုယ် လှူကြတန်းကြတယ်။
တချို့ကလည်း အဖွဲ့အစည်းလိုက်မဟုတ်ဘဲ ဦးစီးဦးဆောင်လုပ်နိုင်သူ တကိုယ်တော် ပရဟိတ လုပ်နေသူတွေကလည်း မန္တလေးမြို့မှာ ရှိနေသေးတယ်။ အင်တာနက်ဖေ့စ်ဘွတ်ခ်ပေါ်က မန္တလေးနဲ့ သက်ဆိုင်တဲ့သတင်းတွေ တင်လေ့ရှိတဲ့ အင်တာနက်က ဖေ့စ်ဘွတ်ခ်ဂရုပ်စ်တွေဖြစ်တဲ့ မန္တလေးသတင်းပုံရိပ်တို့၊ လှုပ်လှုပ်ရှားရှား မန္တလေးသတင်းတို့တွေမှာဆိုရင် ပစ္စည်းလှူမယ့်သူတွေ အနေနဲ့ သူတို့ဆီကို ဖုန်းလေးသာ ဆက်ပေးဖို့၊ အိမ်တိုင်ရာရောက် အလှူပစ္စည်းတွေ ကိုယ်တိုင်ကိုယ်ကျ လာယူပေးမှာဖြစ်တဲ့အကြောင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြကာ အလှူခံနေကြပါတယ်။
ရေဘေးသင့်သူတွေအတွက် မန္တလေးမြို့ပေါ်က လူမျိုးစုံ၊ ဘာသာစုံကပါ ဝိုင်းဝန်းအားဖြည့် လှူဒါန်းကြတယ်။ အစ္စလာမ်အဖွဲ့စည်းတွေ၊ ပန်ချာပီလူငယ်အဖွဲ့တွေ၊ တရုတ်လူမျိုးတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေကပါ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ပါဝင်လာကြတယ်။ ပြီးရင် မြို့ပေါ်က မိန်းမလျာအဖွဲ့တွေကလည်း သူ့နည်းနဲ့သူ အလှူခံထွက်ကြပါတယ်။
ဒီနေရာမှာ မန္တလေးမြို့က လူမှုရေးအသင်းတွေရဲ့ စွမ်းဆောင်ရည်ကို ကျော်ချသွားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ စစ်ကိုင်းတိုင်း ကောလင်းဘက်မှ ရေစကြီးချိန်ကတည်းက အလှူတွေခံလိုက်၊ သွားလှူလိုက်နဲ့ အလုပ်တွေ လုပ်နေလိုက်ကြတာ အခုချိန်ထိပါပဲ။ တဖွဲ့နဲ့ တဖွဲ့ကလည်း အဆက်အသွယ်ကောာင်းတွေဖြစ်အောင် ချိတ်ဆက် ထားနိုင်ကြသေးတယ်။ ရေဘေးကူညီရေး တနေရာကို ကားတွေနဲ့ သွားကြပြီဆို လမ်းမှာ အချင်းချင်း လက်တွေပြကြ၊ နှုတ်ဆက်ကြနဲ့ တကယ့်ကို ညီညီညွတ်ညွတ် တက်တက်ကြွကြွ အားရစရာပါပဲ။
အဲဒီအဖွဲ့တွေ အများကြီးကို လှူနေကြတဲ့ လူတွေကလည်း အများသား။ လှူတဲ့ပစ္စည်းတွေ၊ ငွေတွေက ပြတ်တယ်မရှိဘူး၊ လှူဒါန်းမှုတွေက ရပ်တန့်မသွားသေးဘူး။ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့အထိကို မြို့ထဲမှာ စည်စည်ကားကား လှူနေကြသေးတယ်။
ဒီလို တက်တက်ကြွကြွ ပါဝင်လှူဒါန်းကြတာမျိုးတွေကို မန္တလေးမြို့ တမြို့တည်းမှာတင် လုပ်နေတာမျိုးမဟုတ်ဘဲ ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာပါ ပြုလုပ်နေကြတာကို အင်တာနက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ တောက်လျှောက် တွေ့မြင်နေရပါတယ်။
ရန်ကုန်မှာဆိုရင်လည်း လူငယ် ၁၃ ဦးအဖွဲ့က အိမ်အလုပ်တွေကို ၁ နာရီ ငွေကျပ် ၂၅၀၀ နှုန်းနဲ့ လိုက်လုပ်ပြီး ရတဲ့ငွေတွေ ရေဘေးအတွက် ပြန်လှူတာမျိုး၊ ပန့်စ်ဂီတနဲ့ လိုက်ဖျော်ဖြေပြီး ရေဘေးအတွက် အလှူခံပေးတာမျိုး၊ တနေကုန်ဆိုက်ကားနင်းရသမျှကို ရေဘေးအတွက်လှူမယ် ဆိုတာမျိုးတွေ၊ တောင်ငူမြို့မှာ ဆိုရင်လည်း ကလေးလေး ၂ ယောက်က သူတို့ စုထားတဲ့ စုဘူးလေးတွေ ဖောက်ပြီး ငွေကျပ် ၂ သောင်းစီ လှူခဲ့တာမျိုး ပြုလုပ်ခဲ့ကြပါတယ်။
ပြီးတော့လည်း အိမ်အကူမိန်းကလေးက သူ့ရဲ့လုပ်အားခ ၂ လစာ ငွေ ၁ သိန်းကျပ်ကို ပက်ကနဲ ချက်ချင်း ထုတ်လှူပစ်တာမျိုး၊ ဘီယာဆိုင်က စားပွဲထိုးကလေးငယ်လေးက ခေါက်ဆွဲခြောက်တဖာဖိုး လှူခဲ့တာမျိုး၊ ဒုက္ခိတဖြစ်နေလို့ တောင်းရမ်းစားသောက်နေရတဲ့ ဦးလေးကြီးက သူရှာထားတဲ့ ငွေထဲက ၂၀၀၀ လှူခဲ့တာမျိုး၊ အမြန်လမ်းမှာ ရဲဘော်တွေက ရေဘေးဒုက္ခသည်တွေအတွက် ရေသန့်ဘူး ဝယ်လှူဖို့ ငွေကြေးအချို့လှူခဲ့တာမျိုး အစရှိတဲ့ အလှူမျိုးတွေကလည်း ကြက်သီးထစရာကောင်းလှအောင် ပီတိဖြစ်စေတဲ့ အလှူတွေပါပဲ။
ဒီရေကြီးမှှုမှာ အစိုးရတာဝန်ရှိသူတွေက သဘာဝဘေးအန္တရာယ် ကျခံရတဲ့ ဒေသအဖြစ် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၄ ခုကိုသာ သတ်မှတ်ထားပြီး ကယ်ဆယ်ရေးတွေ ပြုလုပ်နေတာပါ။ ကျန်ရှိနေတဲ့ ရေဘေးသင့်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကိုတော့ ပြည်သူတွေရဲ့ ချွေးနှဲစာ အလှူငွေတွေနဲ့သာ ထောက်ပံ့နေကြရတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ဆိုးရွာစွာ ရေဘေးသင့်ခဲ့တဲ့ ကလေး၊ ကောလင်း၊ မုံရွာ စတဲ့ မြို့တွေမှာတော့ အဆိုးရွားဆုံး အခြေအနေကနေ လွတ်မြောက်လာပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ မြို့၊ ရွာတွေမှာတော့ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်သလို အဆိုးဆုံး အခြေအနေတွေ ဖြစ်မလာစေဖို့ ဆုတောင်းနေရဆဲပါ။ ရေဘေးကြောင့် အသေအပျောက် အပျက်အစီးစာရင်းတွေ ထပ်တိုးလာမှာကို အားလုံးက စိုးရိမ်နေရဆဲပါ။ နောက်ပိုင်းမှာလည်း ရေဘေးကြောင့် ထိခိုက်ပျက်စီးမူတွေ၊ ဆုံးရှုံးနစ်နာမှုတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အစားထိုးကုသရေးပိုင်းတွေ အများကြီး လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
ရေဘေးသင့် ပြည်သူတွေအားလုံး ပုံမှန်အနေအထားအတိုင်း ပြန်လည်ရပ်တည်နေနိုင်ဖို့ ဆိုရင် ငွေအင်အား၊ အချိန်အင်အား၊ စိတ်ဓာတ်အင်အား များစွာပါ လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေအချင်းချင်း ချွေးနှဲစာလေးတွေနဲ့ ကူညီနေကြတာလေးတွေဟာ အစစအရာရာ ပြန်လည်ထူထောင်ရေးမှာ ဘာမှမပြောစလောက်ဘူးလို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ သူတို့တွေအတွက် အင်မတန်ကို အထောက်အပံ့ ဖြစ်စေပါတယ်။ ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ရရှိစေပါတယ်။
ဘယ်လိုပဲ အစိုးရက လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ ဒီရေဘေးသင့်မှုအရေးမှာ မြန်မာပြည်သူတွေ အချင်းချင်း ဘယ်လောက်စုစည်းမှု အားကောင်းတယ် ဆိုတာ ပြလိုက်နိုင်တဲ့ ပြယုဂ်ကြီးတခုအဖြစ်နဲ့ ထင်ကျန်လို့ သမိုင်းတွင်ခဲ့ပါပကောလေ။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/106243
Comments
Post a Comment