နတ်ပွဲ အားလုံးအစ… ကျွန်းပင်က
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံအဝှမ်းမှာ ရာသီအချိန်အလိုက် ကျင်းပတဲ့ ရိုးရာနတ်ပွဲတွေ ပြန်လည်စတင်ပါပြီ။ မြန်မာပြက္ခဒိန်အရ နှစ်စဉ် ဝါခေါင်လဆန်းတရက်နေ့မှာ ကျင်းပတဲ့ ရွှေကျွန်းပင်မောင်နှမနတ်ပွဲဟာ ‘နတ်ပွဲအစ ကျွန်းပင်က’ ဆိုတဲ့ ဆိုရိုးနဲ့အညီ နတ်ပွဲတွေအားလုံးရဲ့ ဖွင့်ပွဲအစ ဖြစ်ပါတယ်။
နတ်ပွဲတွေ ပြန်လည်စတင်တော့မှာမို့ ဒေသထွက်ကုန်တွေကို လှည့်လည်ရောင်းချကြတဲ့ တောသူတောင်သားတွေ၊ ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့ နတ်ကိုးကွယ်ပသသူ (နတ်ကတော်တွေ) ကို တက်တက်ကြွကြွ မြင်တွေ့ရမယ့်ပွဲကတော့ ရွှေကျွန်းပင် (ကျွန်းပင်) ပွဲလို့ ဆိုရမှာပါ။
ကျွန်းပင်နတ်ပွဲလုပ်တာကတော့ မင်းကွန်းပုထိုးတော်ကြီးရဲ့ တောင်ဘက်အခြမ်းမှာရှိတဲ့ မင်းကွန်းတောင်ရွာမှာပါ။ မန္တလေးကနေ မင်းကွန်းဘက်အထိ ဆိုင်ကယ်နဲ့ ဖြည်းဖြည်းမှန်မှန် သွားရင် အချိန်တနာရီခွဲကျော်ကျော်လောက် ကြာပါတယ်။ စစ်ကိုင်း-မင်းကွန်းလမ်းကတော့ ကုန်းတက်ကုန်းဆင်းတွေ၊ အလိမ်အကွေ့တွေ ပေါလိုက်တာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ လမ်းကြောဟာ အန္တရာယ်များတာကြောင့် သေချာဂရုစိုက်စီးရတယ်။ လမ်းကတော့ ဖြောင့်ဖြူးနေတယ်။ လမ်းမတလျှောက်မှာ ရွာလည်းမကျ၊ ရပ်ကွက်လည်းမကျတဲ့ ရွာသေးသေးလေးတွေရှိတယ်။ ရွာတွေထဲမှာ နာမည်အကြီးဆုံးကတော့ ခိုတောင်ရွာပေါ့။ ခိုတောင်မုန့်တီ နာမည်ကြီးရွာပါ။ ပွဲတော်လာသူအများစုဟာ ခိုတောင်ရွာမှ မုန့်တီဝင်စားကြတယ်။ ခိုတောင်ရွာရောက်ပြီးလို့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် ခရီးဆက်လိုက်ရင် ကျွန်းပင်ပွဲရှိတဲ့ မင်းကွန်းတောင်ရွာကို ရောက်ပါပြီ။
ကျွန်းပင်နတ်ပွဲဟာ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့် ဒီနေ့အချိန်မှာ ကြီးကြီးကျယ်ကျယ်ဖြစ်လာတာ ဖြစ်တယ်လို့ ဆိုကြတယ်။ နတ်နန်းစတင်ဖြစ်ပေါ် လာတာကတော့ နှစ်ပေါင်းခြောက်ဆယ်လောက် ရှိပါပြီ။ ရွှေကျွန်းပင်နတ်နန်းရဲ့ သမိုင်းကြောင်းကတော့ ဒီလိုပါတဲ့။
ပဒုံမင်းတရားလက်ထက်က မိုးမိတ်စော်ဘွားကြီးရဲ့ သားတော်နဲ့ သမီးတော်တွေဖြစ်တဲ့ စောနန်းအောင်နဲ့ စောနန်းသွယ်တို့ မောင်နှမရှိခဲ့ပါတယ်။ စောနန်းသွယ်က အစ်မကြီးဖြစ်ပြီး စောနန်းအောင်ကတော့ မောင်ငယ်ပါ။ နှစ်ဦးလုံးဟာ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်သာသာ ကလေးအရွယ်တွေသာ ရှိသေးပေမယ့် မိုးမိတ်၊ မိုးညှင်း၊ မိုးကောင်း အစရှိတဲ့ မိုးပါတဲ့ မြို့ကိုးမြို့နဲ့ ဧရာဝတီမြစ်တကြောက ကျွန်း ၁၂ ကျွန်းကို အပိုင်စားခွင့်ရခဲ့ပါတယ်။ တနေ့မှာ မောင်နှမနှစ်ယောက်ဟာ ဆော့ကစားရင်းနဲ့ ကမ်းပြိုမှုနဲ့ကြုံပြီး ကျွန်းသစ်တုံးကြီးတတုံးနဲ့အတူ ဧရာဝတီမြစ်ထဲ မျောကာ အသက်သေဆုံးခဲ့ပါတယ်။ သူတို့တွယ်ဖက်ခဲ့တဲ့ ကျွန်းသစ်သားတုံးကြီးဟာ အခု မင်းကွန်းတောင်ရွာဒေသမှာ ကမ်းကပ်ခဲ့ပါတယ်။ သစ်တုံးကြီးကနေ နောက်ပိုင်းမှာ အရွက်တွေ၊ အတက်တွေထွက်လာပြီး ကျွန်းပင်ကြီးတပင် ဖြစ်လာခဲ့တယ်။
အစကတော့ ဒေသခံတွေဟာ ကျွန်းတုံးကြီးကို သာမန်ကျွန်းတုံးကြီးတတုံး အနေနဲ့သာ သဘောထားခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ ကျွန်းပင်ကြီးနားကို ဖြတ်သွားသူတိုင်းကို ကိုယ်ယောင်ပြတာတွေ မကြာခဏ ပြုလုပ်လာကြတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်လောက်ကစပြီး ဒေသခံတွေဟာ နတ်ကွန်းအသေးစားလေးကို စုပေါင်းတည်ခဲ့ကြတယ်။ အဲ့ဒီနတ်ကွန်းသေးသေးလေးကနေတဆင့် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ထောက်ပံ့ပေးမှုတွေကြောင့် အခုလို နတ်နန်းနဲ့ တင့်တောင့်တင့်တယ် ဖြစ်လာခဲ့တယ်။ ဒါတွေကတော့ ဒေသခံတွေရော၊ နတ်ကတော်အသိုင်းအဝိုင်းကပါ ဒီနေ့အချိန်ထိ လက်ခံထားကြတဲ့ ကျွန်းပင်နတ်ပွဲရဲ့ သမိုင်းနောက်ခံပဲဖြစ်ပါတယ်။ ကျွန်းပင်မောင်နှမဟာ ရှမ်းမျိုးရှမ်းနွယ်တွေ ဖြစ်ကြတာကြောင့် ခန္တီး၊ မိုးမိတ်၊ တာမခန်တို့က ရှမ်းမျိုးနွယ်စုတွေဟာ ပွဲတော်ချိန်အတွင်းမှာ လာပြီး ကန်တော့ပွဲပေးလေ့ရှိကြတယ်။
ခုံဖိနပ်၊ သနပ်ခါး၊ ဆေးမြစ်စုံတို့လိုမျိုးတွေကနေ သံထည်၊ ဂျုံဦးထုပ်၊ ခမောက်၊ မြေထည်၊ စတီးပစ္စည်းမျိုးစုံ၊ ဖျာ အစရှိတဲ့ လုပ်ငန်းခွင်သုံး၊ အိမ်သုံးပစ္စည်းတွေ အကုန်လုံးကို နယ်ပယ်ဒေသစုံကနေ လာရောက်ရောင်းချကြတယ်။
ရောင်းတဲ့အခါမှာလည်း ပွဲတကာလှည့်နေတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေလို မဟုတ်ပါဘူး။ တကယ့်ကို ရွာခံတွေကရောင်းတဲ့ ဒေသထွက်ကုန်တွေပါ။
ဥပမာ ဆေးမြစ်စုံရောင်းတာကိုပဲကြည့်။ ဆေးမြစ်အမယ်ပေါင်း နှစ်ဆယ်လောက်ကို ရောင်းသူတွေဟာ ကျောက်ပြင်ကြီးတွေပေါ်မှာ ကိုယ်တိုင်သွေးနေကြတယ်။ သွေးပြီးတဲ့ ဆေးမြစ်စုံ အနှစ်ဝါဝါတွေကို ရေပုံးအလတ်စားလေးထဲမှာ အားလုံးစုထည့်ထားတယ်ဝယ်သူလာရင် ချင်ခွက်ကလေးနဲ့ တထောင်ကျပ်ဖိုး၊ နှစ်ထောင်ကျပ်ဖိုးဆိုပြီး ချင်ရောင်းတယ်။ ဆေးမြစ်တွေကို ကျောက်ပြင်တွေပေါ်မှာ အချိန်တွေအကြာကြီး အားစိုက်သွေးနေရတာကြောင့် ဇက်ကြောတက်တာ၊ လက်ကိုက်တာတွေ ခံစားနေရတဲ့အခါ သူတို့သွေးနေတဲ့ ဆေးမြစ်အနှစ်တွေကို ကိုယ်တိုင် ပြန်လိမ်းနေကြပြန်တယ်။
နောက်တချက် ကျွန်းပင်ပွဲဈေးတန်းမှာ စိတ်ဝင်စားစရာကောင်းတာက မျိုးစေ့တွေ အရောင်းအဝယ် ပြုလုပ်ကြခြင်းပါပဲ။ ဧရာဝတီမြစ်အတွင်း ရေပြန်ကျပြီး ကျွန်းသီးနှံတွေ စိုက်ပျိုးရချိန်နဲ့ ကျွန်းပင်ပွဲဟာ အချိန်ကိုက်ဖြစ်နေတာကြောင့် ပွဲတော်အတွင်းမှာ မျိုးစေ့တွေ အရောင်းအဝယ် ပြုလုပ်ကြတယ်။ တကယ်စိုက်ပျိုးနေတဲ့ တောင်သူတွေက ပြန်လည်ရောင်းချတာမို့ မျိုးစေ့သန့်သန့်ရနိုင်တယ်ဆိုပြီး တခြားနယ်တွေက စိုက်ပျိုးရေးလုပ်သူတွေ ကိုယ်တိုင်ကပါ ကျွန်းပင်ပွဲကို မျိုးစေ့လာဝယ်လေ့ရှိတယ်။
စိုက်ပျိုးရေးလုပ်သူ တောင်သူတွေဟာ ကျွန်းပင်ပွဲမှာ မျိုးစေ့ဝယ်ကြပြီး သူတို့ကိုယ်တိုင် စိုက်ကြမယ့် မျိုးတွေကို ကျွန်းပင်နတ်မောင်နှမကိုပြရမှ ကျေနပ်ကြတယ်။ အဲ့ဒီလိုပြမှသာ သူတို့စိုက်သမျှဟာ အောင်အောင်မြင်မြင် ဖြစ်ထွန်းတယ်ဆိုတဲ့ အယူရှိကြတယ်။
ပွဲတော်မှာလာရောင်းကြတဲ့ ငါးချဉ်သည် အတန်းလိုက်ကြီးကလည်း အများကြီးပဲ။ အသည်ပေါင်း သုံးလေးဆယ်ဦးပါတယ်။ သူတို့တွေအကုန်လုံးက တရွာတည်းကလာပြီး ငါးတမျိုးတည်းကိုပဲ ငါးချဉ်လုပ်ပြီး ပုံစံတူရောင်းကြတယ်။ တနယ်တည်းက လာသူအချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပွဲတော်ရက်အတွင်း နေထိုင်စားသောက်ကြတယ်။ သူတို့ကြည့်ရတာ တစုတစည်းတည်းနဲ့ တပျော်တပါးကြီး။ ကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်။
ကျွန်းပင်နတ်မောင်နှမကို ယုံကြည်ကိုးကွယ်သူတွေထဲမှာ ကျွန်းဖောင်သမားတွေလည်း ပါဝင်ပါတယ်။ ဧရာဝတီမြစ်အထက်ပိုင်းကနေ မျှောလာကြတဲ့ ကျွန်းတွေကို သယ်ယူတဲ့အခါ လမ်းခရီး အခက်အခဲ ကြီးကြီးမားမား မဖြစ်စေရေး နတ်ပွဲကာလအတွင်းမှာ နတ်ဆက်ကြတယ်။ သူတို့ကိုယ်သူတို့ နတ်တွေက စောင့်ရှောက်ပေးဖို့ အပ်ကြတယ်။
ကျွန်းပင်ပွဲကို ပုံသဏ္ဌာန်မျိုးစုံနဲ့ လာကြတယ်။ ဧရာဝတီမြစ်အတွင်းက ကျွန်းတွေက လှေတွေနဲ့လာကြတယ်။ တချို့ လှေစီးချင်သူတွေကလည်း မန္တလေးကနေ လှေနဲ့လာကြတာရှိတယ်။ အရင် လမ်းတွေမကောင်းခင် အချိန်တွေကတော့ ကျွန်းပင်ပွဲကို ပေါင်းမိုးလှည်းတွေနဲ့ ဖုန်တွေတလုံးလုံးကြားမှာ သွားကြရတယ်။ အခုချိန်မှာတော့ အများစုက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပဲ လာကြတယ်။
စစ်ကိုင်း-မင်းကွန်းကားလမ်းကြီး အခုလို ဖြောင့်ဖြူးနေအောင် မကောင်းခင်အချိန်တွေတုန်းကတော့ ကျွန်းပင်ပွဲဟာ အရမ်းကြီး မစည်ကားလှပါဘူး။ ဒီနေ့အချိန်မှာတော့ ကားလမ်းတွေ ဖြောင့်ဖြူးနေတာရယ်၊ ကားတွေ ဆိုင်ကယ်တွေ အရမ်းပေါများလာကြတာတွေရယ်ကြောင့် စည်ကားတဲ့ နတ်ပွဲတပွဲ ဖြစ်လာပါပြီ။
ဝါခေါင်လဆန်း ၆ ရက်နေ့ ကျွန်းပင်ပွဲပြီးတာနဲ့ ၇ ရက်နေ့မှာပဲ တောက်လျှောက် တောင်ပြုံးပွဲကို ဆက်တိုက်ကျင်းပတယ်။ တောင်ပြုံးပွဲပြီးရင် ရတနာ့ဂူနတ်ပွဲတို့၊ ပခန်းကိုကြီးကျော်ပွဲတို့လို နတ်ပွဲကြီးတွေ အစဉ်အလိုက် ကျင်းပလိုက်ကြတာ နှစ်ကုန် တပေါင်းလဆုတ်အထိတိုင်အောင်ပါပဲ။ တနိုင်ငံလုံးက နတ်ပွဲတွေ အားလုံးရဲ့ အစဟာ ကျွန်းပင်ပွဲဖြစ်သလို တနိုင်ငံလုံးက နတ်ပွဲတွေအားလုံးရဲ့ အဆုံးပိတ်ဟာလည်း ကျွန်းပင်နတ်ပွဲပဲဖြစ်ပါတယ်။ ကျွန်းပင်ပွဲနဲ့ စပြီး ကျွန်းပင်ပွဲနဲ့ပဲ ပြန်ပိတ်တာပါ။
နတ်ပွဲတွေအားလုံးပြီးတဲ့ တပေါင်းလဆုတ်ပြီးရင်တော့ နတ်ပွဲတွေရော နတ်ကတော်တွေပါ အကုန်နားကြပြီ။ နောက်တခါလာမယ့် ဝါခေါင်လဆန်း၊ နတ်ပွဲတွေအားလုံးရဲ့အဖွင့်ပွဲဖြစ်တဲ့ လက်ရှိကျင်းပနေတဲ့ ရွှေကျွန်းပင်မောင်နှမပွဲကို တကျော့ပြန် မျှော်ကြရင်းနဲ့ပေါ့…။
အေးမွန်ရာပြည့်
Comments
Post a Comment