ပြည်သူ့ချန်ပီယံအသင်းမှ ကြယ်တစ်ပွင့်
( December 25, 2013 · နေ့ထုတ် 7day news Journal မှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။)
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်သူ့အချစ်တော် မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ပရိသတ်များအာရုံကို ထူးထူးခြားခြား
ညှို့ယူဖမ်းစားနိုင်ခဲ့သူတစ်ဦးရှိခဲ့ပါသည်။ သူက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း၏ ကစားကွက်များကို ကွင်းလယ်မှ ပုံဖော်ပေးနေသူဖြစ်သည်။ ထိုင်းနှင့်ပွဲမှအပ ကျန်ပွဲစဉ်တိုင်းတွင် မြန်မာအသင်း၏ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းကစားနိုင်ခဲ့ပြီး ဆီးဂိမ်းပွဲစဉ်လေးပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်အတွက်လည်း ဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။
အသင်းသားအားလုံးနီးပါးမှာ ကျားကျားလျားလျားဟန်ပန်များကြား အမျိုးသမီးတစ်ဦး၏ ဟန်ပန်ရှိသူ၊ အသားအရေဖြူဝင်းပြီး ဆံရှည်လေးဖြင့် ချစ်စဖွယ်အသွင်ရှိသူ၊ နုနယ်ဟန်ရှိသော်လည်း အမျိုးသားတစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်သည့် သူမကို မြန်မာဘောလုံးပရိသတ်များက ထူးထူးခြားခြားအားပေးခဲ့ကြသည်။
ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းနိုင်ငံဘောလုံးအသင်း၏မန်နေဂျာ ဒေါက်တာချန်ဗစ်ပိုချီဝင်းကပင် သူ၏နည်းစနစ်၊ ကြံ့ခိုင်မှု၊ ရွေ့လျားပုံများကို အလွန်ကောင်းမွန်ပြီး ပါးနပ်ကြောင်း လက်မတစ်ထောင်ထောင်နှင့် ချီးကျူးခဲ့သည်။
သူမသည် ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့သော မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား ကျောနံပါတ်(၇) ဝတ်ဆင်သည့် သန်းသန်းထွေးပင်ဖြစ်ပါသည်။
မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းတွင် ကျင်းပသည့် အမျိုးသမီးဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် သန်းသန်းထွေး၏ အားကြိုးမာန်တက်ကစားနေပုံများက ဘောလုံးပွဲတစ်ခါမှ မကြည့်ဖူးသူများနှင့် ဘောလုံးအားကစားနည်းမကြိုက်သူများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် စတင်သော အဖွင့်ပွဲစဉ်မှ ၂၀ ရက် တတိယနေရာလုပွဲစဉ်အထိ ဆယ်ရက်အတွင်း ဘောလုံးပွဲလေးပွဲစလုံးတွင် အချိန်ပြည့်မနားတမ်း၊ မမောတမ်း ကစားသွားနိုင်သည့် သန်းသန်းထွေးမှာ မြန်မာပြည်တွင်းနေထိုင်သူ အမျိုးသမီး၊ အမျိုးသား၊ ကလေးလူကြီးအများစု၏ တစ်ခဲနက်အားပေးမှုကို သိမ်းကျုံးရယူသွားသည်။
တကယ်တော့ သန်းသန်းထွေးသည် မြန်မာအမျိုးသမီးဘောလုံးသမားဘဝအဖြစ် ဖြတ်သန်းလာသည်မှာ ဆယ်စုနှစ်တစ်စုကျော်ပင် ရှိနေပြီဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအတွင်း ပြုလုပ်သည့် ၂၀၁၃ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှသာ မြန်မာအသင်းမှာ ပရိသတ်ထောင်ပေါင်းများစွာရှေ့တွင် ကစားခွင့်ရခဲ့သည့်အတွက် ယခုအချိန်မှ ပရိသတ်များ ၎င်းကို အနီးကပ်အားပေးခွင့်ရရှိခဲ့ခြင်းပင်။
“ဒီမှာ အိမ်ရှင်အဖြစ်ကျင်းပတာ မကြုံဘူးတော့ ဒီလောက်ပရိသတ်ကြီးရှေ့မှာ တစ်ခါမှမကန်ဖူးဘူး။ ၂၀၀၇ တုန်းကတော့ အိမ်ရှင်လုပ်လိုက်ပေမယ့် ခုလိုတစ်နိုင်ငံလုံးလည်းမပြနိုင်တော့ လူသိပ်မသိလိုက်ဘူး။ အခုဟာကတော့ အမျိုးသမီးတစ်သင်းလုံးကို အားပေးကြတာ တစ်နိုင်ငံကို အုန်းအုန်းကျွက်ကျွက်ပဲ”ဟု မသန်းသန်းထွေးကပြောသည်။
မသန်းသန်းထွေးကို ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးရှိ ဗောဓိကျေးရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့သည်။ မိန်းကလေးလေးဦး၊ ယောကျ်ားလေးနှစ်ဦးရှိပြီး မွေးချင်းခြောက်ယောက်အနက် ငါးယောက်မြောက်သမီးဖြစ်သည်။
ကျေးရွာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားစဉ် အသက်(၁၂)နှစ်ခန့် အရွယ်ကတည်းက ညနေကျောင်းဆင်းချိန်တိုင်း ယောကျ်ားလေးသူငယ်ချင်းများအကြား ဝင်ရောက်ကာ ဘောလုံးကန်လေ့ရှိသည်။ ထိုအချိန်ကတည်းက ဘောလုံးအသံကြားလျှင် ထမင်းစားနေရင်းတန်းလန်းကပင် ပြေးသွားတတ်သည့် မသန်းသန်းထွေးအား မိဘများနှင့် မွေးချင်းမောင်နှမများက ဘောလုံးကစားခြင်းမှာ မိန်းကလေးတစ်ယောက်လုပ်ရမည့်အလုပ်မဟုတ်ဟုဆိုကာ မကြာခဏဆူပူခံရလေ့ရှိသည်။
တစ်ကြိမ်တွင် ၎င်းနှင့် ညီမဝမ်းကွဲတို့ အိမ်မှဝယ်ခိုင်းသည့် ပစ္စည်းတစ်ခုဝယ်ရန် အမေဖြစ်သူက အပြင်သို့ခိုင်းစဉ် ကရင်ရွာများအလိုက် ကျင်းပနေသည့် အမျိုးသမီးဘောလုံးပွဲနှင့် ကြုံကြိုက်၍ ဝတ်လာသည့် ဂါဝန်ကိုချွတ်ကာ အောက်ခံကွာတားဘောင်းဘီဖြင့် ဝင်ကစားသည်အထိ ဘောလုံးပိုးဝင်ခဲ့သည်။ အစ်မဖြစ်သူက ဂါဝန်ချွတ်ဘောလုံးကန်၍ ညီမကရှက်ကာ အိမ်သို့ပြန်တိုင်သဖြင့် ကြိမ်းမောင်းခံခဲ့ရခြင်းဖြစ်စဉ်မှာ ဘဝတွင် အမှတ်အရဆုံးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ဟု မသန်းသန်းထွေးက ပြန်ပြောင်းပြောသည်။
“အစက အိမ်က ဒီအလုပ်ကို မိန်းကလေးတစ်ယောက်နဲ့ မသင့်တော်ဘူးဆိုပြီး လုံးဝပေးမလုပ်ဘူး။ သူတို့ပြောလည်း ကိုယ်က သိပ်အာရုံထဲမှာမထားဘူး။ ဘောလုံးပွဲတွေ့တိုင်း ဝင်ကစားတာပဲ။ စိတ်ကတအားထက်သန်နေတော့ နောက်ဆုံးမှာ အိမ်ကမနိုင်တော့လို့ လုပ်ခွင့်ပြုလိုက်ရတာ”ဟု သန်းသန်းထွေးက ဘောလုံးကစားသမားဖြစ်လာရသည့်အကြောင်းကို ရယ်မောရင်းပြောသည်။
ယခုကဲ့သို့ နိုင်ငံ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမားတစ်ဦးဖြစ်လာရန် သန်းသန်းထွေး ဖြတ်သန်းလာခဲ့ရသည့်အဆင့်များက မနည်းမနောပေ။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်များမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အဖြစ် တစ်ဆင့်ချင်းတက်ခဲ့ရခြင်းဖြစ်သည်။ အားကစားတွင်အာရုံစိုက်ခဲ့ပြီး ပညာရေးတွင်မူ ၁၀ တန်းဖြင့် တစ်ပိုင်းတစ်စရပ်ခဲ့သည်။
ပထမဆုံးနိုင်ငံတကာပွဲဖြစ်သည့် ၂၀၀၁ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမလက်ရွေးစင် ၃၀ဦးထဲတွင် ရွေးချယ်ခံခဲ့ရသော်လည်း နောက်ဆုံးရွေးချယ်မှုအဆင့်တွင် ပြုတ်ကျန်ခဲ့သည်။
လက်ရွေးစဉ်တွင် အရွေးမခံရသော်လည်း ဆက်လက်ကြိုးစားခဲ့ရာ ထိုနှစ်တွင်ပင် (၁၉)နှစ်အောက် နိုင်ငံတကာပြိုင်ပွဲ၌ ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြုကစားသမားအနေဖြင့် စတင်ပါဝင်ခွင့်ရခဲ့သည်။
အသက်(၂၇)နှစ်အရွယ် သန်းသန်းထွေးသည် ၂၀၀၁ ခုနှစ်မှ လက်ရှိအချိန်ထိ နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးသမားတစ်ဦးအနေဖြင့် နိုင်ငံတကာပွဲပေါင်း ၈၀ ခန့် ပါဝင်ကစားခဲ့ပြီး ဖြစ်သည်။ နိုင်ငံအလိုက် ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြုကစားကာ အမိနိုင်ငံအမျိုးသမီးဘောလုံးအသင်းအတွက် အာဆီယံရွှေဆုနှစ်ဆု၊ ဆီးဂိမ်းပြိုင်ပွဲများတွင် ငွေဆုနှင့် ကြေးဆုနှစ်ခုစီ၊ စုစုပေါင်းဆုတံဆိပ်ခြောက်ဆုရယူပေးထားသည်။
ဘောလုံးကွင်းအတွင်းတွင်သာမကဘဲ ကွင်းပြင်ပတွင်ပါ လူတော်တစ်ယောက် အမြဲဖြစ်ချင်သည့်စိတ်ကြောင့် ကွင်းတွင်းနှင့် လေ့ကျင့်ခန်းလုပ်ရာတွင်လည်း
ပွဲရည်ရွယ်ချက်ရှိရှိနှင့်သာ အရာရာကို ကြိုးစားလုပ်ဆောင်သည်။ မိမိကိုယ်ကိုယ်သာ ပြိုင်ဘက်အဖြစ်ခံယူပြီး အမြဲကြိုးစားလေ့ရှိသည်။
ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သူ မသန်းသန်းထွေးသည် ကွင်းတွင်းစိတ်ဓာတ် အင်မတန်ကောင်းမွန်သည့် အမျိုးသမီးဖြစ်ပြီး နိုင်ချင်စိတ်လည်း အပြည့်ရှိသူဖြစ်ကြောင်း၊ နိုင်ငံလက်ရွေးစင်အသင်းဖော်များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း မြန်မာအမျိုးသမီးအသင်းမှ လက်ထောက်နည်းပြဖြစ်သူ ဒေါ်သက်သက်ဝင်းက မှတ်ချက်ပြုပြောကြားသည်။
“သူက တအားအရယ်သန်တယ်။ ဟာသတစ်ခုခု ရှေ့မှာလုပ်ပြရင် ရယ်လို့ကိုမပြီးတော့ဘူး။ ပျော်တတ်ပါတယ်။ သူ့ပုံလေးက လုံးလုံးလေးမို့ တစ်သင်းလုံးက သူ့ကို ဘူးသီးလို့ ချစ်စနိုးခေါ်ကြတယ်”ဟု ဒေါ်သက်သက်ဝင်းက တပည့်ဖြစ်သူနှင့်ပတ်သက်ပြီး ပြောသည်။ ဘောလုံးကစားရင်း သူအားကျသော ကစားသမားများမှာ ပြည်ပတွင် စီရော်နယ်ဒို၊ ပြည်တွင်း၌ ကျော်ကိုကိုဖြစ်သည်။
ဘောလုံးကွင်းအတွင်းတွင် ကြမ်းကြမ်းတမ်းတမ်းနှင့် ကစားနေရသော်လည်း ကွင်းပြင်ပတွင်မူ သာမန်မိန်းကလေးတစ်ယောက် နေထိုင်ပုံ၊ ဝတ်စားပုံအတိုင်းသာ နေထိုင်ပြီး ဝတ်စားပုံစမတ်ကျလွန်းသည့် မိန်းကလေးများကို တွေ့လျှင်လည်း တစ်ခါတစ်ရံ အားကျမိသည်ဟု မသန်းသန်းထွေးကဆိုသည်။
“မိန်းကလေးတွေ လှလှပပလေးဝတ်ရင် ကိုယ်လည်းအားကျတယ်။ ဒါပေမဲ့ ကိုယ်လုပ်နေရတဲ့အလုပ်က အဲဒီလို နူးနူးညံ့ညံ့လုပ်ရတဲ့အလုပ်မှ မဟုတ်တာဆိုပြီး ပြန်တွေးလိုက်ရတဲ့အခါတွေလည်းရှိတယ်”ဟု ရှေ့ဆံပင်များအားလုံးကို ဘီးကုပ်ပန်းရောင်ဖြင့် အပြောင်သိမ်းကာ မျက်နှာတွင် သနပ်ခါးရေကျဲကိုသာ ပွတ်လိမ်းထားသည့် မသန်းသန်းထွေးကပြောသည်။
ပြောဆိုနေရင်း လက်သည်းဆိုးဆေးပန်းရောင်ဆိုးထားသည့် ၎င်း၏ ဘယ်ဘက်လက်ချောင်းလေးများကိုငုံ့ကြည့်နေသည်။ ညာဘက်တွင်တော့ လက်သည်းဆိုးဆေးဆိုးထားခြင်းမရှိပါ။
လူငယ်သဘာ၀ ငယ်စဉ်က ရည်းစားတစ်ယောက် ထားခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူမရှိသေးဟု သန်းသန်းထွေးကပြောသည်။
“အခုချိန်မှာ တစ်ကိုယ်တည်းပါပဲ။ အချစ်ရေးဘာမှမစဉ်းစားသေးဘူး။ အဲဒီဟာတွေအတွက် သိပ်လည်းအာရုံမရှိဘူး။ အိမ်ထောင်ပြုဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။
အချစ်ရေး၊ အိမ်ထောင်ရေးဘက် မလှည့်နိုင်သေးသော်လည်း သူ့ဘဝရှေ့ရေးအတွက်တော့ စဉ်းစားစရာများ တစ်ပုံတစ်ပင်ပင်။ ယခုဆီးဂိမ်းပြိုင်ပွဲပြီးလျှင် သ့ူမဘဝအတွက် အဆုံးအဖြတ်ရွေးချယ်ရမည့် လမ်းဆုံတွင် ရောက်ရှိနေသည်။
ဆီးဂိမ်းပွဲပြီးလျှင် မိခင်ရေကြောင်းပို့ဆောင်ရေးဌာနနှင့် ဘောလုံးအဖွဲ့ချုပ်နှစ်ခုအနက် တစ်ဖက်ဘက်သို့ အပြီးတိုင်ပြောင်းရွှေ့ရန် မိခင်ဌာနက ဖိအားပေးနေသည်။ အသက်အရွယ် အချိန်ပိုင်းတစ်ခုအတွင်းသာကစားနိုင်မည့် ချစ်မြတ်နိုးလှသည့် ဘောလုံးကစားနည်းနှင့် ရေရှည်ဝင်ငွေနှင့် အလုပ်အကိုင်တစ်ခုကိုပေးနိုင်မည့် အစိုးရဝန်ထမ်းဘ၀ နှစ်ခုအနက် တစ်ခုကို အပြီးရွေးချယ်ရတော့မည်ဖြစ်သည်ဟု မသန်းသန်းထွေးက ၎င်း၏အခက်အခဲကိုပြောပြသည်။ သို့သော် ယခုအချိန်ထိ ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေး . . .
“တစ်ခါတလေ ဘောလုံးချည်းကစားနေရတာ နှစ်ကြာလာတော့လည်း တစ်ခါတစ်ရံငြီးငွေ့မှုဖြစ်မိတယ်။ ဒါပေမဲ့လည်း ကိုယ်က ဒီအလုပ်ပဲ ကောင်းကောင်းလုပ်တတ်တာ။ ရုံးမတက်ရတော့ ရုံးပိုင်းဆိုင်ရာတွေကိုလည်း ကောင်းကောင်းမသိဘူး။ လူကြီးတွေအချင်းချင်းတော့ ညှိပေးမယ်တော့ပြောတယ်။ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး”ဟု မသန်းသန်းထွေးကပြောသည်။ ထိုသို့ ဘဝအနာဂတ်အရေးနှင့်ပတ်သက်ပြီး ငေးမောစွာပြောနေစဉ်အချိန်၌ ပြိုင်ဘက်၏ကွင်းလယ်ကို ထိန်းချုပ်သော ကွင်းလယ်ဗိုလ်ချုပ် ကျောနံပါတ်(၇) အမျိုးသမီးဘဝပုံစံနှင့် များစွာကွာခြားနေသည်။
လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနတွင် အကြီးတန်းစာရေးဖြစ်သည့်အတွက် လစာ ၁၁၀၀၀၀ ကျပ်၊ လက်ရွေးစင်ဘောလုံးကစားသမား ရွေးချယ်ခံထားစဉ် လစာသုံးသိန်းရသည်။
သူမ ဘောလုံးဆက်ကန်သည်ဖြစ်စေ၊ မကန်သည်ဖြစ်စေ မြန်မာပရိသတ်များ၏ ရင်ဘတ်ထဲတွင်တော့ မသန်းသန်းထွေးတစ်ယောက်က နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေရာယူထားပါပြီ။
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာတို့ အမြဲဂုဏ်ယူနေမည့် အခိုက်တန့်ဖြစ်သော သုံးနာရီကျော်ကြာ ရေကုန်ရေခန်းယှဉ်ပြိုင်ခဲ့သည့် သမိုင်းဝင် မြန်မာ-ထိုင်းအမျိုးသမီးပွဲစဉ်မှ မြန်မာအသင်းကစားသမားတစ်ဦးအဖြစ် မှတ်တမ်းကောင်းကိုလည်း ရေးထိုးနိုင်ခဲ့ပါပြီ။
------------
ရေးသားသူ- အေးမွန်ရာပြည့်
ဓာတ်ပုံ- ညီညီဇော်၊
Comments
Post a Comment