မန္တလာမြေက တပတ်ရစ် ဖုန်းဆိုင် ယဉ်ကျေးမှု

(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။)

မန္တလေးမြို့မှာ ဒီနှစ်ပိုင်းအတွင်း ပေါပေါများများ တွေ့လာရတာကတော့ တပတ်ရစ်မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်တွေပဲဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတဲ့ထဲက အမှန်တကယ် စီးပွားဖြစ်နေတဲ့လုပ်ငန်းက အင်မတန်နည်းနေပါတယ်။ တပတ်ရစ် မိုဘိုင်းဖုန်း ရောင်းဝယ်ရေး ဆိုင်လေးတွေကတော့ လက်ရှိအခြေအနေမှာ အလုပ်ဖြစ်နေတဲ့၊ ထိုက်သင့်တဲ့ အမြတ်ရနေတဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေအဖြစ် ရပ်တည်နေပါတယ်။
ဒါ့ကြောင့် ဒီတပတ်မှာ မန္တလေးမြို့က တနိုင်တပိုင်လုပ်နေကြတဲ့ တပတ်ရစ် မိုဘိုင်းဖုန်းဆိုင်တွေနဲ့ စာဖတ်သူတွေကို ထိတွေ့ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအထိ မန္တလေးမှာ တပတ်ရစ်ဖုန်းတွေကို ဆိုင်နဲ့ကနားနဲ့ ရောင်းတာမျိုး မရှိခဲ့ပါဘူး။ အရင်က မန္တလေးမြို့မှာ အခုလိုဖုန်းအရောင်းအဝယ်လုပ်ငန်းထက် ဖုန်းလိုင်းကတ်တွေ အချင်းချင်းရောင်းကြဝယ်ခဲ့ကြတာပါ။
လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်က ရောင်းမည်ဝယ်မည်ဆိုတဲ့ ဖေ့ဘုတ်ဂရုလေးထဲမှာ ဖုန်းဆင်းကတ်တွေနဲ့ အခြားပစ္စည်းတွေကိုသာ ရောင်းချကြရာကနေ နောက်ပိုင်းမှာ ဖုန်းတွေကိုပါ ရောင်းချလာကြတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ထဲမှာတင် ဖုန်းရောင်းဖို့တင်ထားသူနဲ့ ဝယ်ချင်တဲ့သူနဲ့ အဆင်ပြေလို့ ဖုန်းကြည့်ချင်ခဲ့ရင် ဝယ်သူရောင်းသူအဆင်ပြေမယ့် လက်ဖက်ရည်ဆိုင်တဆိုင်ဆိုင်မှာ ချိန်းပြီး အရောင်းအဝယ်လုပ်ကြတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း တပတ်ရစ်ဖုန်းဆိုင်လေးတွေ တဆိုင်ပြီးတဆိုင်ပေါ်လာတယ်။

ရန်ကုန်မြို့က တပတ်ရစ်ဟန်းဆက်ရောင်းဝယ်ရေးဆိုင်တွေလို လိုက်ပြီး ဆိုင်လေးတွေ စမ်းဖွင့်ကြရာကစပြီး မန္တလေးမြို့မှာ အခုလို တပတ်ရစ်ဖုန်းရောင်းဝယ်တဲ့ ယဉ်ကျေးမှု စတင်လာတာဖြစ်တယ်လို့ အဲ့ဒီလိုမျိုး ဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့်ထားသူတွေက ဆိုကြတယ်။

ဆိုင်ခန်းသေးသေးလေးတခန်း၊ ဖုန်းတွေထည့်ဖို့ မှန်ကောင်တာတခု၊ ပြီးရင်ဖုန်းနဲ့တွဲပြီး အလုပ်လုပ်ဖို့ ကွန်ပျူတာ တစုံရှိရင် တပတ်ရစ်ဖုန်းဆိုင်ဖွင့်လို့ရပါပြီ။ တပတ်ရစ်ဖုန်းတွေကောက်ဖို့ (ဝယ်ဖို့) ငွေရင်းနှီးတာချင်းကတော့ တဆိုင်နဲ့တဆိုင်မတူကြပါဘူး။ ငွေသိန်း ၇၀ လောက်ကနေ သိန်း ၂၀၀ လောက်အထိ ရင်းနှီးထားကြတယ်။ ဆိုင်တချို့ကတော့ တဦးတည်း ပိုင်လုပ်ငန်းတွေဖြစ်ပြီး တချို့ကတော့ သူငယ်ချင်းတွေစုပြီး ဖွင့်ထားကြတာတွေပါ။

နောက်ဆုံးပေါ် ဆမ်ဆောင်း note 5 ယူချင်လား၊ iphone 6 ယူချင်လား၊ ဆိုနီ၊ HTC ၊ OPPO၊ VIVO ၊ Hwawei ယူမလား။ ကြိုက်တာကို ဒီတပတ်ရစ်ဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ တချို့ဖုန်းတွေကတော့ မော်ဒယ်မြင့်ရင်မြင့်သလို ဝရန်တီအပြည့်ပါတာရှိတယ်။ ဝရန်တီပါမပါနဲ့ ဖုန်းမှာ အပွန်းအဆင်း အနာပါမပါပေါ်မှာ မူတည်ပြီး ဖုန်းတလုံးကို တန်ဖိုးဖြတ်တယ်။
တပတ်ရစ်ဖုန်းဆိုင်တွေ မှိုလိုပေါက်နေတဲ့အချိန်မှာ တဆိုင်နဲ့တဆိုင် ဝယ်သူကို အပြိုင်အဆိုင်စွဲဆောင်ကြသေးတယ်။ ဖုန်းဝယ်လိုက်တဲ့အချိန်ကနေ ဆယ်ရက်အတွင်း သုံးကြည့်လို့ အဆင်မပြေရင် ပြန်လျော်ပေးမယ်တို့၊ ငွေပြန်အမ်းမယ်တို့လို၊ ဝယ်ပြီး ဘယ်နှလအထိ ဖုန်းအတွက် ဝန်ဆောင်မှုမျိုးတို့လိုတွေပေါ့။

ဆိုင်တွေရဲ့ ဝယ်သူ(ကတ်စတမ်မာ)အပေါ်မှာ ဆက်ဆံရေးကလည်း ချိုပြစ်နေအောင် ကောင်းလွန်လှပါတယ်။ ဆိုင်တဆိုင်မှာ ဝယ်သူတယောက်ကဝယ်ပြီးလို့ တကြိမ်တခါ အဆင်ပြေသွားပြီဆိုရင် နောက်လည်း ဒီဝယ်သူနဲ့ရောင်းသူဟာ အမြဲချိတ်ဆက်မိသွားပါပြီ။ ဖုန်းအလဲလှယ်နဲ့ ကိုင်နေသူတွေဟာ နောက်ဖုန်းအသစ်သစ်တွေထွက်လာတိုင်း ပြောင်းကိုင်ချင်တတ်ကြလို့ပါ။ သူတို့ရဲ့ဝယ်သူတွေဟာ ဘာဖုန်းအသစ်ထွက်လဲဆိုတာကိုသာ နားစွင့်နေကြတဲ့ သူတွေဖြစ်တယ်ဆိုတာကို တပတ်ရစ်ဆိုင်ဖွင့်သူတွေဟာ ကောင်းကောင်းကြီး နားလည်ထားတယ်။ ဒါကြောင့် ရေရှည်ဆက်ဆံရေးရှိဖို့ ကြိုးစားကြတယ်။

တပတ်ရစ်ဆိုင်တွေမှာ ဖုန်းအရောင်းအဝယ် လာလုပ်ကြသူတွေကတော့ လူမျိုးစုံပါပဲ။ ပိုက်ဆံအရမ်းရှိပြီး ဖုန်းတလုံးကို ပေါ်ဦးပေါ်ဖျားသာ ခဏတာကိုင်ချင်တဲ့သူတွေရှိသလို ကိုယ့်ငွေလေးနဲ့ကိုက်ပြီး အသုံးတည့်မယ့်ဖုန်းလေးကို လာဝယ်တဲ့သူမျိုးလည်းရှိပါတယ်။ ဘောလုံးပွဲလောင်းကစားလုပ်သူတွေလည်း လာကြတယ်။ ဘောလုံးပွဲရှုံးရင် သူတို့ရဲ့ဖုန်းတွေကို အလွယ်တကူ လာရောက်ရောင်းချပြီး ငွေပြန်ဖော်ကြရတာကိုး။

အနိမ့်ဆုံး ငွေကျပ် ငါးသောင်းခြောက်သောင်းလောက်နေ ခြောက်သိန်း၊ ခုနစ်သိန်းကျော်တန်ဖိုးအထိ ဝယ်လိုက်ရောင်းလိုက်ကို ဒီလိုဖုန်းဆိုင်လေးတွေမှာ နေ့စဉ်ပြုလုပ်နေရတယ်။

ဖုန်းဆိုင်တွေမှာ အရောင်းသွက်တဲ့ဖုန်းတွေကတော့ အိုင်ဖုန်း၊ ဆမ်ဆောင်းဖုန်း တွေဖြစ်ပြီး ကျန်တဲ့ဆိုနီ၊ HTC တို့လို၊ ဟွာဝေးဖုန်းတွေကလည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်။ နောက်ပိုင်းမှာတော့ စီအိုစီဂိမ်းကစားတာများလာတာကြောင့် မျက်နှာပြင်ကြီးတဲ့ ဘယ်လိုဖုန်းတွေမဆို အရောင်းသွက်နေတယ်။ တပတ်ရစ်ဖုန်းဟောင်းတလုံးကို ရောင်းချင်လို့ လာသွင်းပြီဆိုရင် ဝိုင်ဖိုင်၊ ဘလူးတုသ်၊ ကင်မရာ၊ အင်တာနက်(network)ပိုင်းဆိုင်ရာ၊ LCD ဖုန်းမျက်နှာပြင်၊ စက်ပိုင်းဆိုင်ရာ ကုတ်နံပါတ်တွေနဲ့ အမှန်တကယ် ကိုက်မကိုက်တွေ အဓိကကြည့်ရပါတယ်။ ဖုန်းဆိုင်တွေဘက်က ဝယ်ပြီဆိုရင်တော့ စိစိပေါက်ပေါက် စစ်ဆေးပြီး ဝယ်လေ့ရှိတယ်။ အဲ့ဒီလိုပဲ ဖုန်းဆိုင်တွေဆီက ဝယ်တဲ့သူဘက်ကလည်း ဖုန်းတလုံးကိုဝယ်ရင် သေသေချာချာ စိစစ်ဝယ်ယူနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။

ဒီလိုမျိုးဖုန်းတွေကို အလွယ်တကူရောင်းလို့ ရနေတာဟာ မန္တလေးမြို့တွင်းမှာဖြစ်ပေါ်နေတဲ့ ဖုန်းပျောက်မှုတွေ၊ ဖုန်းခိုးမှုဖြစ်စဉ်တွေနဲ့ဆက်စပ်နေတယ်။  ဖုန်းခိုးတာနဲ့ပတ်သက်ပြီး အခုလိုတပတ်ရစ်ဆိုင်တွေမှာ ပြန်မိခဲ့တဲ့ဖြစ်စဉ်တွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဦးစီးဌာနမှာ အများကြီးတွေ့ရပါတယ်။

ဖုန်းတွေကိုခိုးယူပြီး လာရောင်းသူတွေဟာ ဖုန်းသီးသန့်ချည်းပဲလာရောင်းတာများပြီး တခြားစပ်ဆက်ပစ္စည်းတွေ မပါတတ်တာကြောင့် ပြန်ဝယ်တဲ့အခါ သတိကြီးကြီးထားပြီး ဝယ်ယူနေကြရတယ်။ တပတ်ရစ်ဆိုင်တွေကနေတဆင့် ဝယ်သုံးကြမယ့်သူတွေအနေနဲ့လည်း ဒီအချက်ကိုတော့ သတိထားပြီး ဝယ်ယူဖို့ လိုပါလိမ့်မယ်။

အခုချိန်မှာတော့ မန္တလေးမြို့မှာ တပတ်ရစ်ဖုန်းဆိုင်စုစုပေါင်း (၁၀) ဆိုင်အထက်မှာရှိနေပြီ။ အင်တာနက်ဖေ့စ်ဘွတ်ခ်မှာလည်း ဖုန်းရောင်းဝယ်ရေးမှာ အသုံးပြုနေကြတဲ့ ဂရုတွေအများကြီးရှိနေပြီ။ တချို့ရောင်းသူဝယ်သူတွေဟာ အင်တာနက်ပေါ်မှာတင် အရောင်းအဝယ်ကိစ္စ ပြီးပြတ်သွားတာတွေလည်းရှိတယ်။

ဖုန်းအသစ်လောကမှာတော့ ကျပ် ၁ သိန်းတန်တဲ့ ပစ္စည်းဟာ ဘယ်ဆိုင်မှာဖြစ်ဖြစ် ၁ သိန်းပါပဲ။ ဒါပေမယ့် တပတ်ရစ်လောကမှာတော့ ပြန်ရောင်းဖို့လည်း အဆင်ပြေပြီး ရောင်းသူဝယ်သူရော ကျေနပ်တဲ့ဈေးနဲ့ကိုက်ရင် တခါတည်းအရောင်းအဝယ်ဖြစ်ကြတယ်။ တပတ်ရစ်ဖုန်းတွေရဲ့ ပေါက်ဈေးကလည်း သတ်သတ်မှတ်မှတ်ရှိနေတယ်။ တပတ်ရစ်ဖုန်းဆိုင်တွေအကြားမှာ အပေးများတဲ့ဈေးဟာပဲ ပေါက်ဈေးပဲဖြစ်သွားတယ်။

တပတ်ရစ်ဖုန်းအရောင်းဝယ်လုပ်သူတွေ၊ ဆိုင်တွေဟာ တခါတလေ ဖုန်းတလုံးကို ငါးသောင်းလောက်ထိ မြတ်တတ်သလို ငါးထောင်လောက်ပဲ မြတ်တာတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဖုန်းတစ်လုံးချင်းစီမှာ သေချာပေါက် အမြတ်ကျန်တာကြောင့် ဒီနေ့ခေတ်မှာ ဒီတပတ်ရစ်ဖုန်းဆိုင်လေးတွေဟာ တနေ့တခြားပိုမိုများပြားနေရတာဖြစ်ပါတယ်။

အရာရာကျပ်တည်းနေတဲ့အချိန်မှာ တပတ်ရစ်ဖုန်းဆိုင်လေးတွေကတော့ အဆင်ပြေပြေချောချောမွေ့မွေ့ ရပ်တည်နေတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ကြီးလို အရာရာဟာ လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲတိုးတက်နေတဲ့အချိန်မှာ ဒီတပတ်ရစ် မိုဘိုင်းဖုန်းဆိုင်ယဉ်ကျေးမှုဟာလည်း ဘယ်အချိန်အထိ ဆက်လက်ရပ်တည်နေနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

အေးမွန်ရာပြည့်
http://burmese.dvb.no/archives/111812

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း