မဲပေးဖို့အရေး… ဒါဖတ်ပါ…

(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြပါသည်။)
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပမယ့်နေ့ပါ။

ဒီမိုကရေစီနိုင်ငံတော်ကို အရောက်လှမ်းဖို့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ကိုယ်တိုင်ခေါင်းခေါက် ရွေးချယ်နိုင်ဖို့ ပြည်သူတွေမှာ လုပ်ပိုင်ခွင့်အပြည့်အဝအရှိဆုံးနေ့လည်း ဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာ နိုင်ငံရေးမှာ အများပြည်သူကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်တာကိုခေါ်တာပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံတနိုင်ငံလုံးက ပြည်သူတွေဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့် ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ကြရတယ်။ အဲ့ဒီလိုရွေးချယ်တဲ့ပွဲကို အထွေထွေရွေးကောက်ပွဲလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၅ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတယ်။ မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာဆိုရင် ၂၀၁၀ နောက်ပိုင်းမှာ ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ ဖြစ်စေချင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေ ဖြစ်ဖို့ အမှန်တကယ်လိုလားရင် ကိုယ်တိုင်ပါဝင်မဲထည့်ကြရမှာဖြစ်ပါတယ်။ မိမိတဦးတည်းရဲ့ မဲတပြားကြောင့် ဘယ်လိုအပြောင်းအလဲမှ ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူးလို့ ထင်ရင် အမှားကြီးမှားပါလိမ့်မယ်။ တဦးထဲကြောင့် ဘာမှမဖြစ်ပေမယ့် အဲ့ဒီလိုတဦးချင်းစီမဲတွေ ပေါင်းစပ်လိုက်ရင်ဖြင့် အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ အင်အားကြီးလာနိုင်မှာပဲဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်လိုက်တဲ့လူတွေဟာ လွှတ်တော်တွေထဲကို ရောက်ရှိသွားမှာဖြစ်ပြီး ပြည်သူတွေ ဖြစ်စေချင်တဲ့၊ သင့်တော်တဲ့ဥပဒေတွေကို လွှတ်တော်အတွင်းမှာ ရေးဆွဲကြမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို စောင့်ကြည့်ပြီး တည့်မတ်တာတွေ လုပ်ပေးကြမှာပါ။ အဲဒီလိုပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေ လွှတ်တော်တွေအတွင်း ရောက်ရှိသွားနိုင်ဖို့ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိနေပါတယ်။ မဲပေးတဲ့အခါမှာ ပထမဆုံးအနေနဲ့ ကိုယ်တိုင်ဟာမဲပေးခွင့်ရှိသူလားဆိုတာ သေချာသိထားဖို့က အရေးကြီးလှပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်မယ်။ မဲပေးရမယ့်မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်အမည်ပါမယ်။ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ မဲပေးခွင့်ရှိနေပြီလို့ ကိုယ့်ကိုယ်ကို ယူဆထားပြီး မဲရုံကို မဲသွားပေးဖို့သာ ကြိုတင်ပြင်ဆင်ထားပါတော့။ တကယ်လို့ ဆန္ဒမဲပေးရမယ့်သူဟာ မဲမေးရမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ မဲဆန္ဒနယ်ရဲ့ ပြင်ပကိုရောက်နေမယ်၊ အချုပ်ခန်းမှာ အချုပ်ကျနေမယ်၊ ဆေးရုံတက်ဆေးကုသမှုခံနေရမယ်၊ နိုင်ငံရဲ့ပြင်ပကို တရားဝင်ရောက်ရှိနေမယ် ဆိုရင်တော့ ကြိုတင်မဲပေးခွင့်ရကြမှာပါ။ တခြားဘာအကြောင်းတစုံတရာမှ မရှိဘူးဆိုရင်တော့ ပုံမှန်အတိုင်းမဲပေးကြရမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ မဲထည့်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ သိပ်မခက်လောက်ပါဘူး။ မဲပေးမယ့်သူတွေအတွက် ရွေးကောက်ပွဲမတိုင်ခင်ရက်ပိုင်းမှာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ကို ကော်မရှင်က ထုတ်ပေးပါလိမ့်မယ်။ ရွေးကောက်ပွဲလုပ်မယ့်နေ့မှာကတော့ မဲရုံကို မဖြစ်မနေသွားဖြစ်ဖို့သာ အဓိကပါပဲ။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ မဲရုံတွေဟာ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်ထားမှာဖြစ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ သွားရောက် မဲပေးကြရမှာပါ။ မဲပေးမယ့်သူတွေအနေနဲ့ မဲရုံကိုရောက်ရင် ပထမဆုံးလုပ်ရမှာက မဲဆန္ဒရှင် သက်သေခံလက်မှတ်ကိုပြပြီး မဲစာရင်းစာရွက်မှာ မိမိလာရောက်မဲပေးတဲ့အကြောင်း လက်မှတ်ထိုး ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုထိုးပြီးတဲ့အခါမှာတော့ ဆန္ဒမဲလက်မှတ် ထုတ်ပေးတဲ့သူထံ သွားပြီး မဲတွေသွားထုတ်ရမယ်။ ထုတ်လာတဲ့မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်ပါ၊ မပါကိုလည်း ဂရုစိုက်ခဲ့ပါကြပါဦး။ မဲရုံမှူးလက်မှတ်မပါရင် ပယ်မဲ ဖြစ်သွားနိုင်လို့ပါ။ ဆန္ဒမဲလက်မှတ်တွေကိုယ့်ရဲ့ လက်တွင်းရောက်ပြီဆိုရင်တော့ လျှို့ဝှက်မဲပေးခန်းတွေထဲကို ဝင်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်ကို မဲပေးလို့ ရပါပြီ။ မဲပေးတဲ့အခါမှာ မိမိ မဲပေးလိုသူရဲ့ နံဘေးက အကွက်လေးထဲမှာ တံဆိပ်တုံး ထုခဲ့ရမှာပါ။ ရိုက်လိုက်လို့ တံဆိပ်တုံးက ပြောင်းပြန်ဖြစ်သွားပါစေ…ပယ်မဲမဖြစ်ပါဘူး။ တံဆိပ်တုံးဟာ ကိုယ်ပေးမယ့် ကိုယ်စားလှယ်ရဲ့ အကွက်ကို ကျော်ပြီး တဖက်ကိုယ်စားလှယ်အကွက်ထဲ နည်းနည်းစွန်းသွားရင်တောင် ပဲမယ်မဖြစ်သေးပါဘူး။ အကွက်အများဆုံး အကျော်ခံရတဲ့ ကိုယ်စားလှယ်ဘက်ကနေ မဲရေတွက်သွားမှာ ဖြစ်လို့ပါ။ ဆန္ဒပြုတဲ့ တံဆိပ်တုံးထုတာကိုတော့ ဂရုတစိုက်ထုဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာရော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာပါ အခုလို တံဆိပ်တုံးနဲ့ မဲဆန္ဒပေးရတာမျိုး မကြုံတွေ့ခဲ့ဖူးတာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေနယ်တွေမှာ တံဆိပ်တုံးနဲ့ စိမ်းတဲ့အခြေအနေတွေ ဒီနေ့အချိန်ထိ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲပညာပေး လုပ်နေတဲ့ အဖွဲ့တွေကတော့ တံဆိပ်တုံးထုတတ်ဖို့ကို အဓိကထား လုပ်ဆောင်နေကြပါတယ်။ ကော်မရှင်အနေနဲ့ ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးနဲ့ မဲပေးတာရော၊ ဘောပင်နဲ့မဲပေးတာရော နှစ်မျိုးစလုံးကို ခွင့်ပြုပေးဖို့ ပြန်လည်စိစစ်သင့်ပါတယ်။ မဲပေးတဲ့အခါမှာ ပြည်သူ့လွှတ်တော်အတွက် တစောင်၊ အမျိုးသားလွှတ်တော် အတွက် တစောင်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက်တစောင် စုစုပေါင်း ၃ စောင်မဲပေးကြ ရမှာပါ။ တကယ်လို့ မဲပေးသူဟာ မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသားလူမျိုးစုတခုခုမှာ ပါဝင်နေရင်တော့ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေရအောင် လုပ်ဆောင်ပေးဖို့ တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်အတွက် မဲတစောင်ထပ်ပေးကြရမှာပါ။ ဒါကြောင့် မဲရုံကိုလာပြီး မဲပေးသူတစ်ဦးဟာ အနည်းဆုံးမဲလက်မှတ် ၃ စောင်ကို ဆန္ဒပြုကြရမှာပဲ ဖြစ်ပါတယ်။ မိမိရဲ့ဆန္ဒမဲကို ပယ်မဲဖြစ် မသွားစေဖို့ ဂရုစိုက်ရဦးမယ့်အချက်တွေလည်း ရှိနေပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားမပါတဲ့ မဲလက်မှတ်၊ မဲရုံမှူးလက်မှတ် မပါတဲ့ဆန္ဒမဲ၊ တာဝန်ခံထုတ်ပေးသူရဲ့ အမည်နဲ့ လက်မှတ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ကိုယ်စားလှယ်လောင်းတဦး ထက်ပိုပြီး ဆန္ဒပြုထားတဲ့ မဲလက်မှတ်၊ ကိုယ်စားလှယ်တဦးတယောက်ကိုမှ ဆန္ဒပြုထားခြင်းမရှိတဲ့ မဲလက်မှတ်၊ တံဆိပ်တုံးနှိပ်ပြီး ဆန္ဒပြုမှုမသေချာမထင်ရှားတဲ့မဲဆန္ဒလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်တယ်လို့ မဲရုံမှူးက ဆုံးဖြတ်တဲ့ ဆန္ဒမဲလက်မှတ်၊ မဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုလုပ်ထားတဲ့ မဲလက်မှတ်၊ ဆုတ်ဖြဲထားတဲ့ မဲလက်မှတ်၊ ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ထုတ်ပြန်ထားတဲ့ မဲလက်မှတ် အစရှိတဲ့မဲလက်မှတ်ပုံစံတွေဟာ ပယ်မဲတွေပါ။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့မဲပေးမယ့်ကိုယ်စားလှယ်ကို ရွေးချယ်တဲ့အခါမှာ အမျိုးသား၊အမျိုးသမီး၊ အသက်ကြီးငယ်ခွဲခြားခြင်း မရှိဘဲ ကိုယ်စားလှယ်ရဲ့အရည်အချင်း၊ အတွေ့အကြုံရှိမှုတွေပေါ်အခြေခံပြီး ရွေးချယ်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ဟာ ကိုယ့်အတွက်၊ ကိုယ့်ရပ်ရွာအတွက် ဘယ်လို အကျိုးပြုမလဲ၊ ပြီးတော့ သူကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအခြေအနေ အစရှိတဲ့ အခြေအနေတွေအားလုံးကို အသေးစိတ်ခြုံငုံလေ့လာပြီးမှ ရွေးချယ်ဖို့ လိုအပ်လှပါတယ်။ မဲဆွယ်စဉ် ကာလတိုကလေးအတွင်း ရေတိုထောက်ပံ့ပေးတာလေးတွေနဲ့တင် ကျေနပ်ပြီး ကိုယ်စားလှယ် ရွေးချယ်တာမျိုး မဖြစ်ဖို့က အရမ်းအရေးကြီးလှပါတယ်။ မဲပေးရွေးချယ်တဲ့အခါမှာ တဒင်္ဂစိတ်ခံစားမှုနဲ့ မဲပေးမှုမျိူး မဖြစ်စေဖို့ မဲဆန္ဒရှင်ပြည်သူတွေ ရင့်ကျက်နေဖို့လည်း လိုအပ်ပါသေးတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မဲဆန္ဒရှင်ပြည်သူ အများစုဟာ စိတ်ဆန္ဒတခုတည်းပေါ်မှာ အခြေခံပြီး မဲပေးတတ်ကြပါတယ်။ စိတ်ခံစားမှုဆိုတဲ့ နေရာမှာ ဒေါသ (အမြင်မကြည်လင်ခြင်း)၊ အကြောက်တရား၊ စိတ်လှုပ်ရှားမှု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ ဆက်စပ်တဲ့ စိတ်ခံစားမှုနဲ့ အထင်ကြီးလေးစားစိတ်တွေ ပါဝင်ပါတယ်။ ဥပမာ အနေနဲ့ အထင်ကြီးလေးစားစိတ်ကိုပြောရမယ်ဆိုရင် ပါတီတခုဟာ ကိုယ်နေတဲ့ရပ်ကွက်ကို မဲဆွယ်စဉ်ကာလအတွင်းမှာ လမ်းခင်းတာ၊ မီးလင်းအောင်လုပ်ပေးတာ အစရှိတာတွေ လုပ်ပေးလို့ အထင်ကြီးပြီး မဲထည့်တာမျိုးကို ဆိုလိုတာပါ။ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာက ဒီလို မဲဆွယ်စည်းရုံးမှုတွေကတော့ ရှိနေမှာပါပဲ။ ဒီလို စည်းရုံးမှုတွေကြောင့် ပြည်သူတွေ အရွေးမှားခဲ့တဲ့ ဥပမာတွေကလည်း ရှေ့မှာများလှပါပြီ။ ပြည်သူတွေ မဲပေးပေမယ့်လည်း အရွေးမှားခဲ့ရင်တော့ဖြစ် ဘာမှ ထူးထူးခြားခြား ေုပာင်းလဲလာမှာ မဟုတ်လို့ ဒီရွေးကောက်ပွဲကာလမှာတော့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သတိကြီးကြီးလက်ကိုင်ထားပြီး ရွေးချယ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ အမှန်တကယ် အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ ဆန္ဒမဲပေးပြီးရင်တော့ နိုင်ငံသား တာဝန်တစိတ်တပိုင်းကျေသွားပါပြီ။ နိုင်ငံသားတာဝန် အပြည့်အဝကျေချင်ရင်တော့ ကိုယ်ပေးလိုက်တဲ့မဲတွေ မှန်မှန်ကန်ကန် ရေတွက်ခံရရဲ့လားဆိုတာကို သေချာစောင့်ကြည့်ပေးဖို့ လိုအပ်ပါသေးတယ်။ မဲဆန္ဒရှင်တိုင်းဟာ ဆန္ဒမဲတွေရေတွက်မှုကို စောင့်ကြည့်ဖို့ တရားဝင် အခွင့်အရေးရှိပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပေးတဲ့အပြင် ဒီလို မဲရေတွက်တာကိုလည်း စောင့်ကြည့်မယ်ဆိုရင်ဖြင့် အမှန်တကယ်ကို နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်ပြီလို့ မိမိကိုယ်ကို သတ်မှတ်လိုက်ပါတော့။ အေးမွန်ရာပြည့်
http://burmese.dvb.no/archives/1162...

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"