မိုးက သည်းသည်း…..စက်ဘီးသမားတွေကရဲရဲ

မန္တလေးမြို့မှာ ၂ ရက်ဆက်တိုက်လောက်တောက်လျှောက်ရွာနေတဲ့မိုးက ဒီမနက်အထိကို မရပ်နိုင်သေး။ ကောင်းကင်တခုလုံးကလည်း ခဲသားရောင်ရင့်ရင့်မှုန်မည်းနေလိုက်တာ….နေမင်းခမျာ ခေါင်းပြူလို့ပင် မထွက်နိုင်ဘူး။ ရက်ဆက်မိုးရွာထားလို့ မြို့တွင်းလမ်းတွေဟာ သန့်ရှင်းနေပေမယ့် လမ်းအချို့ကတော့ ရေတွေက ဖွေးပြီး လှံျနေတယ်။

မနက် ၈ နာရီထိုးခါနီးအချိန်မှာတော့ မန္တလေးမြို့တွင်း နေရာစုံမှာ နေထိုင်ကြတဲ့ စက်ဘီးစီးသူတွေဟာ စက်ဘီးကိုယ်စီနဲ့ မန္တလေးမြို့က အထင်ကရနေရာတနေရာကို ဦးတည်ပြီး တရွေ့ရွေ့လာနေကြတယ်။

သူတို့ အားလုံး ဦးတည်လာနေကြတာကတော့ မန္တလေးမြို့ရဲ့လူထုနဲ့ ရင်ဘတ်ချင်း သိပ်ကိုနီးစပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်က လူထုစာအုပ်တိုက်ရှေ့ကိုပါ။ ဒီမှာ စက်ဘီသမားတွေရဲ့ စုရပ် လုပ်ထားတယ်။ မန္တလေးမြို့ရဲ့ အထိမ်းအမှတ်သင်္ကေတတွေဖြစ်တဲ့ စက်ဘီးတွေနဲ့ လူထုစာအုပ်တိုက်တို့ဟာ ဂုဏ်ဂုဏ်ချင်း ထပ်ပြီး အရမ်းကို ပနံရလှပနေတာပေါ့။ လူထုတိုက်ရှေ့မှာ စက်ဘီးတွေကိုယ်စီနဲ့ စုရုံး ရောက်နေကြတဲ့ စက်ဘီးသမားတွေဟာ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ ဖေ့စ်ဘုတ်တင်ကြတယ်။

တဖြည်းဖြည်းနဲ့ သူတို့လို ဝတ်စုံပြည့်နဲ့ လူတွေ တဖွဲဖွဲရောက်လာကြပြန်တယ်။ အားလုံး လူစုံလောက်တဲ့အချိန်မှာတော့ စက်ဘီးအစီးရေပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိသွားပြီ။ တအောင့်ကြာတော့ စက်ဘီးစီးသူတွေကို ဆင်တူအင်္ကျီအနီရောင် တီရှပ်တွေ၊ အလံနီရဲရဲလေးတွေနဲ့ ပါးမှာ ကပ်တဲ့ အနီရောင်စတစ်ကာလေးတွေကို လိုက်ဝေပေးတယ်။ စက်ဘီစီးသူတွေအားလုံးဟာ အဲဒီဆင်တူအင်္ကျီတွေကို သူတို့ရဲ့ စက်ဘီးစီးဝတ်စုံတွေပေါ်ကနေ ထပ်ဝတ်လိုက်ကြတယ်။ အလံတွေကိုတော့ တချို့က စက်ဘီးမှာပါတဲ့ တိုင်လေးတွေမှာ ချိတ်ကြတယ်။ တချို့က ခေါင်းပေါ်ကို စည်းထားလိုက်ကြတယ်။ စတစ်ကာလေးတွေကိုတော့ ပါးတွေမှာ ကပ်လိုက်ကြတယ်။ သူတို့ စက်ဘီးအုပ်စုကြီးတခုလုံးဟာ  အနီရောင် လွှမ်းသွားတယ်။ အဲဒီလို ဝတ်ဆင်ပြင်ဆင်တာတွေ လုပ်ပြီးတဲ့အချိန်မှာ မနက် ၈ နာရီ ထိုးသွားလို့ သူတို့ရဲ့မန္တလေးမြို့ကို စက်ဘီး ပတ်စီးမယ့်ခရီးစဉ်ကို စတင်ခဲ့ကြတယ်။

ဒီမြင်ကွင်းတွေကတော့ စက်ဘီးမြို့တော်အဖြစ် နာမည်ကြီးထင်ရှားခဲ့တဲ့ မန္တလေးမြို့က စက်ဘီးစီးအသင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ကို ထောက်ခံတဲ့အနေနဲ့ စုပေါင်းစက်ဘီးစီးဖို့ စုနေကြတာပဲ ဖြစ်ပါတယ်။ Mandalay Bike Adventure ( MBA) နဲ့ Mandalay Free Rider (MFR) အဖွဲ့တို့ ပူးပေါင်းပြီး သူတို့သဘောကျတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အောက်တိုဘာလ ၁၃ ရက်နေ့က မနက်က မန္တလေးမြို့ကို စက်ဘီးပတ်စီးခဲ့ကြပါတယ်။

Mandalay Bike Adventure  မန္တလေး အပျော်တမ်း တောင်တက်စက်ဘီးစီးအသင်း လို့ခေါ်တဲ့စက်ဘီးစီးအဖွဲ့ဟာ မန္တလေးမြို့ခံ စက်ဘီးစီးသမားပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီအသင်းကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်လို့ အခုဆိုရင် သက်တမ်း ၈ နှစ် ပြည့်တော့မှာပါ။ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလက ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာတော့ တံတားဦးလေဆိပ်ထိ စက်ဘီးတွေနဲ့ သွားကြိုခဲ့ကြတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ Mandalay Free Rider လို့အမည်ပေးထားတဲ့ တောလမ်းကြမ်းစက်ဘီးစီးအဖွဲ့ကတော့ ၂၀၀၉ ခုနှစ်လောက်မှာ စတင်ဖွဲ့ခဲ့တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။

တောင်တက်အဆင်းလမ်းကြမ်းမှာ စက်ဘီးစီးရတာကို သဘောကျသူတွေနဲ့ ဖွဲ့စည်းထားပြီး  လက်ရှိအချိန်မှာတော့ အဖွဲ့ဝင်စုစုပေါင်း ၅၀ ကျော်ရှိနေပါပြီ။

ဒီနှစ်ဖွဲ့ပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ စက်ဘီးစုစီးကြဖို့ အမြဲတစေ စိတ်ကူးရှိကြပေမယ့် တခါမှ မဆုံဖြစ်ခဲ့သေးပါဘူး။ ဒီနေ့တော့ အန်အယ်လ်ဒီပါတီကို အကြောင်းပြုပြီး အဖွဲ့နှစ်ဖွဲ့ပေါင်းဆုံစက်ဘီးစီးမှုဟာ အထမြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စုပေါင်းစီးတာကို ဥပဒေနဲ့အညီ ဖြစ်ဖို့အတွက်လည်း အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်အသိပေးထားခဲ့ပါတယ်။

၈ နာရီထိုးပြီဟေ့….ဆိုတဲ့အသံ စက်ဘီးသမားတွေထဲက ထွက်လာတယ်။ နာရီကြည့်လိုက်တော့ ဟုတ်ပါတယ် ၈ နာရီကွက်တိ။ “ထွက်မယ်..ထွက်မယ်..” “၃ စီး စီတန်းထွက်ကြပါ” ဆိုတဲ့အသံတွေဟာ လူထုတိုက်ရှေ့မှာ ဆူဆူညံညံထွက်ပေါ်ပြီးနောက် စက်ဘီးတန်းကြီးဟာ စထွက်လာခဲ့တယ်။ လူထုတိုက်ရှေ့ကနေ တောင်ဘက်ကို တောက်လျှောက်၃၅(အေ)လမ်းအထိစီးသွားတယ်။ ၃၅ အေလမ်းအတိုင်း မြတောင်ကျောင်းတိုက်ကြီး ရှိရာဘက် ချိုးကွေ့ကာ၊ မြို့ရဲ့ အနောက်ပိုင်းကို တောက်လျှောက်ဆင်းခဲ့ကြတယ်။ မိုးစက်မှုန်လေးတွေက ခေါင်းပေါ်မှာတောက်လျှောက်ကျနေတယ်။

ကောင်းကင်က ခဲသားရောင်အမိုးကြီး၊ မြေပြင်မှာက မည်းနက်ပြောင်ချောနေတဲ့ကတ္တရာလမ်း၊ မိုးနဲ့ မြေသား အနက်ရောင်နှစ်ခုအကြားမှာမှ နီနီရဲနေတဲ့အင်္ကျီတွေနဲ့ စက်ဘီးစီးနေသူတွေ။ မိုးရွာလို့ ထုံထုံမှိုင်းမှိုင်းဖြစ်နေတဲ့ မန္တလေးမြို့ရဲ့ မနက်ခင်းကို ဆန့်ကျင်ပြီး မြင်ကွင်းတွေက သွက်လက်တက်ကြွလွန်းနေတယ်။

သူတို့စက်ဘီးအုပ်ကြီးလာတာတွေ့တော့ တချို့အိမ်တွေက တအံ့တသြ နဲ့ထွက်ကြည့်ကြတယ်။ အဲ့လို ထွက်ကြည့်နေကြတဲ့သူတွေကို စက်ဘီးစီးလူအုပ်က လက်တွေဝှေ့ရမ်ပြီးနှုတ်ဆက်တယ်။ တချို့ စက်ဘီးစီးသမားတွေက ပြောင်းလဲဖို့ အချိန်တန်ပြီ အန်အယ်လ်ဒီကို မဲပေးကြဖို့ အော်လာကြတယ်။

စက်ဘီးတွေ စီးလာကြရင်းနဲ့ ၃၅ လမ်းအနောက်ထိပ်က ကမ်းနားလမ်းရောက်တော့အာဇာနည်လမ်း( ၂၆ ဘီလမ်း)ဘက်ကို ပတ်စီးကြတယ်။ မိုးကဖွဲဖွဲလေးရွာနေတာကနေ တဖြည်းဖြည်းခပ်စိပ်စိပ်လေးရွာလာတယ်။ ၂၆ ဘီလမ်းဘက်ထွက်တဲ့လမ်းပိုင်းမှာတော့ တချို့အိမ်တွေက ထွက်ပြီး စက်ဘီးစီးသမားတွေကို ပန်းကုံးစွပ်ကြတယ်။ မိုးရွာနေတာကြောင့် အခုလို မြို့ပတ်စက်ဘီးစီးတာကို လူတွေ ကြိုမသိကြပေမယ့် စက်ဘီးအုပ်ကိုမြင်ပြီး လိုက်လာကြတဲ့ ဆိုင်ကယ်တွေကလည်း တဖြည်းဖြည်းများလာတယ်။

၂၆ ဘီလမ်းကနေ ဈေးချိုတော်နာရီစင်ကို တောက်လျှောက်ချီတက်တယ်။ စက်ဘီးစီးတဲ့သူတွေသွားတဲ့ နေရာကတော့ ချမ်းအေးသာစံမြို့နယ်အတွင်းတင်ပါပဲ။ တချို့စက်ဘီးစီးသူတွေကတော့ ကျုံးပတ်ဖို့ ပြောဆို နေကြပေမယ့်လည်း မူလက ခွင့်ပြုချက်တောင်းခံ စီစဉ်ထားတဲ့အတိုင်း ဒီချမ်းအေးသာစံမြို့နယ်ထဲက လမ်းတွေကိုသာ ဟိုဝင်ဒီထွက်နဲ့ လှည့်ပတ်ပြီးသွားခဲ့ကြတယ်။ မန္တလေးမြို့အနောက်ဘက် ကမ်းနားလမ်း လမ်းကနေ မြို့အရှေ့ထိပ် ၆၁ လမ်းအထိ ကွေ့လိုက်ပတ်လိုက်နဲ့ စီးခဲ့ကြတယ်။ စက်ဘီးစီးလာတဲ့တချိန်လုံး မိုးက လုံးဝမစဲဘူး။ သည်းသည်းမည်းမည်းရွာနေတယ်။ ရေလျှံနေတဲ့လမ်းတွေပေါ်မှာ စက်ဘီးအုပ်နီနီရဲရဲတွေဟာ အရှိန်အဟုန်နဲ့ စီးနေကြတယ်။ လမ်းမှာ မီးပွိုင့်နီလို့ ရပ်ရပြီဆိုလည်း အေးအေးသာသာ စည်းကမ်းရှိရှိပါပဲ ခေါင်းဆောင်ကားက ဖွင့်လာတဲ့ အန်အယ်လ်ဒီပါတီရဲ့စည်းရုံးရေးသီချင်းတွေကို လက်ခုပ်တီးရင်း ခဏနားကြတယ်။ မီးပွိုင့်စိမ်းတာနဲ့ တပြိုင်နက် အုပ်စုလိုက်ကြီး ပြန်ထွက်သွားကြပြန်တယ်။ ဒီလိုနဲ့ လမ်းတလျှောက်မီးပွိုင့်တွေကို တောက်လျှောက်ဖြတ်လာခဲ့ကြတယ်။

စက်ဘီးစီးလာတဲ့ လမ်းတလျှောက်မှာလည်း လမ်းပိတ်မှာ စိုးလို့ ဘေးကပ်စီးကြဖို့ အချင်းချင်း တိုက်တွန်းကြတယ်။ လမ်းမှာ ခဲတုံးကြီးကြီးတွေ့ရင်လည်း “ခဲရှိတယ်ဟေ့….ခဲ….” ဆိုပြီး စက်ဘီးစီးရင်း အချင်းချင်း သတိပေးကြတယ်။ လမ်းမှာ စက်ဘီးစီးသူတွေအတွက် ကွမ်းယာ၊ ရေသန့်ဘူး ကမ်းသူတွေလည်း တွေ့ရတယ်။ စက်ဘီးအများစုမှာ အားကစားသမားဆောင်တဲ့ရေဘူးလေးတွေပါကြတာကြောင့် ရေသန့်ဘူးကို မယူဘူး။

စက်ဘီးစီးတာ ဆိုပေမယ့်လည်း စက်ဘီးအရှိန်နှုန်းကမြန်တာကြောင့် ခရီးတွင်တယ်။ ခရီးလမ်းဆုံးတဲ့နေရာ ချမ်းအေးသာစံမြို့နယ် အန်အယ်လ်ဒီရုံးခန်းရှေ့ကိုရောက်တော့ မနက် ၉ နာရီခွဲအတိရှိပါပြီ။ စထွက်တဲ့နေရာကနေ ခရီးလမ်းဆုံးတဲ့နေရာအထိ စုစုပေါင်းအချိန် ၁ နာရီခွဲကြာတယ်။ ဒါတောင်မိုးရွာတာရော မြို့တွင်းလမ်းတွေ ရေလှံျတာရောကြောင့်…ဒီလိုမှ မဟုတ်ရင် အခုထက်စောပြီးတောင် ဦးတည်တဲ့နေရာကို စောရောက်နိုင်တယ်။

မိုးတွေရေတွေထဲမှာ ၁ နာရီခွဲကျော်လောက် နေရလို့ ဆိုင်ကယ်နဲ့ လိုက်ပါကြည့်ရှု့တဲ့သူတွေက ချမ်းတုန်နေပေမယ့် စက်ဘီးစီးသူတွေကတော့ ဟန်မပျက်..ချွေးလေးတောင်စို့နေကြသေးတယ်။ လူတွေကလည်း ပေါ့ပါးလန်းဆန်းလို့….။

အားလုံးဟာ မောပန်းမနေပဲ အခုလို စုပေါင်းစက်ဘီးစီးရတာကိုပဲ တော်တော်သဘောကျနေကြတယ်။ ပျော်ပြီး ကျေနပ်နေတဲ့အပြုံးတွေကို သူတို့မျက်နှာတွေပေါ်မှာ အထင်းသားတွေ့နေရတယ်။ စက်ဘီးစီးသမား တွေဟာ အဖွဲ့ ၂ ဖွဲ့ကဆိုပေမယ့်လည်း အကုန်လုံးက အသိမိတ်ဆွေတွေချည်းပါပဲ…။

ဒီစက်ဘီးစီးခရီးစဉ်ရဲ့ဂိတ်ဆုံးဖြစ်တဲ့ အန်အယ်လ်ဒီရုံးခန်းရှေ့မှာပဲ အားလုံးဟာ တယောက်နဲ့ တယောက်ဖက်လှဲတကင်းနဲ့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ နှုတ်ဆက်ကြတယ်။ အဲ့ဒီအချိန်မှာ့ မိုးက နည်းနည်းသည်းစပြုနေပြီ။ ဒါပေမယ့်လည်း မန္တလေးမြို့ခံစက်ဘီးစီးသမားတွေရဲ့ ပီတိတွေ၊ အပြုံးအပျော်တွေကို   ဒီမိုးကပျက်အောင် မဖျက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီလို စုပေါင်းစက်ဘီးစီးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ တဖွဲ့ချင်းစီတောင်မှ လူစုံအောင် မစုနိုင်ကြတဲ့အခြေအနေတွေမှာ အခုလို စုပေါင်းစက်ဘီးစီးရတာ အရမ်းကို ကျေနပ်စရာကောင်းခဲ့ပါတယ်။
အေးမွန်ရာပြည့်

http://burmese.dvb.no/archives/117156

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

အင်းတော်မြို့ကစည်လုပ်ငန်း

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"