(ဧရာဝတီသတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။)
မင်းမြောက်တန်ဆာတွေ ဝတ်ဆင်ထားပြီး ဘေးတစောင်းထိုင်နေတဲ့ ပုဂ္ဂိုလ်တဦးပုံပါ အဖြူအမည်း ရှေးဟောင်း ဓာတ်ပုံကြီးတပုံရှေ့မှာ မြန်မာအမျိုးသမီးကြီးတဦးဟာ ပုံ့ပုံ့လေးထိုင်ပြီး အရိုအသေပေးနေတယ်။
အရွယ်အစား ကြီးမားပြီး ခန့်ညားလှတဲ့ ဓာတ်ပုံကြီးထဲက ပုဂ္ဂိုလ်ကတော့ ရတနာပုံ မင်းနေပြည်တော် (မန္တလေးမြို့) ကို စတင်တည်ထောင်ခဲ့တဲ့သူ၊ ပဉ္စမသံဃာရတနာ တင်နိုင်ခဲ့သူ မင်းတုန်းမင်းတရားကြီးရဲ့ပုံပဲဖြစ်ပါတယ်။ အမျိုးသမီးကြီးဟာ အဲဒီ မင်းတုန်းမင်းတရားကြီး ဓာတ်ပုံကို ကြည့်လိုက် ပါးစပ်ကနေ တိုင်တည် ရေရွတ်လိုက် လုပ်နေတယ်။ တအောင့်ကြာတဲ့ အခါမှာတော့ အဲဒီအမျိုးသမီးကြီးက ဓာတ်ပုံကို ဦးသုံးကြိမ်ချပြီး ရှိခိုးလိုက်တယ်။
မင်းတုန်းမင်းတရားကြီးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ မတကဘတ်ပွဲမှာ ဆွေတော်မျိုးတော်တဦးက မင်းတရားကြီးရဲ့ဓာတ် ပုံကို ကြည့်ပြီး တိုင်တည် ရေရွတ် ကန်တော့နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ မတကဘတ်ဆိုတာကတော့ သေဆုံးသူကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းပွဲလို့ အဓိပ္ပာယ်ရပါတယ်။
နှစ်ပေါင်းငါးဆယ်ကျော်ကြာ မပြုလုပ်ခဲ့တဲ့ ဒီမတကဘတ် ဆွမ်းကပ်ပွဲကို သီတင်းကျွတ်လဆန်း၆ရက်နေ့ (အောက်တိုဘာ လ၁၉) ရက်နေ့က မန္တလေးမြို့ ရွှေကျင်ကျောင်းတိုက်မှာ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီး နောက်ပိုင်း တနှစ်ပြည့်မြောက်တဲ့အချိန်မှာ သီပေါမင်းက နန်းတော်တွင်းမှာ ပထမ ဆုံးအကြိမ် မတကဘတ်ဆွမ်းကပ်မှု ပြုလုပ်ခဲ့တယ်။ သီပေါမင်းတရား ပါတော်မမူခင်အချိန်အထိ နှစ်စဉ် နန်းတော်ထဲမှာပဲ ဆွေတော်မျိုးတော်တွေ၊ နန်းတွင်းသူ နန်းတွင်းသားတွေ၊ မှူးကြီးမတ်ရာတွေ စုပေါင်းပြီး မတကဘတ် ဆွမ်းကပ်ပွဲ ပြုလုပ် ခဲ့ကြတယ်။
နောက်ပိုင်း အင်္ဂလိပ်တွေလက်အောက် ကျသွားချိန်မှာတော့ ဒီဆွမ်းကပ်လှူပွဲကို မြနန်းစံကျော် ရွှေနန်းတော်တွင်းပြုလုပ် ခွင့် မပြုခဲ့တာကြောင့် နန်းတော်နီးနားက မင်းတုန်းမင်းအုတ်ဂူဝန်းကျင်မှာပဲ မဏ္ဍပ်ကြီးထိုးပြီး ကျင်းပပြုလုပ်ခဲ့ကြရပြန် တယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်အတွင်းမှာတော့ မင်းတုန်းမင်းသားကြီးရဲ့ သားတော်သမီးတော်တွေဖြစ်တဲ့ ပျဉ်းမနား ကိုယ်တော်ကြီးနဲ့ ထရံဂံထိပ်ခေါင်တင် မင်းသမီးကြီးနှစ်ဦးဟာ စစ်ပြေးဒေသတွေမှာတောင် မတကဘတ် ဆွမ်းကပ်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။
ပျဉ်းမနား ကိုယ်တော်ကြီးဆိုတာ မင်းတုန်းမင်းနဲ့ ကြေးမြင်မိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး ထရံဂံထိပ်ခေါင်တင် မင်းသမီးကြီး ဆိုတာကတော့ မင်းတုန်းမင်းနဲ့ငါန်းဇွန်မိဖုရားတို့ရဲ့သမီးတော်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပဒေသရာဇ်ခေတ် ထုံးတမ်း စဉ်လာတွေ အတိုင်းပဲ မောင်နှမချင်း ပြန်လည်လက်ဆက်ထားတာဖြစ်ပါတယ်။ နောက်ပိုင်း စစ်ကြီးပြီးတော့လည်း မင်း တုန်းမင်းတရားကြီး ကောင်းမှုတခုဖြစ်ခဲ့တဲ့ ရွှေနန်းတော်ကျောင်းကြီးမှာ နှစ်စဉ်မပြတ် ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ မောင်နှမနှစ်ယောက် နတ်ရွာစံပြီး နောက်ပိုင်းမှာတော့ ဒီမတကဘတ်ဆွမ်းကပ်မှုပြုလုပ်ဖို့ ငွေကြေးပိုင်းနဲ့ ဦးစီးဆောင်ရွက် မယ့်သူတွေ မရှိတော့တာကြောင့် ဒီဆွမ်းကပ်မှု မပြုလုပ်နိုင်ခဲ့တော့တာ နှစ်ပေါင်း ၅၁ ကြာခဲ့ပါပြီ။ ဒီနှစ်၂၀၁၅ ခုနှစ်မှသာ ပြန်လည် ကျင်းပနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ယခုနှစ် ကျင်းပတဲ့ မတကဘတ်ဆွမ်းကပ်လှူပွဲဟာ မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် ၁၃၇နှစ်ပြည့်မြောက်နှစ်ဖြစ် ပါတယ်။ ကျင်းပတဲ့ သီတင်းကျွတ်လဆန်း ၆ရက်နေ့ဟာလည်း မင်းတုန်းမင်းတရားကြီး နတ်ပြည်စံခဲ့တဲ့နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီတင်းကျွတ်လဆန်း ၆ ရက်နေ့မှာ မန္တလေးတောင်ရဲ့မြောက်ဘက်ကပ်လျက် မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေ ကျင်ကျောင်းတိုက်ကြီး)ထဲက မင်းတုန်းမင်းကုသိုလ်ဖြစ်ခဲ့တဲ့ မဟာဓမ္မိကာရာမ ကျွန်းကျောင်းတောကြီးထဲမှာ ကျင်းပ ပြု လုပ်ခဲ့တာဖြစ်ပါတယ်
မင်းတုန်းမင်းတရားကြီးဟာ သက်တော် ၆၅နှစ် အရွယ်မှ နတ်ပြည်စံခဲ့တာကြောင့် သံဃာတော် ၆၅ ပါးကို ဆွမ်း၊သင်္ကန်း အစရှိတဲ့ လှူဖွယ်တွေ ကပ်လှူတာတွေ သူ့အတွက် ရည်စူးပြုလုပ်ခဲ့ပါတယ်။ အခမ်းအနား ဒုတိယပိုင်းအနေနဲ့ကတော့ သက်တော်ဝါတော်ကြီးသူ ဆွေတော်မျိုးတော်တွေကို စုစည်းပြီး ကန်တော့ပွဲလည်း ပြုလုပ်ခဲ့ကြပါတယ်။
ပြည်တွင်း၊ ပြည်ပနေရာအနှံ့မှာ ပြန့်ကျဲရောက်ရှိနေကြတဲ့ ဆွေတော်မျိုးတော်တွေကို တတ်နိုင်သမျှ စုစည်းကာ ကန်တော့ပွဲ လည်း ပြုလုပ်ခဲ့ပါသေးတယ်။ စုစည်းရရှိထားတဲ့ ဆွေတော်မျိုးတော်စာရင်းထဲကမှ သက်တော် ၇၅နှစ် အထက် ဆွေတော် မျိုးတော် ၅၆ပါးကို ကန်တော့ဖို့ စီစဉ်ခဲ့ကြပေမယ့် တချို့က သွားရလာရ ခက်ခဲတာတွေကြောင့် ၃၀ကျော်သာ လာရောက် ခဲ့ကြပါတယ်။
အခုလို တစုတစည်းထဲ ဆုံတွေ့နိုင်ခဲ့တာကြောင့် လာရောက်ကြသူ ဆွေတော်မျိုးတော်တွေဟာ တော်တော်ကို ဝမ်းသာနေ ကြပုံရတယ်။ ဆွေတော်မျိုးတော်တွေထဲမှာ အသက် ၉၀ ကျော် အရွယ်တွေလည်း ပါတယ်။
အချင်းချင်းလည်း ‘မမလေးဘုရား’တို့၊ ‘အမဘုရား’ တို့ ဆိုပြီး အားရပါးရ ပြောဆိုနေကြတာ ကြားခဲ့ရတယ်။ ဝတ်ပုံစားပုံ တွေ၊ လူပ်ရှားမှုတွေကတော့ နန်းဟန်မဆန်ကြတော့ပေမယ့် ဒီမတကဘတ် ဆွမ်းကပ်ပွဲမပြုလုပ်မီ သီတင်းကျွတ် လဆန်း ၅ရက်နေ့ ညနေကလည်း မင်းတုန်းမင်းတရားကြီးနဲ့တကွ၊ အခြား ကျန်ရှိတဲ့မင်း၊ မိဖုရားတွေရော အကုန်လုံးအတွက် အပြောအဆိုတချို့ကတော့ နန်းဟန် ဆန်နေကြသေးတာ တွေ့ရပါတယ်။ ဒီနေ့အချိန်မှာ အလွယ်တကူ မတွေ့နိုင်တော့တဲ့ ပြောဆိုဆက်ဆံကြပုံတွေ၊ လူမှုဆက်ဆံရေးပုံစံတွေကို ထိတွေ့ခံစားခွင့်ရခဲ့ပါတယ်။
နန်းဦးဘုရားမှာ ဆီမီးရေချမ်းကပ်လှူပေးခဲ့ကြပါသေးတယ်။ တခါတည်းပဲ မကျွတ်မလွတ်တဲ့ မင်းညီမင်းသားရှိရင်လည်း မေတ္တာပို့ အမျှပေးဝေတာတွေ ပြုလုပ်ပေးဖို့ မတကဘတ်ပွဲကို ပင့်ဖိတ်ခဲ့ကြတယ်။ ပြီးတော့ မင်းတုန်းမင်းတရားကြီး အုတ် ဂူ ( အုတ်နန်းပြသာဒ်)နဲ့ မိဖုရားကြီးတွေရဲ့ အုတ်ဂူတွေမှာ ဆီမီးထွန်းခဲ့ကြသေးတယ်။
ဒီလို မတကဘတ်ဆွမ်းကပ်လှူပွဲကို နှစ်ပေါင်းငါးဆယ်ကျော်ကြာ မကျင်းပဖြစ်ခဲ့ရာကနေ အခုလို ပြန်ကျင်းပနိုင်ခဲ့တာဟာ ကုန်းဘောင်မောင်နှမတစုရဲ့ စီစဉ်ဆောင်ရွက်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ ကုန်းဘောင်မောင်နှမတစု ဆိုတာကတော့ နန်း တော်ကြီးဆက်၊ အိမ်ရှေ့တော်ဆက်၊ နန်းတော်လေးဆက်က ဆွေတော်မျိုးတော်မောင်နှမတွေ စုပြီးဖွဲ့ထားကြတာပါ။ နန်း တော်ကြီးဆက်ဆိုတာကတော့မင်းတုန်းမင်းတရားကနေ တိုက်ရိုက်ဆင်းသက်လာသူတွေ၊ အိမ်ရှေ့တော်ဆက်ဆိုတာ ကနောင်မင်းသားကြီးက ဆင်းသက်လာသူတွေဖြစ်ပြီး နန်းတော်လေးဆက်ဆိုတာ သီပေါမင်းကနေ ဆင်းသက်လာသူတွေ ပဲဖြစ်ပါတယ်။ အဲဒီကနေ ဆင်းသက်လာတဲ့သူ မောင်နှမ ၁၂ဦး ပေါင်းထားတဲ့ အစုအဖွဲ့လေးပါ။ မင်းတုန်းမင်းတရားကြီးရဲ့ တီတော်၊ တွတ်တော်တွေပါတယ်။
သမိုင်းတလျှောက် သမိုင်းအပျောက်အပျက်မခံနိုင်တာရယ် ၊ မျိုးရိုးဂုဏ် ထိန်းချင်တာရယ်နဲ့ မင်းမျိုးမင်းနွယ် ဆွေတော်မျိုး တော်တွေ အချင်းချင်း အဆက်အသွယ်မပြတ် အမြဲထိတွေ့နေစေရေးတွေအတွက် သူတို့အဖွဲ့လေးကို ၂၀၁၄ခုနှစ် အောက် တိုဘာလကတည်းက စဖွဲ့ထားခဲ့တာပါ။ စဖွဲ့ဖွဲ့ချင်း နှစ်မှာတော့ ဆွမ်းတော်ကြီးလောင်းလှူတာ၊ သက်ကြီးဝါကြီး ဆွေတော် မျိုးတော်တွေထဲက လက်လှမ်းမီတဲ့တချို့ကို ကန်တော့ခဲ့ကြပါတယ်။
အခုလို မတကဘတ်ပွဲလို၊ သက်ကြီးပူဇော်ပွဲတွေ တခမ်းတနားကြီးမလုပ်ကြပေမယ့် ဆွေတော်မျိုးတော်တွေဟာ မျိုးရိုး အစဉ်အလာကို ထိန်းတဲ့အနေနဲ့ နှစ်စဉ်မပြတ် လုပ်လာကြတဲ့ ကုသိုလ်ပြုပွဲလေးတွေရှိပါတယ်။ ကုသိုလ်ဆက်ပွဲ ဆိုတာ ရှိတယ်။ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှာ ကုသိုလ်တော်ထဲမှာ ဘိုးဘွားတွေရဲ့ ကုသိုလ်တွေကို ဆက်တဲ့ အနေနဲ့ လုပ်တာပါ။ အိမ်ရှေ့တော် ကနောင်မင်းသားကြီးအတွက်က စန္ဒာမုနိဘုရားမှာ လုပ်တယ်။ ဒီပွဲတွေကတော့ တနှစ် မပြတ်လုပ်ခဲ့ကြတာပါ။
သီတင်းကျွတ်လပြည့်နေ့မှာ မင်းတုန်းမင်းတရားကြီးအတွက် ရည်စူးကာ ကျင်းပပြုလုပ်ခဲ့တဲ့ မတကဘတ် ဆွမ်းကပ်ခြင်းနဲ့ ကန်တော့ပွဲဟာ အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့တဲ့အတွက် နောင်လာမယ့်နှစ်တွေမှာလည်း အခုလို ဆက်လက်ပြု လုပ်သွားဖို့ စီစဉ်မယ်လို့ ကုန်းဘောင်မောင်နှမတစုထဲမှာ ပါဝင်သူ ဆွေတော်မျိုးတော်တဦးကပြောတယ်။
ပြီးရင်လည်း ဆွေတော်မျိုးတော်တွေ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဘုရားစေတီ၊ကျောင်းကန်တွေကိုလည်း ကုန်းဘောင် မောင်နှမတွေဦးဆောင်ပြီး ပြုပြင်ထိန်းသိမ်းသွားမယ်။ သက်ကြီးဝါကြီး ဆွေတော်မျိုးတော်တွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးမယ်… စတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် စိတ်ကူးတွေနဲ့ တက်ကြွနေကြတယ်။ နောက်ပိုင်းမှာ ကုန်းဘောင် ဆက် မောင်နှမတွေအနေနဲ့ အသင်းအဖွဲ့တခုအဖြစ်နဲ့ ရပ်တည်ပြီး မျိုးရိုးအစဉ်လာ ထိန်းသိမ်းမှုတွေ ဆက်လက် ပြုလုပ် မယ်လို့လည်း ဆိုနေကြတယ်။
အရင်က ဘုရင်စနစ်အုပ်ချုပ်မှုကြောင့် ပြည်သူနဲ့ တသားတည်းမရှိခဲ့ပေမယ့်လည်း ကုန်းဘောင်မောင်နှမတွေကတော့ ပြည် သူနဲ့ တသားတည်းရှိပြီး ပြည်သူတွေရဲ့လိုအပ်ချင်တွေကိုပါ ပရဟိတအလုပ်တွေ လုပ်ပြီး တဖက်တလှမ်းကနေ ဖြည့်ဆည်း ပေးသွားမယ်ဆိုပြီး တက်ကြွနေကြပါတယ်။
by - အေးမွန်ရာပြည့်
http://mobile.irrawaddy.org/article...
Comments
Post a Comment