အပယ်ခံ ကမ္ဘာတစ်ခု
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။)
သူ့ရဲ့နာမည်ကိုပြောလိုက်တာနဲ့ စိတ်ထဲမှာ လန့်ဖျပ်သွားတတ်ကြတယ်။ မသွားချင်တာလိုလို၊ ကြောက်တာလိုလိုနဲ့ ဖြစ်ပြီး အများစုက သွားဖို့ငြင်းကြတယ်။
ဘတ်စ်ကားအများစုကလည်း သူ့ရဲ့–ရှေ့မှာ မရပ်ပေးကြဘူး။ သူရှိတဲ့နေရာမရောက်ခင်နဲ့ သူ့ကိုကျော်ပြီးမှ ရပ်ကြတယ်။ သူနေထိုင်တဲ့ပတ်ဝန်းကျင်က လူတွေကလည်း သူ့ကို မနှစ်မြို့ကြဘူး။ သူနေတာကတော့ မန္တလေး-မိုးကုတ် ကားလမ်းမအနီးမှာ။ သီးသန့်ဆန်ဆန်လေးနေနေရတယ်။ ဒီလိုအသိအမှတ်မပြု လျစ်လျူရှူခံရတယ်ဆိုတာ သူ့အတွက်တော့ မဆန်းတော့ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက် တခြားသူတွေအဖက်မလုပ်တာ၊ လျစ်လျူရှုခံခဲ့ရတာတွေကြောင့် တနေ့တခြား သူဟာ ပိုပိုပြီး တူသားပေသားကျလာနေတယ်။
သူ့ဆီသွားချင်ရင် မန္တလေးမြို့ကနေ မတ္တရာမြို့ကိုအရင်သွား၊ အဲ့ဒီကမှတဆင့် ရေနံ့သာရွာကို သွားရတယ်။ ရေနံ့သာရွာကို နည်းနည်းကျော်ရင်တော့ ရောက်ပါပြီ…သူ့ဆီကို….။ သူ့နာမည်ကတော့ ‘ ရေနံ့သာ အနာကြီးရောဂါကုဆေးရုံ’ ပဲဖြစ်ပါတယ်။
‘ရေနံ့သာအနာကြီးရောဂါကုဆေးရုံ’ ကို နာမည်သာ ကြားဖူးခဲ့တာ…တခါမှ မရောက်ခဲ့ဖူးပါဘူး။ တရက်ကတော့ လူကြုံရော၊ လမ်းကြုံပါရှိခဲ့တာကြောင့် ရေနံသာအနာကြီး ရောဂါကု ဆေးရုံကြီးဆီ အရောက်သွားဖို့ အခွင့်အရေးရခဲ့ပါတယ်။
မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာ ရေနံ့သာအနာကြီးရောဂါကုဆေးရုံလို့ ရေးထားတဲ့ အုတ်မြစ်ချထားတဲ့ ဆိုင်းဘုတ်ကလေးရှိတဲ့ဘက်ကို ဝင်လိုက်တဲ့အခါမှာတော့ ရင်ထဲတမျိုးလေး ခံစားလိုက်ရတယ်။ တခါမှ မရောက်ဖူးတာရော၊ ကိုယ်ကကြောက်တာနဲ့ ရောဂါသည်တွေကိုမြင်ရတာ အဆင်ပြေပါ့မလားဆိုပြီးတော့ပေါ့။
ဆေးရုံဟာ တံတိုင်းနှစ်ထပ်ကာသလို တည်ဆောက်ထားတယ်။ ဆေးရုံဝင်းထဲ ဝင်ဝင်ချင်းမှာတော့ ဆေးရုံအုပ်ကြီးရုံးခန်းတို့၊ အထွေထွေရုံးခန်းတို့၊ စာကြည့်ခန်းတို့တွေရှိတယ်။ အဲ့ဒီကနေရှေ့ဆက်သွားရင် တံတိုင်းတစ်ခုကာထားပြီး အထဲမှာမှ လူနာတွေနေတဲ့ အဆောင်ရှိတာပါ။
ဒီဆေးရုံဟာ မြန်မာနိုင်ငံမှာ အစိုးရက ဖွင့်လှစ်ပေးထားတဲ့ တခုတည်းသော အနာကြီးရောဂါသည် ဆေးရုံဖြစ်ပြီး ကုတင် ၇၀၀ ဆံ့ပါတယ်။ ဆေးရုံတက်လူနာ ၁၀၀ ကျော်ကို ကုသပေးနေပါတယ်။ အနာကြီးရောဂါရဲ့ နောက်ဆက်တွဲ ခြေလက်ထုံတာတွေ၊ ပုံစံပျက်ယွင်းတာတွေကို ပြုစုကုသမှုပေးေနေပါတယ်။ အနာကြီးရောဂါအတွက် အထူးပြုကုသပေးတဲ့ ဆေးရုံဖြစ်ပေမယ့်လည်း အနာကြီးရောဂါနဲ့အတူ မီးယပ်ရောဂါတို့၊ အမျိုးသမီးရောဂါတို့လို အခြားရောဂါဖြစ်ပွားနေသူတွေအတွက်လည်း ပြုစုကုသမှုပေးနေပါသေးတယ်။
ဆေးရုံတက်တဲ့ လူနာတွေထဲမှာမှ အမြဲတမ်းလူနာနဲ့ အတက်အဆင်းလူနာဆိုပြီး နှစ်မျိုးရှိပါတယ်။ အမြဲတမ်းလူနာဆိုတာကတော့ ဒီအနာကြီးရောဂါဆေးရုံကြီး ပေါ်ပေါက်မလာခင် မန္တလေးမြို့က အနာကြီးရောဂါသည်ဂေဟာကတည်းက ပါလာခဲ့တဲ့ လူနာတွေပါ။ သူတို့က ဆေးရုံပေါ်မှာပဲ ဂေဟာတခုလို နေထိုင်ကြပါတယ်။ မန္တလေးမြို့ကတည်းက ပါလာတဲ့လူနာတွေဖြစ်လို့ အသက်ကြီးပိုင်း အနာကြီးရောဂါသည်တွေဖြစ်ပါတယ်။ သူတို့လို အမြဲတမ်းလူနာပေါင်း ၃၀ ကျော်ရှိပါတယ်။ ကျန်တာကတော့ အတက်အဆင်းလူနာတွေပါ။
ဆေးရုံတက်လူနာတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မန္တလေးတိုင်းထဲကပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း စစ်ကိုင်းတိုင်း၊ ၁၀ ရာခိုင်နှုန်းက မကွေးတိုင်းနဲ့ ၆ ရာခိုင်နှုန်းက ကချင်ပြည်နယ် နဲ့ ကျန်တဲ့ ၄ ရာခိုင်နှုန်းက ကျန်တဲ့ နယ်ပေါင်းစုံက လာရောက်ကုသနေကြပါတယ်။ အထက်မြန်မာပြည်ကလူနာတွေ အများဆုံးလာရောက်ကြပါတယ်။ အောက်မြန်မာပြည်က လူနာတွေကတော့ သိပ်မလာပါဘူး။ အောက်မြန်မာပြည်အတွက် မော်လမြိုင်မြို့မှာ ခရစ်ယာန်အနာကြီးဆေးရုံရှိတာကြောင့် အဲ့ဒီကိုသာသွားရောက်ကုသလေ့ရှိတယ်။
ပုံမှန်ရောဂါဖြစ်ပွားသူအတွက် ဆေးကုသစရိတ်က စရိတ်ငြိမ်းဖြစ်ပါတယ်။ ထူးခြားရောဂါလက္ခဏာတွေ ရှိသူလူနာဆိုရင်တော့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ကျင့်သုံးပါတယ်။ ဆေးပစ္စည်းအသုံးစရိတ်တွေကတော့ အစိုးရ ဘတ်ဂျက် ခွဲတမ်းကပါ။ ဆေးရုံတက်သူတွေအတွက် ဆေးရုံက နံနက်စာဆန်ပြုတ်၊ နေ့လယ်နဲ့ ညစာအတွက် ဟင်းနှစ်ခွက်စီ ထောက်ပံ့ပါတယ်။ ဆေးရုံတက်သူတွေအတွက် အာဟာရလှူချင်သူရှိရင်လည်း လက်ခံပါတယ်။ နံနက်စာ၊ နေ့လယ်စာနဲ့ တနေ့လုံးစာဆိုပြီး အလှူရှင်တွေ သဘောကျလှူဒါန်းနိုင်အောင် ဆေးရုံက စီစဉ်ပေးထားပါတယ်။ အဲ့ဒီလိုအစားအစာအပြင် ဆေးဝါးရော၊ ငွေသားပါ လှူဒါန်းနိုင်ပါသေးတယ်။
ငွေသားလှူဒါန်းရာမှာလည်း ဆေးရုံနဲ့ညှိနှိုင်းပြီး ရန်ပုံငွေအဖြစ် လှူဒါန်းနိုင်သလို ဆေးရုံတက်လူနာတွေ ကိုယ်တိုင်သုံးနိုင်ဖို့ တဦးချင်းစီအတွက် ငွေလှူဒါန်းတာလည်း ပြုလုပ်နိုင်ပါတယ်။ လူနာတွေကတော့ သူတို့လက်ထဲငွေ တိုက်ရိုက်လှူဒါန်းတာတွေကို ပိုသဘောကျကြတယ်။ သူတို့ကြိုက်တာတွေကို လွတ်လွတ်ဝယ်နိုင်၊ စားနိုင်တယ်ဆိုပြီးတော့ပါ။ လာလှူတဲ့ သူတွေကတော့ရှိပါတယ်။ တစ်လကို အများဆုံး ၁၀ ဦးလောက်အထိတော့ လာကြပါတယ်။
ဆေးရုံကပေးနေတဲ့ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းဆောင်ရွက်တာတွေ၊ လူနာတွေနဲ့ ဆက်ဆံရေးအခြေအနေတွေဟာ အရမ်းကို အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါပေမယ့် ဆေးရုံတက်လူနာအရေအတွက်အချိုးနဲ့ ဆရာဝန်အင်အားအချိုးကတော့ သိပ်ကိုက်ညီမှု မရှိသေးသလိုထင်ရတယ်။ လူနာ ၁၀၀ ကျော်မှာ ဆရာဝန်လေးဦး၊ သူနာပြု ၁၇ ဦး၊ ဆေးဘက်ကျွမ်းကျင်သူ ၅ ဦးသာ ရှိနေပါတယ်။ အခြားကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ရုံးပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းတွေကတော့ ၆၀ ကျော်ရှိနေပါတယ်။
ဒီနေရာမှာ ဆေးရုံရဲ့သမိုင်းကို ပြောပြချင်ပါသေးတယ်။ ဒီအနာကြီးရောဂါဆေးရုံဟာ အင်္ဂလိပ်အစိုးရလက်ထက် ကိုလိုနီခေတ်ကတည်းက အစပျိုးခဲ့တဲ့ ဆေးရုံပါ။ သီပေါမင်း ပါတော်မူပြီးစ ၁၈၈၆ ခုနှစ်ဝန်းကျင်မှာ ပြင်သစ်ကက်သလစ်ဘုန်းတော်ကြီး ဖာသာဝါဟင်ဂါဆိုသူက အနာကြီးရောဂါသည်တွေကို ပြုစုကုသဖို့အတွက်ဆိုပြီး မန္တလေးမြို့မှာ မြေနေရာတောင်းတာကစပြီး ဆေးရုံဖြစ်ခဲ့တာပါ။ အစိုးရက မန္တလေးမြို့ရဲ့ အရှေ့တောင်ထောင့်နေရာမှာရှိတဲ့ မင်းညီမင်းသားတွေ ဆော့ကစားလေ့ရှိတဲ့ မနောရမ္မံဥယျာဉ်နေရာကို အနာကြီးဆေးရုံ တည်ဆောက်ဖို့ ခွင့်ပြုခဲ့တာကြောင့် ၁၈၉၁ ခုနှစ်မှာ စိန့်ဂျွန်းအနာကြီးရောဂါဂေဟာ စခန်းဆိုပြီး စတင်ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာမှ ခရစ်ယာန်မက်သဒစ်အသင်းတော်ကတခါ ဝက်စလေဆေးရုံဆိုပြီး ထပ်ဖွင့်တာကြောင့် ဆေးရုံနှစ်ရုံပေါင်းပြီး အနာကြီးရောဂါသည်တွေကို ကုသပေးခဲ့ကြတယ်။
၁၉၆၆ ခုနှစ်မှာ ဒီဆေးရုံနှစ်ရုံကို ပြည်သူပိုင်သိမ်းပြီး အစိုးရအနာကြီး ရောဂါဆေးရုံတွေအဖြစ် ရှိစေခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် လက်ထက်မှာတော့ ဂေဟာစခန်းတွေဟာ နှစ်တရာကျော်လာတာကြောင့်ရော၊ ရောဂါသည်တွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက်ပါ ဆိုပြီး မန္တလေးမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ ဒီရေနံ့သာရွာအနီးကို ပို့လိုက်တာပါပဲ။ အဲ့ဒီကနေစပြီး ရောဂါသည်တွေရော၊ မိသားစုတွေရော ဆေးရုံကြီးရော အားလုံးအပြုံလိုက် ဒီကို ရွှေ့ပြောင်းပေးခံရပြီး ရောက်လာကြတာပဲဖြစ်ပါတယ်။
ရောဂါသည်မိသားစုတွေအတွက် ဆေးရုံနဲ့မနီးမဝေးမှာပဲ နံ့သာမြိုင်စခန်းဆိုပြီး အနာကြီးရောဂါသည်စခန်းတစ်ခု တည်ထားခဲ့ပါသေးတယ်။ ရောဂါသည်ပေါင်း ၄၅၀ ဝန်းကျင်အတွက် အိမ်ခြေ ၄၅၀ နဲ့ စိုက်ပျိုးမြေ ၄၅၀ ချပေးခဲ့ပါတယ်။ အခုချိန်မှာတော့ နံ့သာမြိုင်ကျေးရွာဖြစ်နေပါပြီ။ အခုချိန်မှာတော့ နံ့သာမြိုင်ကျေးရွာမှာ အနာကြီရောဂါသည်တွေ သိပ်မရှိကြတော့ပါဘူး။ တချို့က သေဆုံးကုန်ပါပြီ။ ရွာထဲက တချို့အိမ်တွေမှာသာ လူနာတွေရှိတော့တာဖြစ်ပြီး တချို့အိမ်တွေမှာကတော့ လူနာတွေမရှိတော့ပါဘူး။ သူတို့ရဲ့ သားသမီးမြေးမြစ်တွေသာ ကျန်ပါတော့တယ်။
ရေနံ့သာရွာရဲ့ မြောက်ဘက် ခပ်လှမ်းလှမ်းမှာ သီးခြားတည်ရှိနေတဲ့ အနာကြီးရောဂါသည်တွေရဲ့ နံ့သာမြိုင်စခန်း နဲ့ အနာကြီးရောဂါကုဆေးရုံက သီးခြားကမ္ဘာလေးတစ်ခုလို ဖြစ်ခဲ့တယ်။ ရောဂါသည် အချို့ကလည်း ရောဂါကင်းစင်ပျောက်ကင်းပြီ ဖြစ်ပါတယ်။ သူတို့ ရောက်ခါစက ပတ်ဝန်းကျင်က လူတွေက သူတို့နဲ့ ဆက်ဆံဖို့ ဝန်လေးကြပေမယ့် ယခုတော့ စာနာနားလည်မှုအပြည့်နဲ့ တစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံမှုတွေ ရှိလာပါပြီ။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/118184
Comments
Post a Comment