'နိုင်ငံခြားမှာ ထူးခြားတဲ့ အလုပ်မျိုး သွားလုပ်သူ'

(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)
နိုင်ငံခြားမှာ မြန်မာတွေ အလုပ်သွားလုပ်ကြတာ အလုပ်အကိုင်အမျိုးစုံ ရှိပါတယ်။ ဆရာဝန် ၊အင်ဂျင်နီယာ၊ စာရင်းအင်း ပညာရှင်က အစ အိမ်ဖော်အထိ အမျိုးစုံပါပဲ။ ဒါပေမယ့် ဘယ်သူမှ တွေးထင်ကြည့်မိမှာ မဟုတ်တဲ့ အလုပ်မျိုးကို လုပ်ခဲ့သူ တယောက်နဲ့ တွေ့ခဲ့ရပါတယ်။ အနာကြီးရောဂါသည်တွေ အများစုနေထိုင်တဲ့ မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာမှာ သူ့ကို တွေ့ရတာပါ။
ခြံဝင်းထဲက ကွပ်ပျစ်လေးတခုပေါ်မှာ ထိုင်ပြီး အမျိုးသားကြီးတယောက်က ရေဒီယိုနီနီရဲရဲအသေးစားလေးတခုကို လိုင်း ရှာရင်း လျှောက်ကလိနေတယ်။ တကိုယ်လုံးမှာ အထူးခြားဆုံးကတော့ တခေါင်းလုံးက သူ့ဆံပင်တွေ ဖြူဖွေးနေတာပဲ။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတလျှောက်လုံး ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသလဲဆိုတာ သက်သေပြ နေသယောင်။ မျက်နှာကတော့ ကြည်နေတယ်။ လောဘ ဒေါသမာန် မာနတွေ တော်တော်နည်းနေတဲ့မျက်နှာ အေးပြီး ကြည်နေတယ်။ သူက အသက်၇၀ရှိပြီဖြစ်တဲ့ ဦးကျော်ရင်(အမည်လွှဲ) ပါ။
ဦးကျော်ရင်ရဲ့ပုံစံကို ရုတ်တရက်ကြည့်ရင် ဘဝကို အေးအေးသာသာလေး ဖြတ်သန်းခဲ့ရတယ်လို့ ထင်စရာပါ။ ဒါပေမယ့် တကယ့်တကယ် သူဖြတ်သန်းလာခဲ့ရတဲ့ ဘဝတခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အရမ်းကို ပင်ပန်းဆင်းရဲလွန်းလှပါ တယ်။ ရုန်းကန်ခဲ့ရတယ်။ သာမာန်လူကောင်းတယောက်အတွက် တဆ ရုန်းကန်ရရင် ဦးကျော်ရင်ဟာ နှစ်ဆရုန်းကန်ခဲ့ရ တယ်။ ပိုပင်ပန်းခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဦးကျော်ရင်ဟာ ဆင်းရဲနွမ်းပါးသူဖြစ်တဲ့အပြင် လူအများရဲ့ရှောင်ဖယ်ခြင်းကို ခံကြရတတ်တဲ့ အနာကြီးရောဂါသည်တယောက်လည်း ဖြစ်နေလို့ပါပဲ။ သူများတွေအတွက် အပူတပူဆိုရင် သူ့မှာ အပူနှစ်ပူ ကို တပြိုင်နက်တည်း ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။
ဦးကျော်ရင်ရဲ့ဘဝအတွေ့အကြုံတွေမှာ စံနမူနာ ယူချင်စရာတွေနဲ့ ပြည့်နေပါတယ်။
ဘဝရပ်တည်ရေးအတွက် အနာကြီးရောဂါဖြစ်နေရင်းတောင် ဆိုက်ကားနင်း၊ အုတ်သယ်၊ သဲထမ်းတာတွေ လုပ်ခဲ့သလို နိုင်ငံရပ်ခြားတွေအထိကို သွားရောက်ပြီး တောင်းရမ်းတာတွေလည်း လုပ်ခဲ့ရပါတယ်။ ဦးကျော်ရင်ကို မန္တလေးမြို့ မင်းတဲ အီကင်းရပ်မှာ မွေးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်မှာတော့ သူ့အဖေရဲ့ ရွာဖြစ်တဲ့ မိတ္ထီလာဘက်ကို ရွှေ့ပြောင်း နေ ထိုင်ခဲ့ရတယ်။
အဲဒီမှာ မိဘတွေရဲ့ နှမ်းစိုက် တောင်သူအလုပ် ကူလုပ်ပေးရာကနေ လက်ကို တံစဉ် ရှတယ်။ ဒီက ပိုးဝင်ရာက အနာ ကြီးရောဂါစဖြစ်ခဲ့တယ်လို့ သူက ယူဆတယ်။ သူ့အသက် (၇)နှစ်သားအရွယ်မှာ မျက်နှာပေါ်မှာ အဖြူကွက်လေး ပေါ် လာတယ်။ အဲဒီအဖြူကွက်လေးကို ရွာက ဘကြီး ဘုန်းကြီးက စုတ်ထိုးပေးတယ်။ မျက်စိတွေ၊ ပါးတွေ၊ နှုတ်ခမ်းတွေက အကြောတွေ ကလာပ်စည်းတွေ သေပြီး ပျက်စီးကုန်ခဲ့တာ။ ခုချိန်ထိပဲ။ သူရဲ့မျက်နှာကိုကြည့်လိုက်တော့ ညာဘက်မျက် လုံး၊ ပါးနဲ့ နှုတ်ခမ်းတွေဟာ တမျိုးပဲ။ ပုံမှန် လူကောင်းနဲ့ မတူဘူး။ အကြောတခုခု ထိထားသလို ဖြစ်နေပါတယ်။
နောက်ပိုင်း ၁၁နှစ်သားအရွယ်မှာ မန္တလေးကို သူပြန်လာတယ်။ ဒီပုံအတိုင်း မန္တလေးမှာ နေလာရင်းကနေ ရောဂါ အခြေ အနေဟာ တဖြည်းဖြည်း ဆိုးလာတာကြောင့် ၆၂လမ်းနဲ့ ၃၅လမ်းထောင့်ဝန်းကျင် တဝိုက်က ခရစ်ယာန် သီလရှင်တွေ ဦးစီးတဲ့ စိန်ဂျွန်းအနာကြီးရောဂါဆေးရုံကို တက်တယ်။ ဆေးရုံတက်ရင်း ဆေးရုံဝန်းကျင်က အနာကြီးရောဂါသည်တွေ စုနေတဲ့ ရပ်ကွက်တွေမှာပဲ ပြောင်းရွှေ့နေထိုင်ခဲ့ပြန်တယ်။
အဲဒီတုန်းက အနာကြီးရောဂါဆေးရုံဝန်းကျင်မှာ အကောက်တဲ၊ ဆိတ်သဲကုန်း၊ နဂါး၊ ဥယျာဉ်တန်း၊ ဝက္စလီ ရပ်ကွက် ဆိုပြီး အနာကြီး ရောဂါသည်တွေ စုပေါင်းနေထိုင်ကြတဲ့ ရပ်ကွက်ကြီး ၅ ခုရှိခဲ့တာပါ။ ဒါပေမယ့် ဆေးရုံမှာ နှစ်နှစ်တက်ပြီးနောက် မှာ သူ့ဘဝကြီးကို သူအားမရတော့ဘူး။
ဘာမှ တက်လမ်းလည်းမရှိဘူးဆိုပြီး ဆေးရုံက ဆင်းတယ်။ အုတ်ကား၊ သဲကားတွေမှာ အလုပ်ဝင်လုပ်တယ်၊ ဆိုက်ကား နင်းတယ်။ ရသမျှနည်းနဲ့ ငွေရှာတယ်။ အဲဒီတုန်းကတော့ ရောဂါ သိပ်မဆိုးသေးခင် အချိန်တွေပေါ့။ ဘယ်လက်လက်နဲ့ ဘယ်ခြေချောင်းလေးတွေ ပြတ်တာတွေ ဖြစ်လာတဲ့အထိ ရောဂါက တဖြည်းဖြည်း ဆိုးလာပြီး နောက်ပိုင်းမှာတော့ ခြေ ထောက်ကို ရှူးဖိနပ်စီး၊ လက်ကို အဝတ်လေးနဲ့ အုပ်ပြီး ဆိုက်ကားနင်းတယ်။ စက်ဘီးနဲ့ လမ်းတကာ လျှောက်သွားပြီး အထည်ရောင်းတယ်။
အဲဒီလိုတွေ လုပ်ပြီး ငွေလေးစုမိဆောင်းမိ ရှိလာတဲ့ နောက်ပိုင်းမှာတော့ အိမ်မှာပဲ အရက်ပုန်းချက်တော့တယ်။ ဦးကျော်ရင် တို့စုနေကြတဲ့ ရပ်ကွက်က ရောဂါသည်အများစုဟာ သာမာန်လူကောင်းတွေလို အလုပ်လုပ်နိုင်စွမ်း မရှိတာကြောင့် တောင်းရမ်းစားသောက်ပြီးမှ ရတဲ့ငွေနဲ့သာ ဘဝရပ်တည်နေကြရတယ်။ တောင်းရမ်းတာအပြင် သူတို့ လုပ်နိုင်တဲ့အလုပ် တခုကတော့ အရက်ချက်တာပေါ့။ သူတို့အိမ်တွေထဲမှာ အရက်ချက်ကြပြီး မြို့ထဲက အရက်ဆိုင်တွေကို သွားပို့ ကြရတာ ပါ။
နောက်ပိုင်း ၁၉၉၀ခုနှစ် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် လက်ထက်မှာတော့ ဒီအနာကြီးရပ်ကွက်တွေဟာ မန္တလေး မြို့ကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ ယုတ်လျော့စေတယ်ဆိုပြီး မတ္တရာမြို့နယ်ထဲက နံ့သာမြိုင်စခန်းကို ပြောင်းရွေ့ ပစ်ခဲ့တယ်။ နံ့သာမြိုင်စခန်းမှာ လူနာတဦးအတွက် ခြံဝိုင်းတဝိုင်းနဲ့ စိုက်ပျိုးဖို့ မြေတဧကစီ ပေးပြီး ပြောင်းရွှေ့စေခဲ့တာပါ။ အဲဒီတုန်းက နံ့သာမြိုင်စခန်းကို ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စုပေါင်းက ၄၅၀ ကျော် ပါတယ်။ စခန်းနေရာဟာ ငှက်ဖျား ပေါ တာကြောင့် ပြောင်းရွှေ့ခါစ ပထမနှစ်မှာပဲ ငှက်ဖျားမိပြီး လူတွေ ဆုံးကြတာ အများကြီးပဲ။ ငှက်ဖျားမိတဲ့အထဲ ဦးကျော်ရင် ကတော့ မပါခဲ့ပါဘူး။








အနာကြီးရောဂါသည်တွေရဲ့ မူလလက်ရင်း နေထိုင်ခဲ့တဲ့နေရာတွေကိုတော့ မြို့မြေကွက်ရိုက်ပြီး ခွဲဝေတယ်။ ယခု အချိန်မှာ တော့ အဲဒီနေရာ မြေတကွက်ဟာ သိန်းပေါင်းသောင်းချီပြီး တန်ကြေးဖြစ်နေပါပြီ။
ဦးကျော်ရင်က ရေနံ့သာနံ့သာမြိုင်စခန်းမှာပဲနေရင်း နိုင်ငံခြားကိုလည်း ထွက်ပြီး စီးပွားရှာ (တောင်းရမ်း) ခဲ့ဖူးတယ်။ ရေနံ့ သာ စခန်းကနေ နိုင်ငံခြားကို သွားရောက် စီးပွားရှာသူတွေ အယောက်သုံးဆယ်ကျော် လေးဆယ်နီးပါးရှိပါတယ်။
ဦးကျော်ရင်က သူ့ဘဝမှာ အမှတ်တရ အရှိဆုံးအချိန်တွေကတော့ နိုင်ငံခြားကိုထွက်ပြီး တောင်းရမ်းခဲ့ရတဲ့ အချိန်တွေပါပဲ လို့ လက်ထဲက ရေဒီယိုလေးကို ဟိုပွတ်ဒီပွတ်လုပ်ပြီး ပြောတယ်။
ဦးကျော်ရင်ပြောတဲ့ နိုင်ငံခြားဆိုတာကတော့ မြန်မာပြည်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ယိုးဒယားနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ ဘက်ကိုပါ။ ဦးကျော်ရင် နောက်ဆုံးအကြိမ်သွားခဲ့တာကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ ဦးကျော်ရင် နေထိုင်နေတဲ့ နံ့သာမြိုင်ရွာကနေ နိုင်ငံခြားကို ထွက်ပြီး တောင်းရမ်းရှာဖွေစားသောက်ကြသူ ပမာဏဟာ ပျမ်းမျှ အယောက်၃၀ လောက်ရှိ တယ်။ မိုးကုန်လို့ ဆောင်းဦး အဝင်က သွားလိုက်ရင် နောက်နှစ်မိုးဦးအစမှ ပြန်လာကြတော့တာပါပဲ။ မိုးရာသီကိုတော့ ရွာ မှာပဲ အေးအေးဆေးဆေး နေထိုင်ဖြတ်သန်းလေ့ရှိကြတယ်။
သွားပြီဆိုရင် ကားနဲ့ လေယာဉ်နဲ့ သွားကြတယ်။ အဲဒီလို ခရီးသွားနေတုန်းမှာတော့ အဝတ်အစားကောင်းတွေ ဝတ်ရတာ ပေါ့။ ဖုံးသင့်တာတွေ ဖုံးဖိရတယ်။ သားသမီး၊ မိတ်ဆွေ လူကောင်းတွေနဲ့ အသာလေးရော လိုက်သွားကြရတယ်။ ခရီးစရိတ် တွေက တခေါက်ခေါက်ဆိုရင် သိန်းချီကုန်တယ်။ ဒါပေမယ့်လည်း ဟိုမှာပြန်ရတာနဲ့ ယှဉ်လိုက်တော့လည်း ဘာမှမဟုတ် တော့ပြန်ဘူး။ သူတို့စကားနဲ့ပြောရရင်တော့ တွက်ခြေကိုက်တယ်။ စုမိဆောင်းမိကြတယ်။ နိုင်ငံခြားကို ထွက်ရှာကြပေမယ့် လည်း ဦးကျော်ရင်လို စုမိဆောင်းမိသူကတော့ တော်တော့်ကို နည်းမယ်။ တချို့က နိုင်ငံခြားကို ထွက်ရှာကြတယ်။ ဒါပေ မယ့်လည်း ဟိုမှာ အပျော်အပါးလောင်းကစားတွေလုပ်ပြီး ငွေတွေ သိပ်မစုမိကြဘူး။ စုမိရင်လည်း အနည်းအကျည်း လောက် သာစုမိတယ်။ ဦးကျော်ရင်ကတော့ မဟုတ်ဘူး။ ရသလောက်ရှာတယ်။ ကျစ်နေအောင်စုတယ်။ လှူသင့်တာ လှူ တယ်။
သူထွက်ခဲ့တဲ့ နိုင်ငံခြားခရီးစဉ်တွေထဲမှာ မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်က သွားခဲ့တဲ့ ယိုးဒယား ခရီးစဉ်ပါတဲ့။
အဲ့ဒီအချိန်က ဦးကျော်ရင်ဟာ အိမ်တွင်းရေး အဆင်မပြေမှုတွေကြောင့် တခြားမိတ်ဆွေတွေနဲ့အတူ ယိုးဒယားဘက်ကို သွားခဲ့တယ်။ တံတားဦးလေဆိပ်ကနေ တဆင့် တာချီလိတ်ကို လေယာဉ်ပျံနဲ့သွားတယ်။ “လူတွေမှာ အဝတ်အစားက အဓိကပဲ။ ကောင်းကောင်းမွန်မွန်ဝတ်သွားတော့ လေးစားသမှုတောင် ပြုခံရသေးတယ်။ တရားကျဖို့လည်း ကောင်းပါတယ် ”လို့ ဦးကျော်ရင်က တချက်ရယ်လိုက်ရင်း ပြောတယ်။ ဒါပေမယ့် သူ့ရယ်သံထဲမှာ နာကြည်းသံ နည်းနည်းစွက်နေတာသိ သာတယ်။
တာချီလိတ်က တဆင့် ယိုးဒယားဘက်ကို ဝင်တယ်။ တခါတလေ တာချီလိတ်ဘက်မှာလည်း အလုပ်ဖြစ်တယ်။ ဟိုဘက်နဲ့ ဒီဘက်ကို ကူးလိုက်သန်းလိုက် လုပ်ပြီးတောင်းရမ်းတယ်။ အဲဒီမှာ ဦးကျော်ရင်တို့လို ဘဝတူတွေကလည်း အများကြီးပဲ။ သူတို့တွေနေဖို့အတွက် မိုးကာရွက်ဖျင်တဲအိမ်လေးတွေ လပေးငှားကြရတယ်။ ထမင်းကိုလည်း လပေးစားကြရတယ်။ ဒါကြောင့် နေရေးစားရေးက အခက်အခဲမရှိပါဘူး။ “ဒါပေမယ့် တောင်းရမ်းတဲ့အခါမှာတော့ ယူနီဖောင်းလဲရတာပေါ့” လို့ တချက်ရယ်လိုက်ရင်း ပြောပြန်တယ်။ ဒီတခါမှာတော့ စိတ်လိုလက်ရ ပွင့်ပွင့်လင်းလင်းရယ်တာပါ။ အခုလို အတွေ့အကြုံ တွေ ပြန်ပြောပြရတာကိုလည်း တက်ကြွနေတယ်။
ဒီခရီးစဉ်မှာ ၇ လကြာအောင် နေခဲ့တယ်။ ၇လအတွင်း ငွေကျပ်သိန်းခြောက်ဆယ်ကျော် စုဆောင်းနိုင်မိခဲ့တယ်။ လူတွေ ကတော့ လက်ဖက်ရည်ဖိုးလေး၊ မုန့်ဖိုးလေးလောက်သာ ပေးကမ်းကြပေမယ့် မြန်မာငွေနဲ့ ပြန်တွက်လိုက်တော့ အများကြီး ဖြစ်သွားတာကြောင့်ပါ။ ဒါပေမယ့်လည်း ဒီလို လပိုင်းလေးအတွင်းမှာ အခုလို ငွေများစွာ စုမိဖို့ကတော့ မလွယ်လှပါဘူး။ သူက တော်လို့သာ အခုလို စုနိုင်ဆောင်းနိုင်တာ ဖြစ်တယ်လို့ ဦးကျော်ရင်က ဝင့်ဝင့်ကြွားကြွားကြီး ပြောတယ်။
သူသွားခဲ့တဲ့နေရာတွေက ပိုက်ဆံတွေ အများကြီးရသလို ပိုက်ဆံကုန်ပေါက်၊ အပျော်အပါးတွေကလည်း များလွန်းလှတဲ့ နေရာတွေပါ။ မိန်းမကိစ္စ၊ လောင်းကစားကိစ္စတွေကြောင့်လည်း သူရဲ့လုပ်ဖော်ကိုင်ဖက်တယောက်ဆို ငွေမစုမိခဲ့ပါဘူးတဲ့။ အဝတ်အစားကောင်းကောင်းဝတ်လိုက်ရင် ဘယ်ကိုသွားသွား ပျော်လို့ရတာကြောင့်ပါ။
သူစုဆောင်းလာခဲ့တဲ့ ငွေသိန်းခြောက်ဆယ်ထဲမှာ လှူတာတန်းတာတွေ မပါသေးပါဘူး။ သူအလုပ်လုပ်နေရင်း တာချီ လိတ်ဘက်မှာ တရားပွဲတခုနဲ့ ကြုံကြိုက်လို့ အလှူဖလားထဲကို ဘတ်သုံးထောင်(ငွေကျပ်တသိန်းခန့်) လှူခဲ့တယ်။ တရားနာပရိ သတ်တွေကို အကြောလိမ်းဆေးတဘူးဆီ ကမ်းနိုင်ခဲ့တယ်။ အလှူခံဖြတ်ပိုင်းရေးတဲ့အခါ လှူဒါန်းသူ အမည်နေရာမှာတော့ သူ့နာမည်အစား သူ့ကို ပေးကမ်းခဲ့ကြတဲ့ ကျေးဇူးရှင်တွေ ဆိုပြီး ရေးထိုးခိုင်းခဲ့ပါတယ်။ အလှူငွေ လက်ခံတဲ့သူတွေက သူ့ကို အရမ်းချီးကျူးသွားကြပြီး ‘အဘ. အဘ’ နဲ့ကို ဖြစ်သွားကြတာပဲတဲ့။ သူ့ကို ကြည့်ရတာ တော်တော်ပီတိဖြစ်နေပြီး ကိုယ်ပါ တက်ကြွလာသလို ခံစားရတယ်။ သူ့စကားသံတွေကလည်း အာပေါင်အာရင်းသန်သန်နဲ့ တဖြည်းဖြည်း တက်ကြွ လာတယ်။
အခုချိန်မှာတော့ ဦးကျော်ရင်ဟာ အသက်၇၀ကျော်လာပါပြီ။ သားသမီးတွေ အားလုံးကလည်း အဝေးမှာ အခြေကျ နေကြပြီ။ သူတယောက်တည်းပဲ တရားလေးနာလိုက်၊ ရေဒီယိုလေးနားထောင်လိုက်နဲ့ ဘဝကို အေးအေးဆေးဆေးဖြတ် သန်းနေပြီ။ ဒီလို အေးအေးဆေးဆေး ဖြတ်သန်းနေရတဲ့အချိန်ကလည်း တကယ်တော့ သိပ်မကြာလှသေးပါဘူး။ သူ့ဘ၀ မှာ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရတာတွေကလည်း အများသားကိုး။ ဒီနေ့အချိန်ထိ သူ့ကို ပေးကမ်းတဲ့သူတွေ အကုန်လုံးကို “အဘ လိုအင် ဆန္ဒ ပြည့်သလို သူတို့လည်း လိုအင်ဆန္ဒ ပြည့်ပါစေဆိုပြီး” နေ့စဉ် မေတ္တာပို့ပေးနေဆဲပါတဲ့။
အခုချိန်မှာဆိုရင် ဦးကျော်ရင်ဟာ ဘဝတလျှောက်ကြုံတွေ့ရတဲ့ အခက်အခဲအတားဆီးတွေကို အေးအေးသက်သာပဲ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ပါပြီ။ လက်ရှိအနေအထားမှာ သူ့ဘဝဟာ တော်တော့်ကို တည်ငြိမ်အေးဆေးနေပါပြီ။

အေးမွန်ရာပြည့်

http://mobile.irrawaddy.org/article/2015/10/26/97941.html

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"