လက်ကမ်းရယ်ကူ
(ပြည်သူ့ခေတ်ဂျာနယ်မှ တဆင့်ကူးယူဖော်ပြပါသည်။)
မန္တလေးမှာ လက်အတုတွေအခမဲ့တပ်ပေးနေတယ်ဆိုတဲ့အသံကြားလို့ စိတ်ဝင်စားသွားတယ်။ ဟုတ်တယ်လေ….အရင်ကခြေတုဆိုတာလောက်ပဲ ကြားဖူးခဲ့ကြတာ…..အခုဟာကလက်အတု…..လက်အတုတောင်မှာ လက်အစစ်လို လှုပ်ရှားနိုင်မယ့် လက်အတုပါတဲ့လေ….။
ကိုယ်တိုင်ကလည်း နေရာတကာစပ်စပ် စပ်စပ်နဲ့ ဝါသနာပါတော့ စိတ်ဝင်စားပြီး သွားလေ့လာခဲ့ကြည့်ခဲ့ပါတော့တယ်။
နေရာက မန္တလေးမြို့နန်းရှေ့ရပ်၊ ဖောင်တော်ဦးကျောင်းထဲက မုဒိတာခန်းမမှာပါ။ လက်တုတွေတပ်ဆင်ပေးတာက အောက်တိုဘာလ၁၀ရက်နေ့နဲ့၁၁ရက်နေ့ နှစ်ရက်ပေါ့။ မန္တလေးတိုင်းဒေသကြီးနဲ့အခြားဆက်စပ်တဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတို့၊ ချင်းပြည်တို့၊ ရှမ်းပြည်တို့က လက်ပြတ်တဲ့သူတွေအတွက် လက်အတုအခမဲ့တပ်ဆင်ပေးတာပါ။
ဖောင်တော်ဦးကျောင်းထဲကို ၁၁ရက်နေ့ (ဒုတိယနေ့) နေ့လည်မွန်းတည့်လောက်မှာရောက်သွားတယ်။ ရောက်သွားတော့ လက်တုတွေလာလှူတဲ့အလှူရှင်ဖောင်ဒေးရှင်းကလူတွေသာရှိတော့တယ်။ လက်အတုလာတပ်သူတွေကိုမတွေ့ရတော့ပါဘူး။ ဒါနဲ့ပဲ လက်အတုလာရောက်လှူဒါန်းတဲ့ ဖောင်ဒေးရှင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်တင်မေအောင်ကို သိချင်တာလေးတွေသိရအောင် မေးမြန်းဖြစ်ခဲ့ပါတယ်။

အလှူရှင်အဖွဲအစည်းကတော့ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းပါ။ အမှန်တကယ်လိုအပ်နေတဲ့ နေရာဒေသတွေက ကျန်းမာရေး၊ပညာရေးကဏ္ဍတွေကိုထောက်ပံ့ပေးနိုင်ဖို့ ရခိုင်အမျိုးသားကြီးဖြစ်တဲ့ ဒေါက်တာစောမြအောင်နဲ့ မိသားစုဝင်တွေ တည်ထောင်ထားတဲ့ဖောင်ဒေးရှင်းပါ။ တည်ထောင်စကာလကတော့ ရခိုင်ပြည်နယ်တွင်းဒေသတွေကို အဓိကထားထောက်ပံ့ဖို့ စီစဉ်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့မှ မြန်မာနိုင်ငံအနှံလိုတဲ့နေရာတွေကို ဖြန့်ကျက်ထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းကိုတရားဝင်စတည်ထောင်တာကတော့ အခု၂၀၁၅ခုနှစ်ဖေဖော်ဝါရီမှာပါ။ ဒါပေမယ့် ဖောင်ဒေးရှင်းလုပ်ငန်းတွေ အမှန်တကယ်စတင်လုပ်ခဲ့တာကတော့ ၂၀၁၃ခုနှစ်ကတည်းကပဲဖြစ်ပါတယ်။
၂၀၁၃ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ စတင်ဆေးကုရင်းမှာစတင်ပြီး လက်အတုတွေစတပ်ပေးခဲ့တာဖြစ်ပါတယ်။ လက်အတုတွေဘာကြောင့်အခမဲ့တပ်ဆင်ပေးရလဲမေးတော့ အဖြေကရိုးရှင်းလှပါတယ်။ လက်အတုတပ်ပေးတဲ့အဖွဲ့တွေမြန်မာပြည်မှာ မရှိလို့ပါတဲ့။ ဒီဖောင်ဒေးရှင်းဟာ အမေရိကားနိုင်ငံအခြေစိုက်တဲ့ Ellen Meatows Prosthetic Hand Foundation ဆိုတဲ့ လက်အတုဖောင်ဒေးရှင်းတစ်ခုရယ်၊ နိုင်ငံတကာကဖွွံှဖြိုးဆဲဆင်းရဲတဲ့တိုင်းပြည်တွေကိုလှူဒါန်းမှုတွေတောက်လျှောက်လုပ်နေတဲ့ Rotary International စတဲ့အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး မြန်မာပြည်တွင်း လက်အတုတွေစတင်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ရခိုင်ပြည်နယ်မှာလက်အတုတပ်ဆင်ပေးရမယ့် လက်ပြတ်လူနာတွေသိပ်မရှိတာကြောင့် ၂၀၁၅ခုနှစ်အတွင်း ရန်ကုန်နဲ့ဆက်စပ်ဒေသတွေအတွက် စတင်ပြီးလက်အတုအခမဲ့ လှူဒါန်းပေးခဲ့တယ်။ လက်အတုအခမဲ့တပ်ဆင်ချင်သူတွေကို လာရောက်ဆက်သွယ်ကြဖို့ခေါ်တယ်။
လက်အတုအခမဲ့တပ်ချင်လို့ ဆက်သွယ်လာကြတဲ့အထဲမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေထဲက အများဆုံးပါဝင်တယ်။ အများစုက နွားစာစင်းကြရင်း လက်ပြတ်သွားကြတာကြောင့်ပါ။ တချို့ကတော့ ကြံရည်ကြိတ်စက်ထဲလက်ဝင်သွားလို့၊ တချို့က စက်ကြီးတွေထဲလက်ဝင်သွားလို့အစရှိသဖြင့် အမျိုးမျိုးရောက်လာကြတယ်။ ပြတ်တဲ့သူတွေဟာ အသက်သုံးဆယ်ကနေ လေးဆယ်အကြားအရွယ်တွေဖြစ်တယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ အဖြစ်များတယ်။
ဒီဖောင်ဒေးရှင်းအနေနဲ့ အခုမန္တလေးမြို့မှာ လက်အတုလာလှူတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်နိုင်ငံလုံးအတွက်ဆိုရင်သုံးကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ ဒီတကြိမ်အပါအဝင်တစ်နိုင်ငံလုံးမှာ လက်အတုစုစုပေါင်း(၇၀၀)လောက်လှူခဲ့ပြီးပြီဖြစ်ပါတယ်။ မန္တလေးမှာ လက်အတုလာရောက်တပ်ဆင်ဖို့ စာရင်းပေးထားသူစုစုပေါင်းနှစ်ရာလောက စာရင်းရှိခဲ့ပေမယ့် အမှန်တကယ်လာသူကတော့ (၁၇၀)လောက်ပဲလာပါတယ်။ စစ်ကိုင်းတိုင်းတို့ ၊ ချင်းပြည်နယ်တို့ဘက်က ဒေသတွင်းရေကြီးနစ်မြုပ်ပြီး သွားရေးလာရေးခက်ခဲတာတွေကြောင့် ရောက်မလာကြတာတွေလည်း ရှိခဲ့ပါတယ်တဲ့။ လက်တုတပ်ပေးတဲ့ ဖောင်ဒေးရှင်းအဖွဲ့ကတော့ စုစုပေါင်း၁၁ယောက်ပါ။
လှူဒါန်းတဲ့နေ့မှာ အခက်တွေ့ခဲ့တာတစ်ခုလည်း ကြုံခဲ့ရပါသေးတယ်လို့ ဒေါ်တင်မေအောင်က ပြောပါတယ်။ တံတောင်ဆစ်ကနေငါးလက်မရှိတဲ့ လက်ပြတ်မှုမျိုးဖြစ်မှသာ လက်အတုအတွက်အဆင်ပြေနိုင်မှာဖြစ်ပြီး အဲ့ဒီအချိုးအစားရှိမှသာ လျှောက်ထားကြဖို့ ကြေငြာခဲ့ပေမယ့် လက်အတုရချင်စိတ်တွေနဲ့ လျှောက်ထားကြတယ်။ အမှန်တကယ်လာတဲ့အခါကျမှ တံတောင်ဆစ်ကနေ သုံးလက်မအထိပြတ်တာမျိုးတို့ တံတောင်ဆစ်ကပ်လျက်ပြတ်တာမျိုးတွေပါ ကြုံတွေ့ကြရတယ်။

ဒီလက်အတုတွေတပ်လိုက်ရင် သာမာန်လက်လိုပဲ ဘောပန်ရေးလို့ရတယ်၊ ကိုယ်တိုင်ရေသောက်လို့ရတယ်၊ နောက်ပြီးပစ္စည်းတခုခုကိုင်တွယ်လို့၊ မလို့ရတယ်။ ကျန်တဲ့ကောင်းတဲ့လက်တစ်ဖက်ကတော့ ထိန်းပေးရင်းပေါ့။ ဒါပေမယ့်လည်း လက်နှစ်ဖက်လုံးပြတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ နှစ်ဖက်စလုံးလက်ပြတ်တဲ့သူကတော့ တပါးသူကိုအလုံးစုံမှီခိုနေရတဲ့ ဘဝကနေ အခြေအနေအနည်းငယ်တော့ လွတ်သွားနိုင်တာပေါ့။
ဒီလက်အတုတွေကို အမေရိကားကနေ တိုက်ရိုက်သယ်လာတာဖြစ်ပြီး တစ်ခုကို ငွေကျပ်ငါးသိန်းနီးပါးလောက်ရှိပါတယ်။ မြန်မာနိုင်ငံအတွက်လက်အတုတွေကို လိုသလောက် နိုင်ငံခြားကလှူဒါန်းနိုင်ပေမယ့် အမေရိကားကနေတိုက်ရိုက် မြန်မာနိုင်ငံကိုသွင်းရင် အခွန်ကောက်တဲ့စနစ်ကြောင့် ငွေအကုန်ကျပိုများတဲ့အပြင် အချိန်လည်းပိုကုန်ပါတယ်။ ဒါ့ကြောင့် အခုလောလောဆယ်မှာတော့ အမေရိကားကနေ မြန်မာပြည်လာမယ့် နီးစပ်ရာမိတ်ဆွေတွေကို အကူညီတောင်းပြီး နိုင်သလောက် လမ်းကြုံသယ်ယူခိုင်းနေကြရတယ်။ ဒီလိုသယ်ယူနေရတာတွေကြောင့် လူနာတွေအတွက် လိုသလောက်ကို ချက်ချင်းမပေးနိုင်ဖြစ်နေပါတယ်။ ပြည်တွင်းမှာအမှန်တကယ်လိုနေတာတွေကို နိုင်ငံခြားကထောက်ပံ့ရာမှာ လှူဒါန်းပစ္စည်းတွေအတွက် အခွန်အကောက်မယူရင် အခုထက်ပိုပြီး ထောက်ပံ့မှုနှုန်းပိုကောင်းလာမှာဖြစ်တယ်၊ ပိုပြီးအဆင်ပြေမယ်၊ အတိုင်းထက်အလွန်ဖြစ်မယ်လို့ ဆိုတယ်။
အခုလိုသယ်ယူရတာအခက်အခဲတွေရှိတာကြောင့်လည်း လူအများကြီးကို တပြိုင်နက် လက်အတုအခမဲ့တပ်ဆင်ပေးတာမျိုးမလုပ်နိုင်ဖြစ်နေပါသေးတယ်။ လက်အတုလိုချင်သူတွေကို ဂျာနယ်တချို့နဲ့ အင်တာနက်လူမှုကွန်ယက်တွေကနေသာ တနိုင်တပိုင်ကြေငြာမှုပြုခဲ့ရပြီး နိုင်ငံပိုင်သတင်းစားတွေကနေတဆင့်တော့ ကျယ်ကျယ်ပြန့်ပြန့်ကြေငြာတာမျိုးမလုပ်နိုင်သေးပါဘူး။ တကယ်တော့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နွားစာစဉ်းရင်း လက်ပြတ်ခဲ့ရတဲ့သူအရေအတွက်ဟာ အများကြီးရှိနေပါသေးတယ်။ သူတို့အားလုံးကိုအလုံအလောက် လှူဒါန်းနိုင်ဖို့ဆိုရင်တော့ ပစ္စည်းလုံလောက်မှုရှိမှရမှာပဲဖြစ်ပါတယ်။
ဒီလက်အတုတွေကို မြန်မာပြည်တွင်းမှာလဲထုတ်နေပေမယ့် အခုလိုလှုပ်ရှားလို့ရတဲ့ လက်တုတွေတော့ မထုတ်နိုင်သေးပါဘူး။ လှုပ်ရှားလို့မရတဲ့လက်အတုတွေကိုက ပြည်တွင်းမှာ အနည်းဆုံးငွေကျပ်သုံးသိန်းခန့်ရှိနေပါတယ်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းအနေနဲ့ အခုမန္တလေးပြီးရင်တော့ နောက်အကြိမ်မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ဆိုတယ်။ မကွေးတိုင်းအတွင်းမှာ နွားစာစင်းရင်းလက်ပြတ်သွားတဲ့ လူတွေအများကြီးရှိနေသေးလို့ အခုမန္တလေးမှာလာလှူဒါန်းသလို ထပ်မံသွားရောက်လှူဒါန်းကြဖို့ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းအဖွဲ့သားတွေက တက်ကြွနေကြပါတယ်။
------အေးမွန်ရာပြည့် ------
Comments
Post a Comment