"ရွေးကောက်ပွဲနေ့မှာ သတင်းသမားတဦး အတွေ့အကြုံ"

(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူုးယူဖော်ပြပါသည်။)
မနက် ၄ နာရီခွဲတာနဲ့ ဖုန်းက ဒင်ကနဲ..ဂွမ်ကနဲ..ဝင်လာတယ်။ ကြည့်လိုက်တော့ မိတ်ဆွေ သတင်းသမားတဦးရဲ့ ဖုန်းနံပါတ်။ ထဖို့ လှမ်းပြီးဖုန်းဆက်ပေးတာ။ တကယ်တော့ ရွေးကောက်ပွဲမတိုင်ခင် တညလုံးကလည်း ရွေးကောက်ပွဲအတွက် စိတ်လှုပ်ရှားပြီး စောစောအိပ်မပျော်ဘူး။ သန်းခေါင်ကျော် ၁ နာရီထိုးခါနီးလေးလောက်ကမှ အိပ်ပျော်သွားတာကိုး။ ဒါပေမယ့် မနက်နိုးတော့လည်း အိပ်ရေးမဝတာတွေ ဘာတွေ သိပ်တော့မဖြစ်ပါဘူး။ စိတ်ကပဲဆောင်နေလို့ ဖြစ်မယ်။
ဒါနဲ့ပဲ ချက်ချင်းထ၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်တယ်။ ပြင်ဆင်တယ်ဆိုတာ မဲရုံတွေထဲကို သွားပြီး သတင်းယူရင် မပါမဖြစ် ပါရမယ့် လည်ဆွဲကတ်ပြားတို့၊ ကင်မရာတို့၊ အသံသွင်းစက်တို့၊ မှတ်စုစာအုပ်တို့လိုမျိုးတွေ ပါ၊ မပါပြင်ဆင်ရတာကို ပြောတာပါ။ တကယ်တော့ ဒါတွေကို ရွေးကောက်ပွဲမတိုင်ခင်ညအချိန်ကတည်းက ကြိုတင်တော့ ပြင်ဆင်ထားပြီးသားပါ။ သေချာအောင် ထပ်ပြီး ပြန်စစ်ဆေးတဲ့သဘောပါပဲ။ အားလုံးပြီးတဲ့အချိန်မှာတော့ မနက် ၅ နာရီ ထိုးနေပြီ။
၅ နာရီထိုးချိန်တွေမှာ မန္တလေးမြို့တွင်း လမ်းမတွေဟာ တိတ်ဆိတ်ငြိမ်သက်နေသေးတယ်။ ရပ်ကွက်ရုံးတွေမှာတော့ တာဝန်ရှိသူတွေက သူတို့လုပ်စရာရှိတာတွေ လုပ်နေကြပြီ။ ရုံးရှေ့မှာ စုစု..စုစုနဲ့ ရပ်နေကြတယ်။ မဲရုံတချို့မှာတော့ မဲပေးဖို့ လူတွေ တန်းစီနေတာတွေ့ နေရပြီ။ တချို့မဲရုံတွေမှာတော့ လူတွေ တဦးစ နှစ်ဦးစ တန်းစီနေကြပေမယ့်လည်း တချို့မဲရုံတွေမှာတော့ လူတန်းကြီးက ၂၀ ကျော် ၃၀ ကျော်လောက်ရှိပါမယ်။
ဒါနဲ့ပဲ ဆိုင်ကယ်လေးကို ခဏရပ်ပြီး လူတန်းကြီးကို ဓာတ်ပုံ ရိုက်တယ်။ မဲပေးတဲ့သူတွေထဲမှာ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းအရွယ်တွေ များတယ်။
ဓာတ်ပုံရိုက်ပြီးတော့ မီဒီယာသမားတွေ စုရပ်အဖြစ်ချိန်းထားတဲ့နေရာကို သွားတယ်။ အားလုံးစုပြီး နန်းတွင်းထဲက တပ်မဲရုံတွေကို သွားသတင်းယူဖို့ ချိန်းထားကြတာပါ။ နန်းတွင်းရှေ့ကို ရောက်တော့ မနက် ၆ နာရီ ၁၅ မိနစ်ရှိနေပြီ။ မီဒီယာသမားတွေနဲ့ စောင့်ကြည့်ရေးလုပ်မယ့်သူတွေ အကုန်လုံး နန်းတွင်းထဲ ဝင်ချင်ရင် အရှေ့ဘက်အပေါက်ဝတခုတည်းကသာ ဝင်ခွင့်ပြုမယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက ဆိုထားတာကြောင့် ဒီအပေါက် တပေါက်တည်းမှာသာ လူတွေ တစ်နေကြတယ်။
နန်းတွင်းထဲဝင်ဖို့ကိုလည်း ဝင်ပေါက်မှာ တော်တော်စောင့်ယူလိုက်ရတယ်။ ကော်မရှင် ထောက်ခံချက်လည်ဆွဲတွေ ပါတာကို အဲ့ဒီလည်ဆွဲတွေကို ဓာတ်ပုံရိုက်ယူတယ်။ စာအုပ်ထဲမှာ မှတ်တမ်းတင်တယ်။ စီးလာတဲ့ ဆိုင်ကယ်နံပါတ်ကအစ။ အားလုံးပြီးတဲ့အခါမှာတော့ စစ်တပ်ယူနီဖောင်း ဝတ်ထားတဲ့ အရာရှိတဦးက ဗန်ကားလေးနဲ့ မဲရုံကို လိုက်ပို့ပေးတယ်။ နန်းတွင်းထဲက အောင်မြေသာစံမြို့နယ်၊ မဲရုံအမှတ် ၃ ကိုပါ။ မဲရုံကိုရောက်သွားတော့ စောင့်နေတဲ့ လူတန်းကြီးက တော်တော်ကြီးကို အရှည်ကြီးပါ။ တပ်မိသားစုတွေအများဆုံး ပါပါတယ်။  တခြားမီဒီယာသမားတွေနည်းတူ ဓာတ်ပုံရိုက်၊ မေးမြန်းသင့်တာလေးတွေ မေးမြန်းခဲ့ပါတယ်။
ဒီမဲရုံကနေတဆင့် တခြားမဲရုံကို နောက်ထပ်အမျိုးသားတဦးက လိုက်ပို့ပြန်ပါတယ်။ လိုက်ပို့တဲ့သူက ချက်ချင်း လိုက်ပို့တာ မဟုတ်ပဲ သူကိုယ်တိုင်ဆိုင်ကယ်နဲ့အရင် သတင်းပို့တယ်။ သတင်းပို့ပြီးမှ တခါပြန်လာခေါ်တာပါ။ သူလိုက်ပို့တာကတော့ နန်းတွင်းထဲက ရန်အောင်မြင်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ မဲရုံပဲဖြစ်ပါတယ်။ ဒီမဲရုံဟာ နန်းတွင်းထဲမှာ အကြီးဆုံးမဲရုံတရုံ ဖြစ်ပါတယ်။
နန်းတွင်းထဲကို ဘယ်ပါတီကမှ စည်းရုံးရေးဆင်းခွင့်ပေးမထားပါဘူး။ နန်းတွင်းထဲက စစ်တပ်တာဝန်ရှိသူတွေနဲ့ တပ်မိသားစုဝင်တွေ အားလုံးအတွက် စုစုပေါင်းမဲရုံ ၁၇ ရုံ ရှိနေပါတယ်။
နန်းတွင်းထဲက ထွက်လာတော့ ၉ နာရီ ထိုးတော့မယ်။ ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာ သတင်းသမားတွေစုပြီး မနက်စာ တစ်ခုခုစားကြတယ်။ စားပြီးတဲ့အချိန်မှာတော့ လူစုခွဲလိုက်ကြတယ်။ ကိုယ်သွားလေ့လာချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားလေ့လာနိုင်ကြဖို့ပေါ့။ နန်းတွင်းထဲ သွားရင်သာ ရစ်မှာစိုးတာကြောင့် အဖွဲ့လိုက်စုပြီးသွားရတာ ပိုပြီး အဆင်ပြေပေမယ့် မြို့တွင်းမဲရုံတွေကိုတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်လွတ်လွတ်လပ်လပ်သွားပြီး သတင်းယူရတာ ပိုအဆင်ပြေတာကိုး။
သူတို့နဲ့ လူစုခွဲပြီးနောက်မှာတော့ မန္တလေးတက္ကသိုလ်ထဲက မဲရုံ ၂ ရုံကို ဝင်လေ့လာတယ်။ တက္ကသိုလ်နယ်မြေအဝန်းအဝိုင်းထဲမှာ ရှိနေတဲ့ ဆရာနဲ့ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အကုန်မဲပေးနိုင်တဲ့ မဲရုံ ၂ ရုံပါ။ ဒီပရဝဏ်အဝန်းဝိုင်းဟာလည်း နန်းတွင်းလိုပဲ ဘယ်ပါတီမှ မဲဆွယ်စည်းရုံးခွင့်မပြုတဲ့ နယ်မြေပဲ ဖြစ်ပါတယ်။ မဲပေးလာကြတဲ့သူတွေထဲမှာ ဆရာနဲ့ ဆရာမတွေလို ပညာတတ်အသိုင်းအဝိုင်းတွေပါသလို အခြေခံဝန်ထမ်းမိသားစုတွေလည်း ပါဝင်တာ တွေ့ရတယ်။ မဲပေးပြီး ထွက်လာတဲ့ ခပ်နွမ်းနွမ်းအင်္ကျီနဲ့ အမျိုးသမီးကြီးတဦးနဲ့ တွေ့တော့ နည်းနည်းမေးမြန်းဖြစ်ခဲ့တယ်။ ‘ဘယ်ပါတီ၊ ဘယ်သူတွေဆိုတာကို ဘာမှမသိဘူး၊ သူများတွေပေးလို့သာ လာပေးတာ’ လို့ ပြန်ပြောသွားတယ်။
တက္ကသိုလ်ထဲက ထွက်လာပြီးနောက်မှာတော့ တက္ကသိုလ်နားမှာပဲ ရှိတဲ့ လက်ရှိ မြို့တော်ဝန် မထည့်မယ့် မဲရုံကို ခဏတဖြုတ်ဝင်ခဲ့တယ်။ ကံပဲကောင်းချင်လို့လားမသိဘူး.. မြို့တော်ဝန် ဦးအောင်မောင်း မဲလာထည့်တာနဲ့ ကြုံလို့ ဓာတ်ပုံရခဲ့တယ်။
ရခဲ့တဲ့ဓာတ်ပုံလေးတွေ သတင်းဌာနကို တင်နိုင်ဖို့ ခဏနားတယ်။ သိပ်မကြာပါဘူး… မှတ်မှတ်ရရ ၁ နာရီလောက်ကြာတဲ့အချိန်မှာတော့ သတင်းတပုဒ် ထပ်တက်လာပြန်ပါတယ်။ နေမကောင်းတဲ့အဖေရဲ့ကိုယ်စား သားဖြစ်သူက မဲလာပေးတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုတဲ့ သတင်းပါ။ ဖြစ်တာက မန္တလေးမြို့ရဲ့ အနောက်ဘက်ကျကျမှာ… ကိုယ်ရောက်နေတဲ့နေရာက မြို့အရှေ့ဘက်မှာဖြစ်လို့ အသည်းအသန် ပြေးလွှားလိုက်ရတယ်။
ဒီသတင်းကိုလည်း တင်ဖို့ ကြိုးစားနေချိန်မှာပဲ ထပ်ပြီး သတင်းကြီးတခုဝင်လာပြန်တယ်။ လိုက်ထရပ် ကား ၆ စီးနဲ့ အငြင်းပွားဖွယ် အစုလိုက်အပြုံလိုက် မဲလာပေးကြတဲ့သတင်းပါ။ မဟာအောင်မြေမြို့နယ် ကော်မရှင်ရုံးရှေ့မှာ လူတွေ ပြုံတိုးနေပါတယ်။ နိုင်ငံခြားက သတင်းသမားတွေရော ပြည်တွင်းက သတင်းသမားတွေရေ၊ တက်ကြွသူမြို့ခံတွေရော အားလုံးဟာ ပုရွက်အုံတုတ်နဲ့ ထိုးထားသလို လှုပ်လှုပ်ရွရွနဲ့ပဲ။
ဒီသတင်းပြီးပြီးချင်း မီဒီယာသမားတွေနဲ့ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ တွေ့ဆုံပွဲ ကလည်း ရှိနေသေးတာကြောင့် ဓာတ်ပုံရိုက်၊ မေးသင့်တာတွေ မေးမြန်းပြီး ခပ်သုတ်သုတ်လေး ထွက်လာခဲ့တယ်။ ဒဲရစ်မစ်ချယ်နဲ့ တွေ့တဲ့ပွဲရောက်တော့ နောက်တောင်ကျနေပြီ… ဘာပြောသွားလဲ အပြည့်အစုံမသိရတော့ဘူးး ဓာတ်ပုံလေးပဲ ရိုက်နိုင်လိုက်တယ်။ ပြီးမှ တခြား သတင်းထောက်တယောက်ဆီကနေ အသံဖိုင်ပြန်ပြီး (share) တောင်းယူခဲ့ရတယ်။
ဒီပွဲကနေ ပြန်လာတော့ ၃ နာရီ စွန်းစွန်းရှိနေပြီ။ ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး သွားမလို့ စဉ်းစားလိုက်ပေမယ့်လည်း မဲရုံတွေ ပိတ်ချိန်နီးလာတာကြောင့် အချိန်ကို သေချာပြန်တွက်ပြီး မသွားဘဲ နေလိုက်တယ်။ ဆန္ဒမဲလက်မှတ်တွေ ရေတွက်တာကို စောင့်ကြည့်ဖို့ ဘယ်မဲရုံသွားရမလဲ စဉ်းစားတယ်။ စောင့်ကြည့်ရေးအဖွဲ့တွေထဲက အကြံတောင်းယူတယ်။ သူတို့က လှုပ်လှုပ်ရှားရှားနဲ့ အသက်ဝင်နိုင်ဖွယ်ရှိတဲ့ မဲရုံရှိတယ်ဆိုပြီး ခေါ်သွားတယ်။ မဲရေတွက်တာသွားကြည့်တာကတော့ ကိုယ်တိုင်အပါအဝင် ၃ ယောက်စုပြီး သွားကြတာပါ။  ရုပ်သံသတင်းထောက်တယောက်ပါတယ်။
မဲရုံှရှေ့ရောက်တော့ ကော်မရှင်လူကြီးတဦးက အော်လံနဲ့အော်ဖို့ ဟန်ရေးပြင်နေတယ်။ တအောင့်အကြာမှာတော့ ‘မဲရုံပိတ်ဖို့ မိနစ်ပိုင်းသာ လိုတော့လို့ မဲမပေးရသေးရင် လာမဲပေးကြဖို့’ ဆိုပြီး အော်လိုက်တယ်။
၄ နာရီ မဲရုံပိတ်ပြီးတာနဲ့ တပြိုင်နက် မဲရုံအတွင်းက ကော်မရှင်တာဝန်ရှိသူတွေဟာ မဲရေတွက်ဖို့ များပြားလှတဲ့ လုပ်ငန်းစဉ်တွေကို လုပ်နေကြတယ်။ အလုပ်တွေ ရှုပ်နေကြတယ်။ အများစုကတော့ ဆရာမတွေပေါ့။ ဒီနေ့ ရွေးကောက်ပွဲနေ့ တနေ့လုံး ဆရာမတွေ တော်တော်ပင်ပန်းကြပါတယ်။ သူတို့မျက်နှာတွေမှာ နွမ်းနယ်နေတဲ့ အရိပ်ယောင်တွေ တွေ့နေရတယ်။ ဒါပေမယ့်လည်း မဲရေတွက်တာ အားလုံးပြီးမှ အိမ်ပြန်ကြရမှာဖြစ်ပါတယ်။ အားလုံးပြီးဖို့ဆို ည ၁၁ နာရီ၊ ၁၂ နာရီလောက်ထိ ရောက်သွားကြမှာပါ။ ကိုယ်စောင့်ကြည့်နေတဲ့ မဲရုံကတော့ ညနေ ၆ နာရီထိုးတဲ့အထိကို လည်တည်တည်ဖြစ်နေသေးတယ်။။ မဲတွေ မရေနိုင်သေးဘူး။
တနေကုန်မြို့နှံ့ပတ်ပြီး ဓာတ်ပုံရိုက်လိုက်၊ ထူးခြားသတင်းတွေ နားစွင့်ပြီး ပြေးလိုက်လုပ်ခဲ့ရ တာကြောင့် တကိုယ်လုံးဟာ ကိုင်ရိုက်ထားသလိုပဲ။ မလှုပ်နိုင်တော့ဘူး။ ဒါပေမယ့်လည်း မဲရေတွက်နေတဲ့ဆရာမတွေကို မြင်လိုက်ရတော့လည်း ကိုယ်ပင်ပန်းခဲ့တာ ဘာမှမဟုတ်သလို။
၆ နာရီခွဲ၊ ၇ နာရီလောက်မှာမှ စပြီး မဲရေတွက်နိုင်တယ်။ မဲရေတွက်တာ ကြည့်နေရင်း တဖက်ကလည်း အင်တာနက်က တက်လာတဲ့သတင်းတွေကို မျက်ခြည်မပြတ် ကြည့်နေရသေးတယ်။ တချို့နေရာတွေမှာ အဖြေတွေ ထွက်နေကြပြီ။ မန္တလေးမြို့တွင်း တချို့နေရာတွေမှာ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအဖြေတွေကို LED ဘုတ်ကြီးနဲ့ တိုက်ရိုက်လွှင့်ပေးနေတာကို ကြည့်နေတဲ့ လူအုပ်ကြီးဓာတ်ပုံတွေတွေ ဖေ့ဘုတ်ပေါ်မှာမြင်နေရပြီ။ အဲ့ဒီဘက်ကိုလည်း ပြေးပြီး ဓာတ်ပုံရိုက်ချင်စိတ်တွေ ထပ်ပေါ်လာပြန်တယ်။
ဒါနဲ့ပဲ ၇ နာရီခွဲလောက်မှာ မဲရေတွက်တဲ့ရုံထဲကနေ တိတ်တဆိတ်ပြန်ထွက်လာပြီး အဲဒီ လူအုပ်တွေ ရှိတဲ့နေရာကို ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ မန္တလေးဆောင်းဟာ အနည်းငယ်အသက်ဝင်စပြုနေပြီ။ ချမ်းချမ်းအေးအေးလေးနဲ့ နေလို့ ကောင်းနေတယ်။
ပါတီကြီး ၂ ခု ဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီပါတီကြီးတွေရဲ့ တိုင်းရုံးချုပ်ရှေ့တွေမှာ ဘာတွေများ ထူးခြားမလဲ ဖြတ်ကြည့်မိတယ်။ ပြည်ခိုင်ဖြိုးရုံးချုပ်အဆောက်အအုံကြီးဟာ သံပန်းတံခါးနဲ့ ပိတ်ထားခံရတယ်။ သူ့အရှေ့မှာလည်း လူတယောက်မှ မရှိဘူး။ အန်အယ်လ်ဒီပါတီ တိုင်းရုံးကိုရောက်တော့ လူအုပ်ကြီးပဲ၊ ဆိုင်ကယ်တွေရော၊ ကားတွေရောပြည့်ကြပ်နေတယ်။ မန္တလေးတိုင်းတခုလုံးက ရွေးကောက်ပွဲရလဒ်တွေကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ အယ်လ်အီးဒီဘုတ်ကြီး နှစ်ချပ်ထောင်ထားတယ်။ ဘုတ်ကြီးတွေအရှေ့မှာ လူအုပ်ကြီး… တဟေးဟေးနဲ့… အော်နေကြတာ… ဘောလုံးကွင်းထဲ ရောက်နေသလိုပါပဲ။
ဖွင့်ထားတဲ့ဆောင်းဘောက်က သီချင်းတွေကိုလည်း တချက်တချက်မှာ လက်ခုပ်တီးရင်း လိုက်ဆိုနေကြသေးတယ်။
ရွေးကောက်ပွဲကော်မရှင်က အတည်ပြုတဲ့ နောက်ဆုံးရလဒ် အဖြေကတော့ ဘယ်လိုထွက်မယ်ဆိုတာ မသိပေမယ့် လူအုပ်ကြီးကတော့ အရမ်းကိုတက်ကြွနေတယ်။
၁၀ နာရီထိုးခါနီးအချိန်မှာတော့ ဖုန်းမြည်လာပါတယ်….အိမ်ကနေ ‘တအားမနောက်ကျနဲ့’ ဆိုတဲ့ ရာဇသံပါတဲ့ ဖုန်းပါ။ ဒါနဲ့ပဲ ၁၀ နာရီအချိန်မှာတော့ အိမ်ကို တန်းတန်းမတ်မတ် ပြန်ခဲ့ပါတော့တယ်။ အပြန်လမ်းတလျှောက်မှာတော့ သတင်းထောက်တဦးအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရက် တနေ့တာအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေအပေါ် ကျေနပ်အားရမှု ရှိခဲ့ရဲ့လား ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်းထုတ်လာခဲ့ပါတယ်။
အေးမွန်ရာပြည့်
http://burmese.dvb.no/archives/121872

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

အင်းတော်မြို့ကစည်လုပ်ငန်း

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"