'ရွေးကောက်ပွဲအကြို တိတ်ဆိတ်သောနေ့'

(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)
အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့ နာရီပိုင်းသာလိုပါတော့တယ်။ နိုဝင် ဘာလ၈ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မှာပါ။ ရွေးကောက်ပွဲမတိုင်ခင်တရက်ကတော့ ပါတီတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်အားလုံး ရပ်နားထားရမယ့်နေ့ Silent Day (တိတ်ဆိတ်သောနေ့)ပါ။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ၈ရက်ကနေ ရွေးကောက်ပွဲမကျင်းပမီ တရက်အလိုနေ့ အထိ အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြပြီးလို့ ဒီတိတ်ဆိတ်တဲ့နေ့မှာတော့ ပါတီတွေဘက်ကရော၊ သူတို့ကို အားပေးထောက်ခံတဲ့ လူ တွေ အားလုံးပါ မဲဆွယ်စည်းရုံးရေးဆန်တဲ့ အဝတ်အစားတွေ၊ အပြုအမူတွေ မပြုလုပ်ရမယ့်နေ့။ ဒီနေ့ကို Silent day (တိတ်ဆိတ်သောနေ့)လို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးမလဲဆို တာကို မဲဆန္ဒရှင်ပြည်သူတွေ အေးချမ်းစွာ ဆုံးဖြတ်နိုင်ဖို့ တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းတဲ့နေ့လို့ အလွယ်တကူ ဆိုနိုင်ပါ တယ်။
တိတ်ဆိတ်သောနေ့ မတိုင်ခင် တရက်အလို (နိုဝင်ဘာလ ၆ရက်) နဲ့ တိတ်ဆိတ်သောနေ့ (နိုဝင်ဘာလ၇ရက်) နေ့တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို လက်လှမ်းမီသလောက် စုစည်းထားတာလေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
တကယ်တော့ မဲဆွယ်စည်းရုံးရေးကာလ နောက်ဆုံးအချိန်ထိ အသက်ဝင်ချိန်ဟာ နိုဝင်ဘာလ ၆ရက်နေ့၊ သောကြာနေ့။ ညသန်းခေါင် ၁၂နာရီအထိပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီ ၆ ရက်နေ့ တနေ့လုံး မန္တလေးမြို့မှာ စည်းရုံးရေး ဆင်း တာတွေ သိပ်မတွေ့ရတော့ဘူး။ NLD ပါတီက (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)က နိုဝင်ဘာလငါးရက်နေ့ကိုပဲနောက်ဆုံး ထားပြီး စည်းရုံးရေးဆင်းခဲ့တာဖြစ်လို့ပါပဲ။ ၆ရက်နေ့မှာ စည်းရုံးရေးမဆင်းတော့ဘဲ တခြားပါတီတချို့လောက်သာ ဆင်း တော့တာဖြစ်လို့ အရင်ရက်တွေကလောက် မြို့ဟာ စည်ကားမှု သိပ်မရှိတော့ပါဘူး။ အရင်ရက်တွေကတော့ လမ်းတွေမှာ စည်းရုံးရေးဆင်းပြီဆိုရင် ပါတီကြီးတွေ အချင်းချင်းဆုံကြတာတွေ ရှိတတ်ပေမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ မန္တလေး မြို့ဟာ အနည်းငယ်ငြိမ်သက်စပြုနေခဲ့ပါတယ်။
ကား ၁၀စီးမှာ ၆ စီးလောက် က NLD စတစ်ကာတွေ ရဲရဲနီအောင်ကပ်ထားခဲ့ကြတာတွေလည်း တိတ်ဆိတ်သောနေ့မှာ အားလုံးပြန်ခွာပြီးပါပြီ။ သူတို့စတစ်ကာ မခွာမိတဲ့ ချို့ယွင်းချက်ကို ရမယ်ရှာပြီး မဲရလဒ်ကို ပြဿနာလုပ်မှာ စိုးရွံ့နေပုံရပါ တယ်။
၆ရက်နေ့ ညနေပိုင်းလောက်ကနေ ညဦး အစောပိုင်းအချိန်လေးတွေလောက်အထိကိုတော့ NLD ပါတီနဲ့ USDP ပြည်ခိုင်ဖြိုး ပါတီတို့က LED ဘုတ်ကြီးတွေနဲ့ သူတို့ပါတီ ခေါင်းဆောင်တွေရဲ့လုပ်ဆောင်မှုတွေကို စုစည်းဖော်ပြကြတယ်။ NLD ပါတီရဲ့ LED ဘုတ်ကြီးရှေ့မှာတော့ လူနည်းနည်းက စုစု စုစုနဲ့ရပ်ကြည့်နေကြတယ်။
နောက်ဆုံး စည်းရုံးရေးဆင်းတဲ့နေ့(နိုဝင်ဘာလ၆ရက်)ရဲ့ ညနေပိုင်း၈ နာရီဝန်းကျင်လောက်မှာတော့ မန္တလေးမြို့တမြို့လုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့ ကောလာဟလသတင်းတပုဒ် ထွက်ပေါ်လာပါတယ်။ မြို့ရဲ့အထင်ကရ ‘မဟာမုနိရုပ်ရှင်တော်’ ရဲ့မျက်လုံးတော်ကနေ မျက်ရည်တွေ ကျနေပြီ၊ ယတြာချေတဲ့အနေနဲ့ အိမ်တွေမှာ ဖယောင်းတိုင်ထွန်းကြရမယ်ဆိုတဲ့ သတင်းပါပဲ။ ဘယ်က ဘယ်လို စလိုက်တာလည်း မသိပေမယ့် ဖေ့ဘုတ် လူမှုကွန်ရက်မှာ ချက်ချင်းဆိုသလိုပဲ တောမီးလို ပြန့်သွားတာတွေကြောင့် မြို့ခံတွေဆီကို တခြားမြို့တွေကပါ ဖုန်းဆက်မေးလာကြတာ။ မြို့ခံတွေ အလုပ်ရှုပ်သွားကြတယ်။ ဒါကတော့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့အတွက် မန္တလေးမြို့ရဲ့ ရွေးကောက်ပွဲ အမှတ်တရတခုပါပဲ။
Silent day နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ မန္တလေးမြို့ကြီးရဲ့လမ်းတွေဟာ တော်တော်ကို ခြောက်ကပ်နေတယ်။ ပြောရမယ်ဆိုရင် Silent day (တိတ်ဆိတ်တဲ့နေ့) မတိုင်ခင် တရက်အလိုကလည်း မန္တလေးမြို့မှာ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ်ပါပဲ။ ဒီကောလာဟလတခုကြောင့်သာ မြို့ဟာ အနည်းအကျဉ်း လှုပ်ခတ်သွားခဲ့တာပါ။
Silent day နေ့မှာတော့ မန္တလေးမြို့ကြီးဟာ အနည်းငယ်ခြောက်ကပ်တိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်နေတယ်ဆိုပေ မယ့်လည်း လူတွေရဲ့မျက်နှာတွေကတော့ တက်ကြွနေတယ်။ silent day ဆိုပြီး သတ်မှတ်ထားလို့သာ ထိန်းချုပ်နေကြရ ပေမယ့် တက်ကြွမှုတွေဟာ မျက်နှာတွေမှာ အထင်းသားပေါ်နေတယ်။
ဒီ Silent day မှာ တကယ်တမ်း ခြေချင်းလိမ်ပြီး အလုပ်ရှုပ်နေကြရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ သူတို့ကတော့ ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ မဲရုံစောင့်ဖို့တာဝန်ရှိသူတွေ၊ ဒေသခံ မဲပေးမယ့်သူတွေနဲ့ စောင့် ကြည့်မယ့် အဖွဲ့အစည်းတွေပါ။
နိုင်ငံရေးပါတီတွေက ပါတီဝင်ဆိုရင်လည်း ကြိုတင်မဲပေးတဲ့ကိစ္စတွေတို့၊ ရွေးကောက်ပွဲနေ့မှာ ဘယ်လိုဘယ်ပုံဘယ်နည်း လုပ်ဆောင်ကြဖို့တွေအတွက် အလုပ်တွေရှုပ်နေကြပါတယ်။ ဒေသခံမဲပေးသူတွေဆိုရင်လည်း မဲပေးရမယ့်နေ့မှ စောင့်ရမှာ ကြောင့် ကြိုတင်မဲပဲ ပေးရမလား၊ ရွေးကောက်ပွဲနေ့မှပဲ ပေးရမလားဆိုတဲ့ ဝေခွဲမရမှုတွေနဲ့အတူ အလုပ်ရှုပ်နေကြပြန်တယ်။ တချို့ကလည်း မန္တလေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ပြန်လည် ဖြန့်ဝေပေးနေတဲ့ ဖေ့ဘုတ်ဂရုတွေထဲကနေ ဘယ်နေရာမှာ တော့ ဘယ်လိုထူးခြားနေပြီ၊ မဲတွေပိုနေပြီ၊ ကြိုတင်မဲတွေအများကြီး လာပေးသွားပြီ…ဘယ်နိုင်ငံခြားသားတွေကတော့ ဘယ်လိုတွေအားပေးနေပြီ…အစရှိသဖြင့် အချင်းချင်း အချက်အလက်တွေ ဖြန့်ဝေပေးနေကြတယ်။
ရွေးကောက်ပွဲစောင့်ကြည့်မယ့်အဖွဲ့တွေကတော့ ပုံစံမျိုးစုံနဲ့ပါပဲ။ မီဒီယာသမားတွေ၊ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲအတွက် စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့တွေ အားလုံးပါဝင်ပါတယ်။ စောင့်ကြည့်မယ့်သူတွေဟာ များသော အားဖြင့် အဖွဲ့လိုက်ဖြစ်ပေမယ့် တချို့ကလည်း မိတ်ဆွေအပေါင်းအသင်းတွေစုပြီး အဖွဲ့လိုက် မဲရုံတွေကို လိုက်ကြည့်မယ့် သူတွေလည်းပါပါတယ်။ မန္တလေးမြို့မှာတော့ လေ့လာစောင့်ကြည့်ကြမယ့် အဖွဲ့တွေက ပြည်တွင်းက များပေမယ့် ပြည်ပက နေလာရောက်ပြီး စောင့်ကြည့်ကြမယ့် သတင်းဌာနကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ သံရုံးတွေက လူပုဂ္ဂိုလ်တွေ ပါ ပါဝင်ပါတယ်။
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကိုယ်တိုင်တောင် ရွေးကောက်ပွဲနေ့ တနေကုန် မန္တလေး မြို့မှာလာထိုင်ပြီး စောင့် ကြည့်မယ့်သူတွေထဲ ပါသေးတယ်။ သူတို့…သူတို့တွေအားလုံးဟာ ရွေးကောက်ပွဲမတိုင်ခင် သုံးလေးရက်လောက်ကတည်းက ကြိုရောက်နေနှင့်ကြတာဖြစ်ပါ တယ်။ ရွေးကောက်ပွဲနေ့ မတိုင်ခင် Silent day (တိတ်ဆိတ်တဲ့နေ့)မှာ တိတ်တိတ်ဆိတ်ဆိတ် မနေနိုင်ဘဲ မြန်မာပြည်သူ တွေနဲ့အတူ လိုက်ပါစီးမျောရင်း အလုပ်ရှုပ်နေကြပါတယ်။
မဲပေးရမယ့်သူတွေ ဘယ်လိုအခက်ကြုံနေရလဲ၊ ဘယ်မဲရုံတွေမှာ ဘယ်လို မဲမသမာမှုတွေဖြစ်နေတယ်ဆိုတာတွေကိုတော့ အထက်မှာတင်ပြခဲ့တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေက Silent Day မှာ အဓိက လုပ်နေကြပါတယ်။
Silent Day နေ့မှာ တပ်တွင်း မဲရုံအခြေအနေတွေ သိဖို့ဆိုပြီး မန္တလေးနန်းတွင်းထဲကို ဝင်ဖို့စီစဉ်ကြတဲ့ မီဒီယာသမားတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကို ဝင်ခွင့်မပေးတဲ့အသံတွေလည်း ထွက်လာပေမယ့် နောက်ပိုင်းမှာ အဆင်ပြေသွားကြတယ်။
ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်မယ့်သူတွေနဲ့ရော ၊ မီဒီယာသမားတွေနဲ့ရော အနီးကပ်ပေါင်းသင်း ဆက်ဆံနေတဲ့သူဆိုရင် တော့ ဘယ်မဲရုံမှာတော့ မဲပိုတွေဘ ယ်လောက်များများတက်သွားပြီ၊ ကြိုတင်မဲတွေ အုပ်လိုက်ကြီးလာပေးသွားလို့၊ မဲပေးပြီး ကြောင်း အထောက်အထားအဖြစ် တို့ပေးတဲ့မင်က အလွယ်တကူဖျက်လို့ရအောင်လုပ်ထားပြီး မဲတွေထပ်ကာထပ်ကာ လာ ပေးဖို့ စီစဉ်နေကြပြီတို့….စသဖြင့်.စသဖြင့်…အစုံအစုံပဲ…ကြားကြရမှာပါ။
မန္တလေးမြို့တွင်းမှာ silent day (တိတ်ဆိတ်တဲ့နေ့)ရဲ့ ညနေသုံးနာရီအထိ ဖြစ်ပျက်ခဲ့သမျှကို ကောက်နှုတ်ဖော်ပြခဲ့တာ ပဲဖြစ်ပါတယ်။ silent day အလွန် ရွေးကောက်ပွဲနေ့ ကျရင်တော့ မြို့ခံတွေရဲ့ စိတ်လှုပ်ရှားမှုတွေ၊ မဲထည့်ရာမှာ အဆင် ပြေမှု မပြေမှုတွေဟာ ဘယ်လို ထွက်ပေါ်လာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပဲဖြစ်ပါတယ်။
အေးမွန်ရာပြည့်
http://burma.irrawaddy.org/election/feature/%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%A1%E1%82%80%E1%80%80%E1%80%AD%E1%80%B3-%E1%80%90%E1%80%AD%E1%80%90%E1%80%B9%E1%80%86

Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

အင်းတော်မြို့ကစည်လုပ်ငန်း