သုံးလွှာက ရန်ကုန် ချစ်တီးထမင်းဆိုင်
ခန်းလုံးပြည့် အပြာရောင်ဆေးသုတ်ထားတဲ့ ထမင်းဆိုင်ခန်း ကျဉ်းကျဉ်းလေး။ ရွှေလာငွေလာ ဂမုန်းနွယ်ပင် အနွယ်အခက်ကလေးတွေက ဆိုင်ရဲ့မျက်နှာကျက်ပေါ်မှာ တွန့်တွန့်ခွေခွေကလေးတွေ။ ဟိန္ဒူဘုရားရုပ်တုတွေပြည့်နေတဲ့ ဘုရားစင်လေးပေါ်မှာလည်း ပန်းတွေ၊ ဆွမ်းတွေ သေချာ ကပ်လှူထားတယ်။
‘ဘာနဲ့စားမလဲ’ ဆိုတဲ့အသံကြောင့် မြင်ကွင်းဟာ ဘုရားစင်ဆီကနေ ချက်ချင်းပြောင်းသွားရတယ်။ စွပ်ကျယ်ဆန်ဆန်အင်္ကျီ၊ အိန္ဒိယ ပုဆိုးကွက်ကျဲကျဲကို တွဲဖက်ဝတ်ထားတဲ့ နှုတ်ခမ်းမွှေးဖြူဖြူနဲ့ အိန္ဒိယမျိုးနွယ် အမျိုးသားကြီးတဦးက လှမ်းမေးတယ်။ ‘ဘာဟင်းတွေရလဲလို့’ ပြန်မေးလိုက်တော့ ‘ဘာဟင်းနဲ့စားချင်လဲ၊ အစုံရတယ်’ လို့ မဆိုင်းမတွ ချက်ချင်းပြန်မေးပြန်တယ်။
အခုရောက်နေတဲ့ နေရာက ချစ်တီးထမင်းဆိုင်လေး တဆိုင်ထဲမှာပါ။ ဒါပေမယ့် တခြားသာမာန် ချစ်တီးထမင်းဆိုင်တော့ မဟုတ်ပါဘူး။ သုံးလွှာ(ဒုတိယထပ်)က တိုက်ခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်းငါးဆယ်နီးပါးကြာ တစိုက်မတ်မတ်ရောင်းချခဲ့တဲ့ ချစ်တီးထမင်းဆိုင်လေးတဆိုင်ပါ။ ဆိုင်လိပ်စာကတော့ ရန်ကုန်မြို့လယ် ဆူးလေဘုရားနဲ့ နီးနီးလေးပါ။ ၂၉လမ်း(အောက်)ဘလောက်၊ မဂို အစ္စလာမ်ခန်းမရဲ့ အနောက်ဘက်မျက်နှာချင်းဆိုင်မှာ ၁၉၃၀ လို့ ရေးထိုးထားတဲ့ တိုက်ကြီးတတိုက်ရှိတယ်။ ဒီတိုက်ရဲ့ ဒုတိယထပ်(သုံးလွှာမြောက်)မှာ ဖွင့်ထားတာပါ။
ထမင်းဆိုင်ဖွင့်ထားတဲ့ တိုက်ခန်းအောက်ခြေကိုရောက်ရင် အပေါ်ကို မတက်သေးဘဲ အောက်ကနေ တချက်လောက်မော့ကြည့်လိုက်ပါ။ တံခါးရွက်တွေရော၊ အခန်းတခုလုံးကိုပါ ဆေးအပြာရောင်သုတ်ထားတဲ့ အထပ်ကိုလှမ်းတွေ့ရပါလိမ့်မယ်။ ဒါဟာ မြင့်မိသားစု ချစ်တီးထမင်းဆိုင်ပါပဲ။ ဆိုင်လေးကိုရောက်ဖို့လှေကားသုံးဆယ့်ခြောက်ဆင့်တက်ရတယ်။ လှေကားတဝက်လောက်မှာတင် ချစ်တီးဟင်းရနံ့တွေရပြီး မွှေးနေတယ်။ လှေကားထစ်နှစ်ဆယ်ကျော်လောက်မှာတော့ အိန္ဒိယလေသံဝဲ၀ဲနဲ့ စကားပြောနေတဲ့အသံတွေ သဲ့သဲ့ကြားနေရပြီ။ ဒီလိုအမြင့်ကိုတက်ပြီးစားရတဲ့ထမင်းဆိုင်ဖြစ်လို့ ‘မြင့်’ဆိုပြီးများ ခေါ်ခဲ့သလား မသိ။ တကယ်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူးတဲ့။
‘မြင့်မိသားစု’ ချစ်တီးထမင်းဆိုင်လို့အမည်ပေးရတဲ့အကြောင်းက သီးသန့်ရှိပါတယ်။ ထမင်းဆိုင် စထူထောင်ခဲ့တဲ့ အမျိုးသားရော၊ အမျိုးသမီးနာမည်မှာပါ ‘မြင့်’ဆိုတဲ့ စာလုံးပါတာကြောင့် ‘မြင့်မိသားစု’ ချစ်တီးထမင်းဆိုင်ဆိုပြီး ဖြစ်လာရတာပါ။ ဒါပေမယ့် အများစုကတော့ ‘သုံးလွှာ ချစ်တီးထမင်းဆိုင်’ဆိုပြီးပဲ အသိများတယ်။ လှေကားထစ်တွေ အားလုံးကိုကျော်ဖြတ်ပြီးပြီဆိုရင်တော့ ထမင်းဆိုင်ဖွင့်ထားတဲ့ အခန်းရှေ့ရောက်ပါပြီ။ အခန်းဝမှာ လေတပ်မတော်က တပ်ကြပ်ကြီးလှမြင့်ရဲ့ အခန်းဆိုပြီး ညွှန်းထားတဲ့ စာတွေ့ရမယ်။ အိန္ဒိယရိုးရာ အရွက်ခြောက်တွေကို သီထားပြီး အိန္ဒိယစာတွေရေးထားတယ်။ ဒီကနေမှတဆင့် အထဲကို လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ အပြာရောင်တွေလွှမ်းနေတဲ့ ထမင်းဆိုင်ကလေးပေါ့။
ဒီဆိုင်လေးကို အစပြုခဲ့တာကတော့ ၁၉၆၆ ခုနှစ်လောက်ကပါ။ လက်ရှိ ဆိုင်ရှင်အမျိုးသမီးရဲ့အမေဖွင့်ခဲ့တဲ့ ဆိုင်ပါ။ ဆိုင်ရှင်ရဲ့အဖေဟာ လေတပ်မှာ တာဝန်ထမ်းဆောင်စဉ်တုန်းက သူ့သူငယ်ချင်းတွေဟာ အော်ဒါမှာပြီး လာစားကြရာကတဆင့် တဖြည်းဖြည်း မိတ်(ဈေးဝယ်)များလာပြီး ခုလို ဆိုင်နဲ့ကန္နားနဲ့ဖြစ်ခဲ့ရတာလို့ ဆိုင်ရှင်ဒေါ်ခင်စန်းမြင့်က ပြောပါတယ်။ “ဆိုင်အနေနဲ့ စဖွင့်ဖြစ်ခဲ့တာကတော့ ၁၉၇၂ မှာပါ။ ပထမကတော့ အဘိုးသူငယ်ချင်း မိတ်တွေနဲ့ အဘွားမိတ်ဆွေတွေ အဓိက လာစားကြတယ်။ တဖြေးဖြေးနဲ့ နောက်ပိုင်းမှာ လမ်းထဲက လူတွေကပါ ချိုင့်ဆွဲတွေ ယူလာကြတယ်။ လက်ရှိအချိန်မှာဆိုရင် အဘိုးနဲ့အဘွားတို့မိတ်ဆွေတွေရဲ့ မြေးမြစ်ဆွေမျိုးတွေ လာစားကြတယ်။ မဂိုလမ်းတောက်လျှောက်က ရွှေလောက၊ ဒေါ်လာလောကက လူတွေ အများစု လာစားကြတယ်။ နိုင်ငံခြားသားတွေလည်း အများကြီး လာစားကြတယ်”တဲ့။
ထမင်းစားဖို့ဆိုင်ထဲမှာထိုင်လိုက်ပြီဆိုတာနဲ့ ဖက်နဲ့ စားမလား၊ ပန်းကန်နဲ့ စားမလားမေးတယ်။ ဘာနဲ့စားရမလဲ စဉ်းစားနေရင်တော့ ဖက်နဲ့ပဲစားပါလို့ သူတို့တွေက တိုက်တွန်းကြလိမ့်မယ်။ ပန်းကန်နဲ့က အမြဲစားနေရတာ၊ ရိုးရာအစားအစာဆိုတာ လက်နဲ့စားရတယ် ဆိုပြီး ဖက်ရွက်ကြီး ချပေးတယ်။ စားပွဲပေါ်မှာတော့ သံပရာချဉ်ထည့်ထားတဲ့ ပလပ်စတစ်ဗူးရယ်၊ ဆားနဲ့ငရုတ်သီးအတောင့်ကြော်ထည့်ထားတဲ့ စတီးပန်းကန်ပြားအသေးလေးရယ်၊ တစ်ရှုးဗူးရယ် တင်ထားတဲ့ စားပွဲငါးလုံး ရှိတယ်။ ထမင်းဆိုင်တဆိုင်လုံးဆိုရင် စုစုပေါင်းလူ ၃၂ ဦး ဆံ့တယ်။ နေ့လည် ၁၁ နာရီကနေ ၁ နာရီအထိ အချိန်တွေကတော့ မြင့်မိသားစုအတွက် အလုပ်ရှုပ်ဆုံးအချိန်တွေပါပဲ။ တခါတခါ လူအရမ်းကျပ် ပြည့်နေပြီဆိုရင်တော့ ထိုင်ခုံမရလို့ တိုက်ခန်းလှေကားထစ်တွေမှာ စောင့်နေရတတ်တယ်။
အထပ်မြင့်မှာ ထမင်းဆိုင်ဖွင့်လာခဲ့တာဖြစ်လို့ရော ၊ ဖက်ရွက်နဲ့ကျွေးလို့ပါ နိုင်ငံခြားသားတွေက သဘောကျကြတယ်။ ပြီးရင် သူတို့ဆိုင်ကဟင်းတွေဟာ အသားညှီနံ့၊ မဆလာနံ့ကင်းလို့ ပါ။ စားသုံးသူတွေနောက်ထပ်သဘောကျတဲ့အချက်ကတော့ သူတို့ဆိုင်ဟာ ဈေးသင့်တင့်လို့ပါတဲ့။ ထမင်းအဝစားမှ ကျပ် ၂၀၀၀ ပါ။ မြန်မာပြည်ကို လာလည်မယ့် နိုင်ငံခြားသားတွေ အချင်းချင်းလည်း ဒီထမင်းဆိုင်ကို ညွှန်းကြတယ်။ စားသုံးသူဖောက်သည်တွေနဲ့ အဆက်မပြတ်စေဖို့ ဖေ့ဘုတ်ပေ့ချ်ကိုလည်း Myint Family Indian Restaurant ဆိုပြီး လုပ်ထားတယ်။
ပုံမှန်အရဆိုရင် မြင့်ထမင်းဆိုင်ဟာ နေ့လည်စာအတွက် သီးသန့်ပဲရောင်းတယ်။ မနက်ဆယ်နာရီကနေ အလွန်ဆုံး ညနေသုံးနာရီထိပဲ။ ညစာစားချင်ရင်တော့ အော်ဒါမှာ ထားရတယ်။ တယောက်ချင်း၊ နှစ်ယောက်ချင်းကစပြီး အဖွဲ့လိုက်၊ မိသားစုလိုက် အော်ဒါမှာထားရင် ရတယ်။ ညစာအတွက် အော်ဒါမှာရမယ့်အချိန်ကတော့ နေ့လည် ၁၁ နာရီက ၁ နာရီအထိပါ။
ဆိုင်မှာ ဟင်းတော်တော်ကို စုံစုံလင်လင်ရတယ်။ အမဲသားနဲ့ ဝက်သားကလွဲလို့ ဟင်းမျိုးစုံရတယ်။ ကြက်သားမှာမှ ကြက်ကြော်၊ ကြက်ချက်၊ ကြက်မြစ်ကြက်သည်း၊ ကြက်ဥ၊ ဆိတ်သား၊ဆိတ်ဦးနှောက်၊ ဆိတ်ဖိုက်တင်၊ ဆိတ်ရင်ရိုး ကုလားပဲ၊ ဆိတ်ကလီစာ၊ ငါး ရံ့၊ ငါးခူ၊ ကကတစ်ငါး၊ ငါးရံ့ခေါင်းဟင်း စသဖြင့် အစုံပါပဲ။
အားလုံးထဲမှာ ငါးရံ့ခေါင်းဟင်းနဲ့ ဆိတ်ဦးဏှောက်ဟင်းတွေကတော့ မြင့်ချစ်တီးထမင်းဆိုင်ရဲ့ စပါယ်ရှယ်ဟင်းတွေပါပဲတဲ့။ ဒီဟင်းတွေကတော့ ကျန်တဲ့ဟင်းတွေထက် ဈေးပိုတယ်။ ဆိတ်ဦးဏှောက်နဲ့က ၂၅၀၀ ကျပ်၊ ငါးရံ့ခေါင်းကတော့ အကြီးအသေးပေါ်မူတည်ပြီး ဈေးကွာသေးတယ်။ ခေါင်းအကြီးဆုံးကတော့ ၄၅၀၀ ကျပ်။ ဒီဟင်းတွေကို နေ့လည် ၁ နာရီကျော်ရင် မမေးနဲ့တော့ မရတော့ပါဘူး။
နှစ်ငါးဆယ်ကျော်ကြာ ဆက်တိုက်ဖွင့်လှစ်ရလောက်အောင် ထိန်းထားတဲ့ ‘မြင့်မိသားစု’ရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ စဖွင့်ကတည်းက ဟင်းတွေရဲ့ မူလက်ရာအရသာကို မပျက်အောင် ထိန်းထားနိုင်တာပါပဲတဲ့။ ဟင်းတွေထဲ ထည့်မယ့် မဆလာဆိုရင် သူတို့ကိုယ်တိုင်ကျိတ်ရမှ အားရကြတယ်။ ဆိုင်ရဲ့အပြင်အဆင်နဲ့ သုံးတဲ့ပန်းကန် ခွက်ယောက်ပစ္စည်းတွေကိုတော့ ခေတ်နဲ့ညီအောင်ပဲ လုပ်ထားတယ်။ စားသောက်တဲ့ ပန်းကန်ခွက်ယောက်တွေ အကုန်လုံးကို စတီးပစ္စည်းတွေပဲ သုံးတယ်။ ဒါကတော့ အိန္ဒိယတောင်ပိုင်း ရိုးရာစတိုင်ပါတဲ့။
သင်္ကြန်ပိတ်ရက် ငါးရက်ရယ် ဒီပဝါလီရက်နေ့တွေရယ်ကလွဲလို့ မြင့်ထမင်းဆိုင်ဟာ ပိတ်ရက် လုံးဝမရှိပါဘူး။ အလှူမင်္ဂလာဆောင်တွေအတွက်လည်း အယောက်တရာနှစ်ရာ အော်ဒါမှာရင် ရတယ်။ တနှစ်လုံးမှာ ဒီလိုနားရက်လေး လေး၊ငါးရက်လောက်သာရှိပြီး နေ့စဉ်ဆိုင်မှာရောင်းဖို့ရော၊ အော်ဒါအတွက်ပါ ချက်ပြုတ်ပေးနေပါတယ်။ တကယ်လို့ စာဖတ်သူတွေအနေနဲ့ နေ့လယ်စာထမင်းစားချိန်မှာ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားနားရောက်နေပြီဆိုရင်ဖြင့် မြင့်ချစ်တီးထမင်းဆိုင်ကို ဝင်ရောက်ပြီး လွန်ခဲ့တဲ့နှစ်ငါးဆယ်က ချစ်တီးထမင်းဟင်းလက်ရာတွေကို ကိုယ်တိုင်မြည်းစမ်းကြည့်ကြဖို့ အကြံပြုလိုက်ပါရစေ။
အေးမွန်ရာပြည့်
http://burma.irrawaddy.com/lifestyle/2016/02/12/107333.html
Comments
Post a Comment