ကမ်းသာ(ခေါ်)ကသာမြို့ဆိပ်ကမ်း

အလောင်းစည်သူမင်းဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် တိုင်းခန်းလှည့်လည်ရင်း သာယာတဲ့ကမ်းတနေရာလေးကိုရောက်တော့ ကမ်းသာလို့အမည်ပေးခဲ့တာကစပြီး တဖြေးဖြေးနဲ့ ကသာဆိုတဲ့ဆိပ်ကမ်းမြို့လေးဖြစ်လာခဲ့တာလို့ မြို့ခံတွေက သိထားကြတယ်။ ကသာဆိပ်ကမ်းဟာ ကိုလိုနီခေတ်မှာသမိုင်းဝင်နေရာတခုအဖြစ်ပါခဲ့တယ်။

၁၉၄၂ခုနှစ်လောက်မှာ မြန်မာပြည်ကိုဂျပန်တွေစီးမိတော့ ကသာမှာတပ်ဆွဲထားတဲ့ အင်္ဂလိပ်တပ်တွေဟာ အိန္ဒိယပြည်ထဲပြေးကြရတယ်။ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်သဘောကုမ္ပဏီပိုင်တဲ့သင်္ဘောတွေက ကသာဆိပ်ကမ်းမှာအများကြီးပဲ။ Irrawaddy Flotilla Company ပိုင် အကောင်းဆုံးမီးသင်္ဘောကြီးတွေဟာ မြစ်ကမ်းတလျှောက် နှစ်မြုပ်ခံထားရတာ သင်္ဘောနဲ့ ဘေးကုန်တင်တွဲတွေအပါအဝင် အစီး(၂၀၀)လောက်ထိရှိခဲ့တယ်လို့ဆိုကြတယ်။

ဒီသင်္ဘောတွေကို စနစ်တကျမှတ်သားဖောက်ခွဲပြီး မြစ်ထဲနစ်မြုပ်ပစ်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ မြေပုံတွေနဲ့ပြန်လာဖော်ကြတယ်။ ဒီအချက်တွေကြောင့်ကသာဆိပ်ကမ်းဟာ သင်္ဘောသင်္ချိုင်းလို့လည်း နာမည်ကြီးတယ်။ 
အခုချိန်မှာတော့ ကသာမြို့နဲ့အနီးတဝိုက်ကမြို့တွေနဲ့ ကုန်သွယ်ရေးအတွက် အားထားရတဲ့ဆိပ်ကမ်းတခုပေါ့။ 

ကသာကနေ ဗန်းမော်၊ ရွှေကူ၊ ထီးချိုင့်၊ တကောင်း၊ ကျောက်မြောင်းနဲ့ မန္တလေးတို့ကို ရေကြောင်းကနေ သွားနိုင်တယ်။ ကသာဆိပ်ကမ်းမှာတော့ ဆိုင်းထမ်းလေးတွေနဲ့ စားစရာရောင်းတဲ့ဈေးသည်လေးတွေ၊ တုတ်တုတ်လို့ခေါ်တဲ့သုံးဘီးဆိုင်ကယ်တွေ အများကြီးကိုတွေ့ရမယ်။ 

ကမ်းနားလမ်းတလျှောက်မှာလည်း ရပ်ဝေးရပ်နီးက လာကြသူတွေအတွက် တည်းခိုခန်းတွေအများကြီးကိုတွေ့ရပါတယ်။
- အေးမွန်ရာပြည့် -












Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"