'ကမ္ဘာကျော်ဝတ္ထုထဲက မြန်မာမြို့ကလေး'

စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေပေမယ့် လူတွေက မျက်စိလျှမ်းနေတဲ့မြို့ကလေးတမြို့ ရှိနေပါ တယ်။ ကိုလိုနီခေတ်ကာလအချိန်တွေတုန်းက အင်္ဂလိပ်စစ်တပ်၊ ဂျပန်စစ်တပ်တွေ ခြေချင်းယှက်လှုပ်ရှားခဲ့တာကြောင့် အခုချိန်ထိ ဒီမြို့လေးထဲမှာ ကိုလိုနီခေတ်လက်ရာ အကြွင်းကျန် အဆောက်အဦတွေများစွာ ကျန်နေသေးတယ်။
ဒီကိုလိုနီအဆောက်အဦတွေဟာ အင်္ဂလိပ်တွေအများကြီး နေထိုင်ကျက်စားခဲ့ကြတဲ့ မေမြို့၊ ကလောမြို့တို့က အဆောက် အဦပုံစံတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့၊ ကလောတို့က အဆောက်အဦတွေထက် သာလွန်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ စာရေးဆရာကြီး ဂျော့ချ်အိုဝဲလ်ရဲ့ကမ္ဘာကျော် ဝတ္ထုတအုပ်ဖြစ်တဲ့ မြန်မာပြည်နေ့ရက်များ (Burmese Days) ဆိုတဲ့ စာအုပ်ထဲက ဇာတ်ဝင်ခန်းနေအိမ်တွေ ဖြစ်နေလို့ပါ။
ဒီလောက်ဆိုရင်တော့ ဂျော့အိုဝဲလ်နဲ့ မြန်မာပြည်နေ့ရက်များရဲ့ စာဖတ်ပရိသတ်တွေ ရိပ်စားမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ကသာမြို့လေးပါ။
စာရေးဆရာကြီးဂျော့အိုဝဲလ်ဟာ ၂၀ရာစုအတွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ စာရေးဆရာတယောက်ဖြစ်ပါတယ်။ သူဟာ ဗြိတိ သျှ ပုလိပ်အရာရှိအဖြစ် ကသာမြို့မှာ နေထိုင်နေစဉ်အတွင်းမှာပဲ နယ်ချဲ့စနစ်ကို စက်ဆုပ်ပြီး ကိုလိုနီစနစ်ကို ဝေဖန် သ ရော်ပြီး မြန်မာပြည်နေ့ရက်များ စာအုပ်ကို ရေးခဲ့ပါတယ်။ ဒါပေမယ့် ဝတ္ထုထဲက မြို့ကလေးနာမည်ကိုတော့ ကျောက်တံ တားမြို့လေးအဖြစ်နဲ့  အမည်လွှဲပြောင်း ရေးသားတင်ဆက်ခဲ့ပါတယ်။
မြန်မာပရိသတ်က ဒီဝတ္ထုထဲက ဇာတ်ဝင်ခန်းနေရာတွေကို စိတ်ဝင်စားမှု နည်းတယ်။ ကသာမြို့ကို လာတဲ့ နိုင်ငံခြားသား ဧည့်သည်အများစုကတော့ ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတွေထဲက အိမ်တွေ၊ အဆောက်အဦတွေ၊ လမ်းတွေကို မြေပြင် မှာ လက်တွေ့ကြည့်ဖို့ စိတ်ဝင်တစားလာကြသူတွေပါ။
ကသာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက ခရိုင်မြို့လေးတမြို့ဖြစ်ပြီး ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာ တည်ရှိ ပါတယ်။ ကသာမြို့ကို ကားလမ်း၊ ရထားလမ်းနဲ့ ရေကြောင်းလမ်းတွေနဲ့ အရောက်သွားနိုင်ပါတယ်။ ကားလမ်းနဲ့ ရေ ကြောင်းလမ်းတွေကတော့ ကသာမြို့ကို တိုက်ရိုက်ရောက်နိုင်မှာဖြစ်ပါတယ်။ ရထားနဲ့သွားမယ်ဆိုရင်တော့ မန္တလေး-မြစ် ကြီးနား ရထားလမ်းပိုင်းမှာ နဘားဘူတာကနေမှ တဆင့် ကသာကို လမ်းခွဲပြီး ထပ်သွားကြရမှာပါ။ ကသာမြို့ဟာ ရထား လမ်းဆုံးမြို့လေးဖြစ်လို့ ကသာကို တောက်လျှောက်ရထားလမ်း မရှိပါဘူး။
ကသာမြို့တွင်းမှာ လေ့လာစရာ၊ လည်ပတ်စရာနေရာတွေ အများကြီးပဲ။ ဝတ္ထုဇာတ်အိမ်ထဲက အဆောက်အဦတွေကို လေ့လာဖို့၊ သင်္ဘောသင်္ချိုင်းလို့ ကျော်ကြားတဲ့ ကသာဆိပ်ကမ်းကို လေ့လာဖို့နဲ့ ကသာမြို့ဈေးထဲ သွားပြီး စားစရာတွေ ပတ်စားဖို့ ဆိုပြီး အစီအစဉ် ၃ခု ခွဲလိုက်ပါမယ်။
ပထမအစီအစဉ်ဖြစ်တဲ့ ကသာမြို့က ရှေးကျတဲ့ အဆောက်အဦကြီးတွေကို လေ့လာကြည့်ရအောင်ပါ။ ကသာမြို့မှာ အကောင်းပကတိအတိုင်း ကျန်နေသေးတဲ့ ရှေးအဆောက်အဦတွေ တဒါဇင်နီးပါးမက ကျန်နေပါသေးတယ်။ ဒီထဲမှာမှ နိုင်ငံခြားသားတွေ အထူးစိတ်ဝင်စားပြီး နာမည်ကျော်ကြားတဲ့အဆောက်အဦတချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) အိမ်နီကြီး

ကသာမြို့မှာ အိမ်နီကြီးလို့နာမည်ကြီးတဲ့အိမ်ကြီးကတော့ ၁၈၉၀ခုနှစ်က ဆောက်တဲ့ အင်္ဂလိပ်ခေတ်က အရေးပိုင်နေတဲ့ အိမ်ကြီးပါ။ လက်ရှိအချိန်မှာတော့ အထွေထွေအုပ်ချုပ်ရေးလက်အောက်မှာ ရှိနေပါတယ်။ ထိန်းသိမ်းထားတာကတော့ ကသာမြို့မိမြို့ဖတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ katha Heritage trust ဆိုတဲ့ အဖွဲ့အစည်းပါ။ နောက်ပိုင်းမှာ ဒီအဆောက် အဦကို ပြတိုက်တခုလိုမျိုးအထိ ပြနိုင်ဖို့ စီစဉ်နေပါတယ်။ ဒီအိမ်ကို  ဂျော့အိုဝဲလ် နေခဲ့တဲ့အိမ်ဆိုပြီး ကမ္ဘာ့မီဒီယာ စာမျက် နှာတွေပေါ်မှာ၂၀၁၃ခုနှစ်အထိ မှားယွင်းဖော်ပြခဲ့ပါတယ်။ ၂၀၁၄ခုနှစ်အတွင်းမှသာ ဂျော့အိုဝဲလ်အိမ်မဟုတ်ကြောင်း ပြန် လည် ဖော်ထုတ်နိုင်ခဲ့တာပါ။
ဒီအိမ်ကြီးထဲကိုဝင်ဖို့ဆိုရင် Katha Heritage Trust က တယောက်ယောက်ရဲ့အကူအညီ လိုပါလိမ့်မယ်။ အမြဲနေတဲ့ ဝန် ထမ်းမရှိလို့ ခြံဝင်းကို သော့ခတ်ထားတယ်။ သော့ဖွင့်ပြီးရင်တော့ အိမ်ရဲ့အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်လုံးကို အားရပါး ရ လေ့လာနိုင်မှာဖြစ်ပါတယ်။
အိမ်ကြီးရဲ့အောက်ထပ်မှာတော့ ရှေးခေတ် ကသာမြို့ရဲ့သမိုင်းဓာတ်ပုံတွေ၊ ပစ္စည်းပစ္စယတွေကို ပြသထားတယ်။ အိမ်ရဲ့ အပေါ်ထပ်ကိုသွားချင်ရင်တော့ အရမ်းကို သက်တောင့်သက်သာဖြစ်လွန်းပြီး ခမ်းနားလှတဲ့ ကျွန်းလှေကားကြီးကို နင်း တက်သွားရမှာပါ။ အပေါ်ထပ်မှာရှိတဲ့ အခန်းတခန်းကတော့ သရဲခြောက်တယ်လို့ ကသာမြို့ခံတချို့က ဆိုကြတယ်။

(၂) ဂျော့အိုဝဲလ် နေခဲ့တဲ့အိမ်

အိမ်ပုံစံက ရှေးဟောင်းသစ်သားအိမ်ကြီးပါ။ အိမ်အောက်ထပ်မှာ လက်ရှိ ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့မိသားစုနေထိုင်ပါ တယ်။ အိမ်အပေါ်ထပ်ကိုတော့ လေ့လာချင်သူတွေ လေ့လာလို့ရအောင် ဒီအတိုင်းပဲ အလွတ်ထားပါတယ်။ ဒီအိမ်ကြီး ဆိုရင်လည်း ၁၈၉၀ကျော် ကာလတွေက ဆောက်ခဲ့တာဖြစ်လို့ လက်ရှိအချိန်မှာ နှစ်တရာကျော်နေပါပြီ။ နောက်ပိုင်းမှာ Katha Heritage Trust အနေနဲ့ စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ စီစဉ်နေပါတယ်။

(၃) ရှင်ပေါလု အင်္ဂလီကန်ခရစ်ယာန်ဘုရားရှိခိုးကျောင်း

မူရင်းလက်ရာ ဘုရားကျောင်းကတော့ သစ်သားနဲ့လုပ်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အုတ်နဲ့ ပြန်ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်နေပါပြီ။ ဘုရားကျောင်းထဲမှာ မူရင်းလက်ရာမပျက် ကျန်တဲ့ အရာတွေကတော့ ခေါင်းလောင်းထိုးတဲ့ စင်နဲ့ ခေါင်းလောင်းပဲဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာလည်း Burmese days ဝတ္တုထဲမှာပါလို့ ကသာ မြို့ကိုလာတဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်တစားလာကြည့်ကြတယ်။

(၄) စစ်သင်္ချိုင်း

ကသာမြို့ ရပ်ကွက်(၉)မှာ တည်ရှိတဲ့ စစ်သင်္ချိုင်းပါ။ မူလက ရဲစခန်းနဲ့ မြို့မဈေးကြီးအကြားမှာရှိရာက ၁၉၅၈ ခုနှစ်မှာ နေရာပြောင်းထားတာပါ။ ၁၈၉၀ခုနှစ် ဝန်းကျင်က သေဆုံးခဲ့တဲ့ ကသာမြို့ရဲ့လက်ထောက်အရေးပိုင်မင်း၊ ရဲအရာရှိနဲ့ ဘုရင့်တော်ဝင် ဝေလခြေလျင် သေနတ်ကိုင်တပ်ရင်းက တာဝန်ရှိသူတဦး စုစုပေါင်း ၃ဦးရဲ့ အုတ်ဂူတွေရှိပါတယ်။
နောက်ထပ် နိုင်ငံခြားသားတွေ စိတ်ဝင်တစားကြည့်ကြတဲ့နေရာတွေကတော့ အင်္ဂလိပ်တွေ ကစားခဲ့တဲ့ တင်းနစ်ကွင်း၊ အနားယူတဲ့ ဗြိတိသျှကလပ်၊ သစ်တောရုံး အစရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။ ရှေးအဆောက်အဦ အများစုဟာ လက်ရှိ အချိန်မှာ လူနေထိုင်တဲ့ အဆောက်အဦတွေဖြစ်ပေမယ့် လာရောက်လေ့လာပြီး ဓာတ်ပုံရိုက်ချင်သူတွေရှိရင် အိမ်ရှင်တွေ က လိုလိုလားလားလက်ခံကြတယ်။ ဒါဟာ ကသာမြို့ရဲ့ထူးခြားချက်လေး တချက်ပါပဲ။

(၅) သင်္ဘောသင်္ချိူင်း

ကသာမြို့က ကိုလိုနီခေတ်အဆောက်အဦတွေအကြောင်း လေ့လာပြီးပြီဆိုရင်တော့ သင်္ဘောသချုႋင်းလို့ နာမည်ကျော်တဲ့ ကသာမြို့နဲ့ ထိစပ်နေတဲ့ ဧရာဝတီမြစ်ပြင်နဲ့ ဆိပ်ကမ်းကို သွားရောက်ကြည့်ရှုလို့ ရပါတယ်။ ကသာဆိပ်ကမ်းဟာ ကိုလိုနီ ခေတ်မှာ သမိုင်းဝင်နေရာတခုအဖြစ်ပါခဲ့တယ်။
၁၉၄၂ခုနှစ်လောက်မှာ မြန်မာပြည်ကို ဂျပန်တွေစီးမိတော့ ကသာမှာ တပ်စွဲထားတဲ့အင်္ဂလိပ်တပ်တွေဟာ အိန္ဒိယပြည်ထဲ ပြေးကြရတယ်။ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်သင်္ဘောကုမ္ပဏီပိုင်တဲ့ သင်္ဘောတွေက ကသာဆိပ်ကမ်းမှာ အများကြီးပဲ။ နာ မည်ကျော် Irrawaddy Flotilla Company ပိုင် အကောင်းဆုံးဆိုတဲ့ မီးသင်္ဘောကြီးတွေဟာ မြစ်ကမ်းတလျှောက်မှာ အစီး (၂၀၀)လောက်ထိ ရှိခဲ့တယ်လို့ဆိုကြတယ်။ ဒီသင်္ဘောကြီးတွေကို စနစ်တကျ မှတ်သားဖောက်ခွဲပြီး မြစ်ထဲ နစ်မြုပ်ပစ်ခဲ့ရ တယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ မြေပုံတွေနဲ့အတူ ပြန်လာဖော်ကြတယ်။ ဒီအချက်တွေကြောင့် ကသာဆိပ်ကမ်းဟာ သင်္ဘော သင်္ချိုင်းလို့လည်း နာမည်ကြီးတယ်။
ဒီနေရာတွေ အကုန်လည်ပတ်ပြီးရင်တော့ ကသာဈေးထဲဝင်ပြီး လေ့လာရင်း ဒေသအစားအစာတွေ စားကြည့်ဖို့ အချိန်ကျ ပါပြီ။ ကသာခေါက်ဆွဲ၊ ဆန်စီးခေါက်ဆွဲတို့လို အစားအစာတွေစားနိုင်သလို အထမ်းလေးတွေနဲ့ရောင်းတဲ့ တို့ဟူးသုတ်၊ သင်္ဘောသီးသုပ်လို ပေါ့ပေါ့ပါးပါး အစားအစာတွေကိုလည်း စားနိုင်ပါတယ်။ ကသာမြို့က အစားအစာတွေဟာ အများအား ဖြင့် အချိုအရသာကဲပါတယ်။ ခေါက်ဆွဲဆိုရင်လည်း ကြာညို့အချို များတယ်။ မြန်မာဗယာကြော်ဆိုရင်လည်း ငှက်ပျောသီး များပြီး အချိုကဲတယ်။ သူတို့ အချိုကဲပုံကို ကသာမြို့ရဲ့ အရသာလို့ တင်စားရင်တောင် ရပါတယ်။
ဒေသခံအချို့က ကမ်းသာမြို့လို့ တင်စားပြီး ခေါ်ကြတဲ့ ကသာမြို့ဟာ ဧရာဝတီမြစ်ကမ်းရှည်တဲ့ မြို့လေးဖြစ်လို့ ငါးအထွက် များတယ်။ ထွက်တဲ့ငါးတွေကို ငါးချဉ်အဖြစ် ထုတ်လုပ်ရောင်းချတယ်။ ကသာငါးချဉ်ဟာ ဒေသတွင်းမှာ နာမည်ကြီးတယ်။ ငါးချဉ်မှာမှ ငါးကြီးချဉ်၊ ငါးသေးလေးချဉ်နဲ့ ငါးဖယ်ချဉ်ဆိုပြီး အမျိုးမျိုးရှိတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ကသာပြန် လက်ဆောင်အနေနဲ့ ဝယ်ကြတယ်။
ကသာမြို့ကို ပြည်တွင်းခရီးသွားဧည့်သည်တွေကတော့ အလာနည်းပါသေးတယ်။ လာတဲ့သူတွေအများစုက စီးပွားရေး၊ ကုန်သွယ်ရေးအတွက်လောက်သာ အလာများပါတယ်။ အလည်အပတ် သီးသန့်အတွက်တော့ မလာကြပါဘူး။ ပြည်ပ နိုင် ငံခြားသားတွေလောက်သာ စိတ်ဝင်စားပြီး အလာများတယ်။
ကသာမြို့က မြို့မိမြို့ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ Katha Heritage Trust က တာဝန်ရှိသူတွေကတော့ သူတို့မြို့ကလေး အခု ထက်ပိုပြီး စည်ကားအောင် စုပေါင်းလုပ်ဆောင်နေကြတယ်။
ကသာမြို့ကိုလာရင်း တောတောင်ရေမြေတွေနဲ့ သဘာဝပတ်ဝန်းကျင် အလှအပတွေ ကြွယ်ဝနေသေးတဲ့ အနီးနားက အင်းတော်၊ မန်လည်၊ ဗန်းမောက်စတဲ့ အနီးနားဒေသတွေနဲ့ပါ လာရောက်လည်ပတ်မယ့်သူတွေကို စွဲဆောင်ဖို့ စီစဉ်နေကြ ပါတယ်။
- အေးမွန်ရာပြည့် -
http://burma.irrawaddy.com/lifestyle/2016/02/28/108595.html

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"