"အားလုံးကိုပျော်စေချင်သူ (သို့) ဖေ့ဘုတ်ပေါ်က စတီဗင်ဇော်ကြီး"
ဖေ့ဘုတ်တွင် ဗီဒီယိုဖိုင်များကြောင့် လူသိများလာသူ စတီဗင်ဇော်ကြီး (ဓာတ်ပုံ-အေးမွန်ရာပြည့်) သူက မင်းသားလည်း မဟုတ်သလို မော်ဒယ်ချောချောတယောက်လည်း မဟုတ်ပါဘူး။ သူဟာ အသံ ကောင်းလွန်းလှတဲ့ အဆိုတော်ကောင်းတယောက်လည်း မဟုတ်သလို ပညာရှင်တယောက်လည်း မဟုတ်ပြန်ပါဘူး။ သူ့မှာ စွဲဆောင်မှု အားကောင်းလွန်းလှတဲ့ ညှို့အားအပြင်းစားတွေ မရှိဘူး။ အများက အားကျရလောက်တဲ့ ကိုယ်ခန္ဓာ တောင့်တင်းမှု(ဗလကောင်းကောင်း) မရှိဘူး။ နားထောင်သူတွေ အရည်ပျော်သွားလောက်အောင် စကားပြောကောင်း လှသူလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် သူက နာမည်ကြီးတယောက်ပါ။ သူ့ကို အသက်အရွယ်လူတန်းစားမရွေး အမျိုးသား၊ အမျိုးသမီးတွေ အများစုက ချစ်ကြတယ်။ သူကတော့ ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ကြားသူ(ဆယ်လီ) တဦးဖြစ်တဲ့ စတီဗင်ဇော်ကြီး ဆို သူပဲဖြစ်ပါတယ်။ ဖေ့ဘုတ်ကွန်ရက်ပေါ်မှာ သူ့ပရိတ်သတ်တွေ သိန်းချီရှိနေပါတယ်။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကြောင့် အရပ်ရှည်ရှည် ကိုင်းကိုင်းကြီးရယ်၊ ဇရာကြောင့် အရေးအကြောင်းတွေ ထင်နေပြီဖြစ်တဲ့ ရှည်မျောမျော ရုပ်တည်တည်မျက်နှာကြီးရယ်၊ ပုခုံးကျော်လောက်ထိအောင် ဖားလျားချထားတဲ့ ဆံပင်ရှည်တွေရယ် ဒါတွေဟာ ဦးဇော်ကြီး (စတီဗင်ဇော်ကြီး)ရဲ့သင်္ကေတအမှတ်အသားတွေပ...