"မြန်မာနိုင်ငံရဲ့ ပထမဆုံးပြည်တွင်းဖြစ် cable chair"

နိုင်ငံတကာမှာတော့ တနေရာက တနေရာ အချိန်ကုန်သက်သာပြီး လွယ်ကူ လျင်မြန်စွာ သွားနိုင်အောင်၊ ရှုခင်းရှုကွက်တွေကို စိတ်ကြိုက် ကြည့်ရှုခံစားနိုင်အောင် ပြည်တွင်းပြည်ပ ဧည့်သည်အဝင်များတဲ့နေရာတွေမှာ ရွေ့လျား စနစ်ဖြစ်တဲ့ cable car တွေ၊ cable chair တွေကို အသုံးပြုကြပါတယ်။
ဒီရွေ့လျားစနစ်တွေကို တည်ဆောက်မယ်ဆိုရင်  အမေရိကန်ဒေါ်လာတွေ သန်းချီအသုံးပြုကြရပါတယ်။ ဒီလို ထိုင်ခုံတွေ ကို သိပ်မကြာခင်အချိန်အတွင်းမှာပဲ အဲဒီလောက် ငွေကြေးများစွာ မသုံးစွဲဘဲ သင့်တင့်လျောက်ပတ်တဲ့ မြန်မာကျပ်ငွေနဲ့ တင် ပြည်တွင်းမှာ တည်ဆောက်နိုင်တော့မှာပါ။
ဘာလို့လဲဆိုတော့ ရွေ့လျားထိုင်ခုံစနစ်ကို မြန်မာလူမျိုး၊ မန္တလေးသားတဦးဖြစ်တဲ့ ဦးကျော်ကျော်ဆိုသူက အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့လို့ပါပဲ။ လက်ရှိအချိန်မှာ သူဟာ cable chair (ရွေ့လျားထိုင်ခုံ)ကို ၇၅ရာခိုင်နှုန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ။
၆၅နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်တယောက် cable chair ကို စတင်စမ်းသပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒီလို ပါတဲ့။
မန္တလေးမြို့ဝန်းကျင်အနီးနားက တောင်တွေပေါ်မှာ တည်ထားတဲ့ ဘုန်းကြီးကျောင်းတွေဟာ ရေ၊ စားစရာ အစရှိတာတွေ ရှားပါးခက်ခဲကြတယ်။ တောင်ပေါ်ကို ရောက်အောင် ပို့ဖို့ အချိန်ယူရတယ်။ သယ်ယူပို့ဆောင်ရေး ခက်ခဲတယ်။ ဒီလို ကြန့် ကြာတာတွေကို ဖြေရှင်းပေးချင်တဲ့ စိတ်ကပဲ ဒီcable chair အစီအစဉ်ကို ရုပ်လုံးဖော်ဖို့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဦးကျော်ကျော်က ပြောပါတယ်။
cable chair
မန္တလေးမြို့ ဦးကျော်ကျော်ခြံဝင်းထဲရှိ cable chair တပ်ဆင်ထားပုံတွေ့ရစဉ် (ဓာတ်ပုံ-အေးမွန်ရာပြည်)
ဒီစနစ်ကို တကယ်လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ငန်းစတဲ့အချိန်ကတော့ လွန်ခဲ့တဲ့ ၂နှစ် ၂၀၁၄ခုနှစ်ဆန်း လောက်ကပါ။ ဒီ ၂နှစ်အတွင်းမှာ နိုင်ငံတကာက အသုံးပြုနေကြတဲ့ cable carတွေ၊ cable chairတွေရဲ့ပုံသဏ္ဌာန်တွေ၊ တည်ဆောက်ပုံတွေ၊ စက်လည်ပတ်ပုံတွေနဲ့ လုံခြုံရေးစနစ်အသုံးပြုပုံတွေကို စာအုပ်တွေ၊ အင်တာနက်တွေကနေ တဆင့် တစိုက်မတ်မတ် လေ့လာခဲ့တယ်။ လိုအပ်မယ့် ပစ္စည်းတွေကို နိုင်ငံခြားတိုင်းပြည်တွေက မှာယူပြီး လက်တွေ့ တပ်ဆင်တာ တွေ လုပ်ခဲ့တယ်။ စမ်းသပ်ခဲ့တယ်။
အခု cable chairကို စမ်းသပ်အောင်မြင်ခဲ့တဲ့ ၇၅ရာခိုင်နှုန်းထဲမှာ စက်ရဲ့သွားလာလည်ပတ်မှု အခြေအနေတွေအပြင် အရေးပေါ် လုံခြုံရေးအခြေအနေတွေကို ထိန်းချုပ်တဲ့စနစ်တွေကိုပါ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ရွေ့ လျားထိုင်ခုံစနစ်ကြီး တခုလုံးကို လျှပ်စစ်နဲ့ လည်ပတ်မှာပါ။
နိုင်ငံတကာက လုပ်ပုံလုပ်နည်းတွေကို စုရင်း၊ တုရင်း၊ ပြုရင်း လုပ်ခဲ့ရတာဖြစ်လို့ သူ့ကိုယ်ကို “ နိုင်ငံစုံပေါင်းချုပ် စု၊တု၊ပြု ကြီးများ ဖြစ်နေပြီလား”ဆိုပြီး တခါတခါတော့ အတွေးဝင်မိတယ်လို့ ဦးကျော်ကျော်က ပွင့်ပွင့်လင်းလင်း ရယ်မောရင်း ပြော တယ်။
ဦးကျော်ကျော်ဟာ မန္တလေးမြို့ရဲ့အနောက်ဘက်အပိုင်းမှာရှိတဲ့ စိန်ပန်းရပ်ကွက်မှာ မွေးတဲ့ စိန်ပန်းသားစစ်စစ်ပါ။ စိန်ပန်း ရပ်ကွက်ဆိုတာကတော့ စက်မှုကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ ၊ နာမည်ကြီး စက်မှုရပ်ကွက်လေးတခုပဲဖြစ်ပါတယ်။
ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ စိန်ပန်းရပ်ကွက်အတွင်းမှာ စက်ရုံပေါင်း ထောင်ချီရှိခဲ့ပေမယ့် ယနေ့ အချိန် မှာတော့ စက်မှုဇုန်တွေကို ရွှေ့ပြောင်းလုပ်ကိုင်ကြတာကြောင့် စုစုပေါင်းလုပ်ငန်း သုံးရာနီးပါးလောက်သာ ရှိပါတော့တယ်။
ဒီလို စက်မှုလက်မှုရေခံမြေခံကောင်းတဲ့ စိန်ပန်းရပ်ကွက်မှာ မွေးဖွားလာတဲ့ ဦးကျော်ကျော်ဟာ ငယ်စဉ်ကတည်း စက်မှု ပစ္စည်းတွေ လက်တွေ့ စမ်းသပ်ထုတ်လုပ်ရတာ သဘောကျတယ်။ ကိုယ်တိုင်ကလည်း မန္တလေးဂျီတီအိုင် ကျောင်းဆင်း တယောက်ဖြစ်တာကြောင့် စက်မှုပစ္စည်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို လေ့လာတယ်။ သူငယ်စဉ် ကာလကတော့ အခုလို လေ့လာစရာ စာအုပ်စာတမ်းတွေ မပေါများသေးတဲ့အပြင် အင်တာနက်တွေ အသုံးပြုလို့ မရသေးတာကြောင့် စာအုပ်တွေကို နိုင်ငံခြားကနေ ခက်ခက်ခဲခဲ မှာပြီး လေ့လာခဲ့ရတယ်လို့ ဆိုတယ်။
ဦးကျော်ကျော်တို့ဟာ မျိုးရိုးစဉ်ဆက် စက်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သူတွေပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ယက္ကန်းလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စက်ရုံလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးတဲ့ စက်မှုပစ္စည်းတွေကို ထုတ်လုပ် ရောင်းချပါတယ်။
ဦးကျော်ကျော်ကတော့ မိဘတွေရဲ့အလုပ်ကို လက်ဆင့်ကမ်းပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ အမှန် တကယ် ဝါသနာပါတာကတော့ နိုင်ငံခြားက စက်ပစ္စည်းကြီးတွေကို လေ့လာပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီနိုင်မယ့် စက်တွေ စမ်းသပ်တီထွင်ရတာကိုပါ။
ကားတစီးကို ငွေကျပ်ခြောက်သိန်းလောက်သာရှိသေးတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်လောက်က ဦးကျော်ကျော်ဟာ ရေအား ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ရေမြုပ် တာဘိုင်ကို ငွေကျပ် ၁၄သိန်းခွဲကျော် အကုန်ကျခံပြီး စမ်းသပ်ခဲ့တယ်။ မန္တ လေးမြို့က ဘူတာကြီးနဲ့ ဆီဒိုးနားဟိုတယ်ကြီးတည်ဆောက်တုန်းက ပစ္စည်းအတင်အချလုပ် အသုံးပြုခဲ့တဲ့ မတ်တပ် ဓာတ် လှေကားကိုလည်း ဦးကျော်ကျော်ကိုယ်တိုင်ပဲ အခြားတိုင်းပြည်တွေမှာ သုံးတဲ့ပုံစံတွေကို အတုယူပြီး စမ်းသပ်ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားဖြစ် ဓာတ်လှေကားဟာ ငွေကျပ်သိန်းငါးဆယ်ကျော် ကုန်ကျပြီး ဦးကျော်ကျော် ထွင်တဲ့စက်ကတော့ ငွေကျပ် ၁၈သိန်းကျော်သာ ကုန်ကျခဲ့ပါတယ်။
အခု ၇၅ ရာခိုင်နှုန်းနီးပါး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ cable chair ပတ်လမ်းကြောင်းကို ဦးကျော်ကျော်က သူ့ ခြံဝင်းထဲမှာ တည်ဆောက်ထားတယ်။ လမ်းကြောင်းအရှည်ပေ ၁၅၀ရှိပြီး ၂ယောက်ထိုင်ခုံ ဆယ်ခုံ ပါဝင်ပါတယ်။ ပျော်ပွဲရွှင် ပွဲ အထိမ်းအမှတ်နေ့တွေမှာ သူ့အိမ်အနီးမှာ တက်နေတဲ့ကျောင်းက ကျောင်းသူကျောင်းသားကလေးတွေနဲ့ ဆရာဆရာမ တွေအတွက် cable chairတွေကို အခမဲ့ စီးစေတယ်။ ၂၀၁၆ နှစ်ဆန်းပိုင်းကနေ အခုမေလအထိ သူ့ရဲ့cable chair ကို စီးဖူးတဲ့ လူဦးရေ စုစုပေါင်းသုံးထောင်လောက် ရှိနေပါပြီ။
သူ့ ခြံဝင်းထဲကလို နောက်ထပ် cable chair စနစ်ကြီးတခုကိုလည်း မန္တလေးမြို့ရဲ့အရှေ့ဘက်ခြမ်း ရေတံခွန်တောင်ရဲ့ တောင်ဘက် အနီးနားက ဆိတ်သဲတောင်မှာ စမ်းသပ်ရင်း တည်ဆောက်နေတာ အခုဆိုရင် ၇၀ရာခိုင်နှုန်းကျော် ပြီးစီးနေ ပါပြီ။ ဒါတွေ ပြီးရင်တော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်က ဘုရားသုံးဆူတောင်ပေါ်မှာလည်း တည်ဆောက်ဖို့ ရည်ရွယ် ထားပြီးဖြစ်တယ်လို့ ဦးကျော်ကျော်က ပြောတယ်။
ဦးကျော်ကျော်ရဲ့ cable chair စနစ်ကို ပေ ၅၀၀ကနေ ပေ ၁၀၀၀ ကျော်အတွင်း အမြင့်ပမာဏရှိတဲ့ တောင်တွေမှာသာ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ မန္တလေးမြို့အနီးတဝိုက်က မန္တလေးတောင်၊ ရန်ကင်းတောင်နဲ့ စစ်ကိုင်းတောင်တွေဟာ ပေ ၁၀၀၀ အောက်သာရှိတာကြောင့် တပ်ဆင်နိုင်မှာပါ။
အချိန်ဆယ်မိနစ်လောက် အတွင်းမှာကို တောင်အောက်ခြေကနေ တောင်ပေါ်ကို ရောက်ရှိနိုင်တာကြောင့် တကြိမ် စီးနင်း ခ ငွေကြေး အနည်းငယ်လောက် ကောက်ရုံနဲ့တင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေထဲက ငွေတွေအများကြီးကို အချိန်တိုအတွင်းမှာ သဲ့ယူနိုင်မယ်။ ဒါအပြင် စီးမယ့် ခရီးသွားတွေအတွက်လည်း အပေါ်စီးရှုခင်းတွေကို ကွက်ကွက်ကွင်း ကွင်း ကြည့်နိုင်တော့မှာဖြစ်လို့ ပိုမိုစိတ်ဝင်စားကြမှာ အမှန်ပါ။
ဒီလို အထင်ကရနေရာတွေမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို စွဲဆောင်နိုင်ဖို့ အပြင် ပြည်တွင်းက တောင်ကုန်းတောင် တက်တွေများပြားပြီး တနေရာက တနေရာသွားလာရခက်ခဲတဲ့ ဒေသတွေကိုလည်း တဖက်တလမ်းကနေ ဖွံ့ဖြိုးတိုးတက် လာအောင် သူ့ရဲ့ပြည်တွင်းဖြစ် cable chairတွေ နဲ့ စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဦးကျော်ကျော်က သူ့ စိတ်ကူးကို ပြောပြတယ်။
သူ အချိန်ယူ စမ်းသပ်ထားတဲ့ cable chairဟာ အခုဆိုရင် သူနေထိုင်ရာ ဝန်းကျင်ကို အထောက်အကူ အများကြီး ပေးနိုင် တော့မှာဖြစ်လို့ ဦးကျော်ကျော်ရဲ့ မျက်နှာဟာ ဝမ်းသာပီတိတွေနဲ့ ပြည့်နေတယ်။
- အေးမွန်ရာပြည့် -
http://burma.irrawaddy.com/article/2016/05/13/114036.html

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"