"နှစ်တရာကျော် မြစ်ငယ်မြို့က လခချဈေး"
ပူခြစ်တောက်နေတဲ့ နေရောင်အောက်မှာ ရောင်စုံထီးကြီးတွေ တမေ ျှာ်တခေါ် ရှည်လျားစွာရှိနေပြီး ဈေးဝယ်သူ၊ ဈေးရောင်းသူတွေ အပူဒဏ်ကို လျစ်လျူရှုပြီး ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ ဈေးဝယ်လာသူတချို့က ယပ်တောင်တွေကို လက်ကကိုင် တဖျတ်ဖျတ်ခတ်ရင်း ဈေးမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို စိတ်ဝင်တစား လိုက်ပါ ကြည့်ရှုကြပါတယ်။ ဈေးသည်တွေကလည်း အားကြိုးမာန်တက် နွေအပူကြားမှာ သူတို့ရဲ့ ကုန်ပစ္စည်း တွေကို ရောင်းချဖို့ စိတ်အားထက်သန်နေကြသလို ဈေးဝယ်သူတွေကလည်း ဇွဲကြီးစွာကို အပုူဒဏ်ကို အံတု ရင်း ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ စိုင်းပြင်းနေကြတယ်။
ဒီဈေးလေးက မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ ရှိနေတာဖြစ်ပြီး အခြားဈေးနဲ့မတူ အရမ်းထူးခြားတဲ့ဈေးဖြစ်ပါတယ်။ ဈေးနာမည်ကလည်း လခချဈေး ဖြစ်ပြီး အလွယ်ခေါ်ဆိုကြတာကတော့ လခဈေးဖြစ်ပါတယ်။ ဈေးဆိုတာဟာ ဝယ်သူရောင်းသူတွေနဲ့ နေ့စဉ် စည်ကားနေတဲ့ နေရာဖြစ်ပေမယ့် မြစ်ငယ်မြို့က လခချဈေးကတော့ တလမှာ လခထုတ်ရက်တရက်တည်းကိုသာ ရောင်းချတဲ့ ဈေးဖြစ်ပါတယ်။
ဒီဈေးဖြစ်ပေါ်လာပုံကလည်း ကိုလိုနီခေတ်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးမရခင် ၁၉၁၁ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက မြစ်ငယ်မြို့လေးမှာ မီးရထားလူစီးတွဲနဲ့ ကုန်တွဲ ထုတ်လုပ်တဲ့ စက်ရုံကို စတင်ဖွင့်လှစ် လိုက်ချိန်မှာ ဒီလခချဈေးဖြစ်ပေါ်လာတာပါ။ ကိုလိုနီခေတ် မြန်မာတနိုင်ငံလုံးက မီးရထားတွဲကို ပြုပြင်တာ၊ ထုတ်လုပ်တာတွေကို မြစ်ငယ်မီးရထားတွဲစက်ရုံက ထုတ်လုပ်တာမို့ မီးရထားစက်ရုံဝန်ထမ်းအင်အားများစွာ ရှိပြီး အဲဒီဝန်ထမ်းတွေ လခထုတ်ရက်တွေမှာ ဝယ်ယူလို့ရအောင် ဈေးသည်တွေ စနစ်တကျ လာရောင်းချရင်း ဒီဈေးဖြစ် ပေါ်လာတာဖြစ်ပါတယ်။ မြစ်ငယ်မြို့ မီးရထားတွဲစက်ရုံစတင် လည်ပတ်တဲ့ အချိန်ကစပြီး ဒီလခချ ဈေးဆိုတာဟာလည်း စတင်ဖြစ်တည်ခဲ့တာ ဒီနေ့အချိန်ထိပါပဲ။
တလလုံးမှာမှ လခထုတ်တဲ့ရက်တစ်ရက်ပဲ ဈေးဖွင့်တယ်။ မြစ်ငယ်မြို့တွင်းမှာရှိတဲ့ မီးရထားလူစီး တွဲနှင့်ကုန်တွဲစက်ရုံက ဝန်ထမ်းတွေလခထုတ်ရတဲ့ နေ့မှာ ဈေးဖွင့်ပါတယ်။ ဒီဈေးရဲ့သက်တမ်းက နှစ်တရာ ကျော်နေပြီဖြစ်လို့ သမိုင်းဝင် ဈေးတခုဆိုရင်လည်း မမှားနိုင်ပါဘူး။
လခချဈေးဟာ မြစ်ငယ်မြို့က မီးရထားစက်ရုံဝန်ထမ်းမိသားစုတွေ ဝယ်ရခြမ်းရလွယ်ကူအောင် စနစ်တကျဖွင့်လှစ် ထားတဲ့ဈေးဖြစ်ပါတယ်။ မီးရထားစက်ရုံနဲ့အတူဖြစ်တည်ခဲ့တဲ့ ဖွားဖက်တော်ဈေး လို့လည်းဆိုနိုင်ပါတယ်။ ယခင်က ဒီစက်ရုံမှာ ဝန်ထမ်းအင်အားပေါင်းသုံးထောင်နီးပါးလောက်ထိရှိခဲ့ပေမယ့် ဒီနေ့အချိန်မှတော့ဝန်ထမ်းအင်အားတထောင်ကျော်သာရှိတော့တယ်။ ။
မြစ်ငယ်မြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းမှာ ပါဝင်တဲ့မြို့ငယ်လေးဖြစ်ပြီး ရပ်ကွက်၁၃ ရပ်ကွက်နဲ့တည်ဆောက်ထားပါတယ်။ ဒီ၁၃ရပ်ကွက်စလုံးမှာ မီးရထားဝန်ထမ်းမိသားစုတွေက အများဆုံး နေထိုင် ကြပါတယ်။ လခချဈေးနေ့မှာ လစာပူပူနွေနွေးထုတ်ထားတဲ့ ဝန်ထမ်းမိသားစုတွေ လာရောက် ဝယ်ယူကြသလို ၊ မြစ်ငယ်မြို့ရဲ့အနီးဝန်းကျင်တွေကလည်း လာရောက်ဝယ်ယူကြတယ်။ လခချဈေးနေ့မှာ လာရောင်းတဲ့ဈေးသည်တွေအကုန်လုံးမှာ လုံးဝမရောင်းရဘဲပြန်ရတဲ့ဈေးသည်ဆိုတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဈေးသည်အားလုံးရောင်းရတယ်။ ကုန်ပစ္စည်းပေါ်မူတည်ပြီး ပမာဏနည်းနည်းရောင်းရတာနဲ့ များများ ရောင်းရတာပဲကွာတယ်လို့ ဈေးသည်တွေက ဆိုကြပြီး ဒါကလည်း ဒီဈေးရဲ့ထူးခြားချက်ပါ။
ဈေးဖြစ်တဲ့ လခထုတ်ရက်မှာဆိုရင် နံနက်၇နာရီလောက်ကစပြီး ဈေးသည်တွေနေရာအသင့်ယူနေကြပြီ။ ဈေးသည်တွေကတော့ မြစ်ငယ်မြို့နဲ့မနီးမဝေးက မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ သာစည် စတဲ့ဒေသတွေကပါ။ ကြက်သွန်၊ အားလူး၊ ငရုတ်၊ ငါးခြောက်တို့လို မီးဖိုချောင်စာသုံးကုန်တွေ၊ ပန်းကန်ခွက် ယောက်တွေပါသလို အင်္ကျီအဝတ်အထည်တွေ၊ ကြောင်အိမ်၊ ခေါင်းအုံး၊မွှေ့ယာ၊ဖျာလိပ်စတဲ့ အိမ်သုံး ပရိဘောဂ ပစ္စည်း တွေလည်း လာရောက်ရောင်းချကြတယ်။ ဈေးဝယ်မယ့်သူအများစုဟာ လခစားဝန်ထမ်း အများစု ဖြစ်တာကြောင့် သူတို့တတ်နိုင်မယ့်ငွေကြေးပမာဏရှိတဲ့ ကုန်ပစ္စည်းတွေကို အများဆုံး ရောင်းချ ကြပါတယ်။ အများစုကတော့ တကယ်ဝယ်ကြတယ်။ တချို့မဝယ်တဲ့သူတွေကလည်း ဈေးတခုလုံး နှံ့အောင် လမ်းလျှောက်လိုက်ကြတာပဲ။
လခချဈေးကလေးမှာ ဈေးဆိုင်စုစုပေါင်း ရှစ်ရာကျော် ကိုးရာနီးပါးအထိရှိတယ်။ မီးရထားတွဲပြင်စက်ရုံရှေ့ပေါက် လမ်းဆုံကနေ တောင်ဘက်ထိပ် စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်းထိပ်အထိတောက်လျှောက်ကြီးပါပဲ။ ဈေးအစကနေ အဆုံးအထိ ဈေးသည်တွေရောင်းနေတဲ့ ပစ္စည်းတွေငေးရင်းမောရင်း လမ်းလျှောက်ကြသူတွေရှိသလို ပူပူနွေးနွေးလခထုတ်လာတဲ့ ငွေလေးတွေကိုင်ပြီး ဈေးဝယ် လမ်းလျှောက်ရသူတွေလည်း များပြားလှပါတယ်။
လခချဈေးက တလမှာတရက်၊ တစ်နှစ်မှာ၁၂ရက်သာ ဖြစ်တဲ့ဈေးပါ။ တနှစ်လုံးမှာ လခချဈေးရဲ့ အစည်ဆုံးလသုံးလရှိပါတယ်။ သင်္ကြန်မတိုင်ခင် မတ်လကုန်လခထုတ်ရက်၊ ကလေးတွေကျောင်းဖွင့်အမှီ မေလကုန်လခထုတ်ရက်၊ ကထိန်ကာလမတိုင်ခင် အောက်တိုဘာလကုန်လခထုတ်ရက်တွေလို့ ဈေးသည်တွေက ဆိုကြပါတယ်။ အဲဒီရက်တွေမှာတော့ ဈေးတန်းဟာလုံး၀ ကြိတ်ကြိတ်တိုးစည် ကား တယ် လို့သိ ရ ပါတယ်။
ဆောင်းရာသီမှာလည်း လခချဈေးနေ့ဆိုရင် ကြိတ်ကြိတ်တိုး စည်ကားပါတယ်။ အအေးဒဏ်ကိုလုံလုံလောက်လောက်ကာကွယ်ပေးနိုင်တဲ့ လေဘေး(အဟောင်းထည်) အနွေးထည် ရောင်းသူတွေ အမြောက်အမြား လာကြသလို ဝယ်ယူတွေကလည်း ဒုနဲ့ဒေးများပြားလှပါတယ်။
လခထုတ်ရမယ့်ရက်က စနေ၊တနင်္ဂနွေနေ့တွေနဲ့တိုက်နေတယ်ဆိုရင် ဈေးရက်ကိုရှေ့တိုးပြီး သောကြာနေ့မှာ လုပ်လေ့ရှိပါတယ်။
လခချဈေးဟာ နံနက် ၇ နာရီကစလို့ ညနေ ၅ နာရီ အထိ စည်ကားလေ့ရှိပြီး ည ၇ နာရီ ဈေးကွဲသွားပြီး ဈေးသည်တွေဟာလည်း ကိုယ့်ဒေသအသီးသီးကိုပြန်ဖို့ပြင်ဆင်ကြတယ်။ ညတွင်းချင်း အချိန်မဆိုင်းပဲ ဈေးသည်းတွေက သူတို့ နေရပ်ဆီ ပြန်ကြတယ်။ ဘယ်ဈေးသည်မှ အချိန်ဆွဲပြီး ဆက်နေခဲ့တာမျိုးမရှိဘူး။ နောက်တနေ့မနက်ကြည့်မယ်ဆိုရင် လခချဈေးပြုလုပ်ခဲ့တဲ့နေရာမှ ဟုတ်ရဲ့လားလို့ထင်ရေလောက်အောင်ကို အမှိုက်သရိုက်တွေမရှိဘဲ ရှင်းရှင်းလင်းလင်းကြီး ကျန်ခဲ့လေ့ရှိတယ်၊ လို့ မြစ်ငယ်မြို့ခံတချို့က ဆိုတယ်။
မြစ်ငယ်မြို့သူ မြို့သားတွေက ထူးခြားလှတဲ့ တလမှာလခထုတ်ရက်တရက်သာ ရောင်းဝယ်ဖောက်ကားကြတဲ့ လခချဈေးလေးအပေါ် အရမ်းကိုချစ်မြတ်နိုးပြီး ဂုဏ်ယူကြတယ်။ မီးရထားဝန်ထမ်းမြို့လေးဖြစ်တဲ့ မြစ်ငယ်မြို့ ရဲ့ လခချဈေးကို နှစ်ပေါင်းတရာကျော်တိုင်တိုင်အောင် သူတို့ချွေးစက်တွေနဲ့ ဂရုတစိုက် ထိန်းသိမ်းခဲ့ကြ တယ်ဆိုရင် လည်း မမှားနိုင်ပါဘူး။ လခထုတ်ရက်တိုင်းမှာ မြစ်ငယ်မြို့ရဲ့ လခချဈေးက ပုံမှန်ဖြစ်တည်ပြီး ရိုးရာ မပျက် ရောင်းသူ ဝယ်သူတွေနဲ့ ရှင်သန်စည်ကား လှုပ်ရှားမှာ အသေအချာဖြစ်ပါတယ်။
-အေးမွန်ရာပြည့်-
http://burma.irrawaddy.com/article/2016/05/07/113602.html
Comments
Post a Comment