"အားလုံးကိုပျော်စေချင်သူ (သို့) ဖေ့ဘုတ်ပေါ်က စတီဗင်ဇော်ကြီး"

စတီဗင်ဇော်ကြီး


ဖေ့ဘုတ်တွင် ဗီဒီယိုဖိုင်များကြောင့် လူသိများလာသူ စတီဗင်ဇော်ကြီး (ဓာတ်ပုံ-အေးမွန်ရာပြည့်)


သူက မင်းသားလည်း မဟုတ်သလို မော်ဒယ်ချောချောတယောက်လည်း မဟုတ်ပါဘူး။ သူဟာ အသံ ကောင်းလွန်းလှတဲ့ အဆိုတော်ကောင်းတယောက်လည်း မဟုတ်သလို ပညာရှင်တယောက်လည်း မဟုတ်ပြန်ပါဘူး။


သူ့မှာ စွဲဆောင်မှု အားကောင်းလွန်းလှတဲ့ ညှို့အားအပြင်းစားတွေ မရှိဘူး။ အများက အားကျရလောက်တဲ့ ကိုယ်ခန္ဓာ တောင့်တင်းမှု(ဗလကောင်းကောင်း) မရှိဘူး။ နားထောင်သူတွေ အရည်ပျော်သွားလောက်အောင် စကားပြောကောင်း လှသူလည်း မဟုတ်ပြန်ပါဘူး။
ဒါပေမယ့် သူက နာမည်ကြီးတယောက်ပါ။ သူ့ကို အသက်အရွယ်လူတန်းစားမရွေး အမျိုးသား၊ အမျိုးသမီးတွေ အများစုက ချစ်ကြတယ်။ သူကတော့ ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ကြားသူ(ဆယ်လီ) တဦးဖြစ်တဲ့ စတီဗင်ဇော်ကြီး ဆို သူပဲဖြစ်ပါတယ်။ ဖေ့ဘုတ်ကွန်ရက်ပေါ်မှာ သူ့ပရိတ်သတ်တွေ သိန်းချီရှိနေပါတယ်။
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကြောင့် အရပ်ရှည်ရှည် ကိုင်းကိုင်းကြီးရယ်၊ ဇရာကြောင့် အရေးအကြောင်းတွေ ထင်နေပြီဖြစ်တဲ့ ရှည်မျောမျော ရုပ်တည်တည်မျက်နှာကြီးရယ်၊ ပုခုံးကျော်လောက်ထိအောင် ဖားလျားချထားတဲ့ ဆံပင်ရှည်တွေရယ် ဒါတွေဟာ ဦးဇော်ကြီး (စတီဗင်ဇော်ကြီး)ရဲ့သင်္ကေတအမှတ်အသားတွေပါ။
မန္တလေးမြို့က စားသောက်ဆိုင်တဆိုင်မှာ ဦးဇော်ကြီးနဲ့ တွေ့ခဲ့ရာစပြီး သူ့ဘဝဇာတ်ကြောင်းတွေ သိခွင့်ရခဲ့တယ်။ စတီဗင် ဇော်ကြီးပြောတဲ့ သူ့ဘဝဇာတ်ကြောင်းက ဒီလိုပါ။
ကမ္ဘာကျော်ဂီတအဖွဲ့ဖြစ်တဲ့ Aerosmith (အဲရိုးစမစ်)အဖွဲ့ထဲက တေးဆိုစတီဗင်တိုင်လာရဲ့ပုံစံကို သဘောကျတာကြောင့် သူ့လို ဆံပင်ရှည်မျိုးထားခဲ့ပြီး သူ့ရဲ့နာမည်မှာလည်း “စတီဗင်”ထည့်ကာ စတီဗင်ဇော်ကြီးလို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နဂိုမူရင်းနာမည်ကတော့ ကိုဝင်းဇော် ပါ။
သူနဲ့ အပြင်မှာ စကားစပြောဖြစ်တဲ့အချိန်မှာ ထူးခြားတာတခုကို သတိထားမိခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်နားပေါက်မှာ အမျိုးသမီးကြီးတွေသာ အများစု ဝတ်ဆင်လေ့ရှိတဲ့ စိန်ပွင့်တွေအများကြီးနဲ့ ခြယ်နားကပ်ကြီးပါ။ သူက ဒီနားကပ်ကြီးကို တော်တော်လေးတန်ဖိုးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းကမှ ဆုံးပါးသွားတဲ့ သူ့အမေ ရဲ့နားကြပ်ကီးဖြစ်လို့ပါတဲ့။
စတီဗင်ဇော်ကြီးလို့ လူသိများစေတဲ့ ဗီဒီယိုဖိုင်တွေ ဖေ့ဘုတ်ပေါ်စပြီးတင်ဖြစ်တာ က၂၀၁၅ခုနှစ် မေလလောက်ကတည်း ကပါ။ ပထမဆုံးစတင်တဲ့ ဗီဒီယိုဖိုင်ကတော့ “ဘီယာဆိုင်အတွင်းပါလာသော အဖော်အား ဓားဖြင့်ထိုး (အသည်းငယ်သူများ တယောက်တည်းမကြည့်သင့်)”ဆိုတဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ ခေါင်းစဉ်က စိတ်ဝင်စားစရာကောင်းတယ်။ ဖွင့်ကြည့်လိုက် တော့ အဖော်တံဆိပ်ကွန်ဒုံးကို ဓားနဲ့ ထိုးပြနေတာကို ရိုက်ပြထားတယ်။
ဦးဇော်က အခုလိုပဲ စကားလုံးတွေပေါ် မူတည်ပြီး ဟာသဗီဒီယိုဖိုင်တွေ ရိုက်တင်လေ့ရှိတယ်။ တင်တိုင်းလည်း လူကြိုက် တော်တော် များတယ်။ “ညအချိန်မတော် အိမ်ထဲဝင်ပြီး ကြံစည်မှုဖြစ်ပွား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီဒီယိုဖိုင်မှာ အိမ်ထဲကို ခြေသ လုံး ပိန်ပိန်လေးတွေနဲ့ တလှမ်းချင်း တိုးတိုးတိတ်တိတ်ဝင်လာပြီး ကြံချောင်းတွေကို စီပြနေတယ်။ နောက်တခုကတော့ “မန္တလေးမြို့တွင် ချစ်သူနှစ်ဦးအား နေ့ခင်းကြောင်တောင် လုယက်”။ ဒီဗီဒီယိုဖိုင်မှာတော့ လူငယ်သုံးယောက်ဟာ စုံတွဲ တတွဲထံကနေ လျက်ဆားတွေ လုယက်နေတာကို ရိုက်ပြထားတယ်။
အခုနောက်ဆုံး တင်ထားတဲ့ဖိုင်တွေထဲမှာ လူတွေ အကြိုက်တွေ့နေတဲ့ ဗီဒီယိုဖိုင်ကတော့ “တရုတ်စကားကို နားလည် အောင် လေ့လာကြစို့” ဆိုတဲ့ဖိုင်ပါ။ တရုတ်စကားဟာ ဒီနေ့ခေတ်မှာ ဘယ်လောက်အရေးကြီးလာပြီ။ တရုတ်စကားမသိရင် ဘယ်လိုဘယ်ညာတွေ ခပ်တည်တည်နဲ့ ပြောပြနေပြီး နောက်ဆုံးမှာ တရုတ်စကားပွင့်ကြီးကို ထုတ်ပြလာတယ်။
ဒီဗီဒီယိုဖိုင်တွေကို အခုစာနဲ့ ရေးပြတဲ့အခါ ဦးဇော်ကြီးပေးတဲ့ ဟာသရသကို အပြည့်အ၀ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဗီဒီယိုဖိုင်တွေကို ကိုယ်တိုင်ကြည့်ကြည့်မှပဲ သူ့ပေးချင်တဲ့ ရသကိုရမှာပါ။ အခုချိန်ထိ ဦးဇော်ကြီးရိုက်ခဲ့ပြီး၊ အင်တာနက်မှာ တင်ခဲ့ပြီးတဲ့ ဗီဒီယိုဖိုင် စုစုပေါင်း (၅၀)ကျော်ရှိနေပြီ။
ဗီဒီယိုတွေဖန်တီးဖို့ အချိန်ပြည့် ခေါင်းထဲ ထည့်ထားရတယ်လို့ ဦးဇော်က ပြောတယ်။ ခေါင်းထဲပေါ်ပေါ်လာချင်း ချက်ချင်း ထရိုက်တယ်။ ဦးဇော်က သူ့ ဗီဒီယိုဖိုင်တွေအများစုကို ဖုန်းကင်မရာနဲ့ပဲ ရိုက်တယ်။ ဗီဒီယိုတွေထဲမှာ သူနဲ့အတူ သရုပ် ဆောင်တဲ့ လူငယ်လေးတွေက ဦးဇော်ရဲ့ဘော်ဒါတွေပါတဲ့။ ဦးဇော်က အမြဲတမ်း လူငယ်လေးတွေနဲ့ပဲ ပေါင်းတယ်။ ရွယ်တူ တွေ၊ အသက်ကြီးသူတွေနဲ့ သိပ်မပေါင်းဘူး။ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာတော့ လုံးဝမေးလို့ မရခဲ့ပါဘူး။
ဦးဇော်ကြီးကို လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးအများစု သဘောကျကြတဲ့အချက်တွေကတော့ ဒီလိုပါတဲ့။ အသက် ကြီးကြီး အမျိုးသားကြီးတဦးက “ခေး..ခေး” နဲ့ မပီကလာ၊ ပီကလာစတေးတပ်စ်တွေ တင်တာ၊ ရုပ်တည်တည်ကြီးနဲ့ ရက်ပ် သီချင်း၊ ရော့ခ်သီချင်းတွေ ဘာသီချင်းလာလာ တီးလုံးကိုက်အောင် ကတတ်တာ၊  လက်တလောက်ပေါက်နေတဲ့ ခါတော်မီ သတင်းတွေကို အချိန်ကိုက်လိုက်ပြီး လူတွေရယ်ရအောင် ဖန်တီးရိုက်ပြပေးတာတွေကြောင့်ပါ။
ဦးဇော်ကြီးဟာ မန္တလေးသားစစ်စစ်တယောက်ပါ။ အခုလို နာမည်ကျော်ကြားမှု မရှိခင်အချိန်တွေကတော့ မန္တလေးမြို့မှာပဲ အိမ်ခြံမြေအရောင်းအဝယ်တွေ လုပ်တယ်။ နာမည်ကြီးလာပြီး နောက်ပိုင်းမှာတော့ သူနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ချင် သူတွေပေါ်လာနေပြီ။ အင်္ကျ ီကြော်ငြာရိုက်ဖို့ ကမ်းလှမ်းသူတွေ၊ ဗီဒီယိုဖိုင်တွေတင်ရင် ကြေညာစာတမ်းထိုးခွင့်ရဖို့ ကမ်း လှမ်းသူတွေ ရှိနေပါပြီ။
လက်ရှိမှာတော့ ဦးဇော်ကြီးဟာ ကုမ္ပဏီတခုနဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်နေပါပြီ။ ဦးဇော်ကြီးက သူရိုက်ထားတဲ့ ဗီဒီယိုဖိုင် တွေကို ကုမ္ပဏီကိုပေးပြီး ကုမ္ပဏီကမှတဆင့် ပရိသတ်တွေထံ ပြန်လည်ရောင်းပေးတဲ့ ပုံစံမျိုးပါ။ ဒီကုမ္ပဏီနဲ့ သုံးလစာချုပ် ချုပ်ထားပါတယ်။
မန္တလေးမြို့က စားသောက်ဆိုင်အချို့ကတော့ ဦးဇော်ကြီးကို တကူးတက သူတို့ဆိုင်ကို ဖိတ်ကျွေးတယ်။ သူတို့ဆိုင်မှာ လာစားတဲ့အကြောင်းသိအောင် ဦးဇော်ကြီးရဲ့ဖေ့ဘုတ်မှာ check in (ဆိုင်တဆိုင်ဆိုင်မှာ စားနေပြီဆိုတာ သိစေဖို့ နေရာ ပြခြင်း) တင်ခိုင်းကြတယ်။ ဦးဇော်ကြီးပရိသတ်တွေက အများကြီးရှိတော့ ခဏလေးအတွင်းမှာကို like လုပ်သူ ထောင်ချီ ရပြီး ဆိုင်ရဲ့နာမည်ဟာလည်း အထိုက်အလျောက် နာမည်ရသွားတတ်တာပေါ့။
ဦးဇော်ကြီးကို သူ့ပရိသတ်တွေက ချစ်ကြတယ်။ သူ အမြဲဝတ်လေ့ရှိတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီအရှည်တွေကို မကြာမကြာ လက်ဆောင်ပေးကြတယ်။ အဝေးကနေလည်း ပို့ပေးကြတယ်။ ဦးဇော်ကြီးက သူ့ရဲ့ဗီဒီယိုဖိုင်တွေထဲမှာ ALL STAR ဖိနပ် အနီရောင်တရန်တည်းကိုပဲ အများဆုံးစီးတာကြောင့် ဖိနပ်လေးက တော်တော်နွမ်းနေပြီ။ သူ့ပရိသတ်တွေက သူ့အတွက် အဲဒီလို ဖိနပ်အသစ်ဝယ်ပေးချင်လို့ ခြေထောက်ဆိုက် နံပါတ်လှမ်းမေးကြရတဲ့အထိကို သူ့ကို ဂရုတစိုက်ရှိကြတယ်။
၂၀၁၆ သင်္ကြန်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဦးဇော်ဟာ ပရဟိတတွေကို လုပ်လာတယ်။ အိမ်ခြေမဲ့တွေကို ထမင်းထုပ်ေ၀ တာ၊ အရိုးအကြောဆေးရုံ၊ စိတ်ကျန်းမာရေးဆေးရုံတွေမှာ ထမင်းထုပ်တွေ လှူဖြစ်ခဲ့တယ်။
ဦးဇော်ဟာ နာမည်ကျော် တယောက်ဖြစ်လာလို့ အခုချိန်မှာမှ ဒီလိုဟာသတွေ၊ လူအများအမြင်မှာ ရယ်စရာဖြစ်အောင်တွေ လုပ်ပြနေတာမဟုတ်ပါဘူး။ သူဟာ ငယ်ငယ်ကတည်းက ပျော်ပျော်ပဲနေတတ်တာဖြစ်ပြီး အခု သူ လက်ရှိနေထိုင်နေတဲ့ပုံစံ ဟာ သူ့ရဲ့ပင်ကိုယ်ပိုင်ပုံစံပါပဲ။
ဒါကြောင့် အခုဦးဇော်ကြီးရဲ့ပုံစံကို နောင်နှစ်တွေကြာတဲ့အထိ ဒီလို ပျော်ပျော်ပါးပါးပုံစံနဲ့ပဲ ဆက်တွေ့နေရဦးမှာပါလို့ ဦး ဇော်ကြီးက ပြုံးပြုံးကြီး ပြောပါတယ်။ သူပြုံးလိုက်တဲ့ပုံစံက သူ့ကြောင့် လူတွေပျော်ရွှင်နေတာကို ကျေနပ်၊ ပီတိဖြစ်နေ တဲ့ပုံစံမျိုးနဲ့ပါ။ သူ့ကို ကြည့်ရတာ ဘာအပူအပင်မရှိဘဲ လွတ်လပ်ပြီး ပေါ့ပါးနေတယ်။
- အေးမွန်ရာပြည့် 
http://burma.irrawaddy.com/article/2016/05/29/115063.html

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"