"ကမ္ဘာသိအရှင်သူမြတ် မင်းကွန်းဆရာတော်ကြီးရဲ့ကျောင်းတိုက်"
မင်းကွန်းလို့ဆိုရင် အများစုက ထုထည်ကြီးမားလှတဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ မြ သိန်းတန်စေတီ စတဲ့ အထင်ကရနေရာတွေကိုပဲ မျက်စိထဲမြင်တတ်ကြပါတယ်။
တကယ်တော့ မင်းကွန်းရွာကလေးဟာ ဒီအထင်ကရ ဗုဒ္ဓသာသနိကအဆောက်အအုံတွေကြောင့် ကမ္ဘာမှာ နာမည်ကျော် ကြားသလို ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရဖုူးတဲ့ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးလို့ ထင်ရှားကျော်ကြားတဲ့ ဆရာ တော် ဦးဝိစိတ္တသာရာဘိဝံသရဲ့ ပုံရိပ်တွေကြောင့်ပါ ကမ္ဘာကျော်ရွာလေးဖြစ်ခဲ့တယ်။
မင်းကွန်းဆရာတော်ဘုရာကြီး ပုံတူပန်းချီ (ဓာတ်ပုံများ- အေးမွန်ရာပြည့်)
မင်းကွန်းဆရာတော်ဘုရားကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင် နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။
ဆရာတော်ဘုရားကြီးကို ၁၉၁၁ ခုနှစ် ၊ နိုဝင်ဘာလ(၁)ရက်နေ့က မြင်းခြံမြို့နယ်၊ ကျည်ပင်ရွာမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ငယ်နာမည်ကတော့ မောင်ခင်ပါ။ အသက်(၇)နှစ်အရွယ်မှာ မြင်းခြံနယ်ထဲက မင်းကျောင်းတိုက်မှာ သင်္ကန်းစဝတ်ခဲ့ပါ တယ်။ ဉာဏ်အရမ်းထက်မြက်ပြီး ပါဠိစာပေတွေမှာ ကျွမ်းကျင်နှံ့စပ်တာကြောင့် အသက်(၁၀)နှစ်အရွယ်မှာတော့ “အရှင်ဝိစိတ္တသာရာ”(ပါဠိစာပေတွေကို ကျွမ်းကျင်သူ) ဆိုတဲ့ ဘွဲ့အမည် တွင်ခဲ့ပါတယ်။
၁၉၃၀ခုနှစ် အသက်၁၉နှစ်အရွယ် ရောက်ချိန်မှာတော့ ဆရာတော်အရှင်ဝိစိတ္တသာရာဟာ စစ်ကိုင်းတိုင်း၊ မင်းကွန်းရွာက ဓမ္မနာဒကျောင်းကို ဗုဒ္ဓကျမ်းစာပေတွေ ဆက်လက်လေ့လာဖို့ ရောက်ရှိခဲ့ပါတယ်။ စရောက်တဲ့အချိန်ကနေစပြီး ဆရာတော် ပျံလွန်တော်မူခါနီးအချိန်အထိ မင်းကွန်းရွာမှာပဲ အခြေချနေထိုင်ခဲ့တယ်။
ဆရာတော်ဘုရားကြီးဟာ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ ဆရာ တော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော်(၈၁)နှစ်ရှိပါပြီ။ ဆရာတော်ကြီးရဲ့ အန္တိမဈာပနကို နိုင်ငံတော်က ကြီးမှူးပြီး ကျင်းပပေးခဲ့ပါတယ်။
မင်းကွန်းဆရာတော်ကြီးဟာ ၁၉၅၃ခုနှစ်မှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သဖြင့် နိုင်ငံတော်ကနေ တိပိဋကဓရဓမ္မ ဘဏ္ဍဂါရိက (တရားဘဏ္ဍာစိုး) ဘွဲ့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
ဦးနုအစိုးရ အုပ်ချုပ်စဉ်ကာလက ပြုလုပ်ခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ မင်းကွန်းဆရာတော်ကြီးဟာ စာမျက်နှာ တသောင်း ခြောက်ထောင်ခန့်ရှိတဲ့ ပါဠိစာပေကျမ်းဂန်တွေကို မေးမြန်းစစ်ဆေးရာမှာ ဆရာတော်ကြီးက ကျမ်းအမည်၊ စာမျက်နှာ ဘယ် လောက်၊ စာကြောင်းရေ ဘယ်လောက် စတာတွေကို အထစ်အငေါ့မရှိ အချိန်မဆိုင်း ဖြေကြားနိုင်ခဲ့လို့ နိုင်ငံတော်က ပေး တဲ့ ဆဋ္ဌသင်္ဂတိသဇကဘွဲ့ ရရှိခဲ့ပါသေးတယ်။
ဆရာတော်ဘုရားကြီးဟာ သက်ရှိထင်ရှားရှိစဉ်အချိန်တွေမှာ စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီး အပါအဝင် တခြားကျမ်းပေါင်းများစွာကိုလည်း ပြုစုခဲ့ပါသေးတယ်။ ပတ္တိယတ္တိစာပေတွေအတွက် လက်နှိပ်စက် တချောက် ချောက်ရိုက်ပြီးကျမ်းပြုနေတဲ့ ဓာတ်ပုံက အခုအခါ သမိုင်းဝင်ဓာတ်ပုံ ဖြစ်သွားပါပြီ။
ဆရာတော်ကြီးကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်ကစလို့ ဝန်ကြီးချုုပ် ဦးနု၊ တော်လှန်ရေး ကောင်စီ ဥက္ကဌ ဦးနေဝင်း နဝတအာဏာသိမ်းခေါင်းဆောင်ထဲမှာပါတဲ့ ဦးခင်ညွန့်အစရှိတဲ့ အုပ်ချုပ်သူ၊ ခေါင်းဆောင်တွေ အဆက် ဆက်က ဘွဲ့တံဆိပ်တော်တွေ အမျိုးမျိုးနဲ့ ဂုဏ်ပြုပူဇော်ခဲ့ကြပါတယ်။
ဆရာတော်ကြီးရခဲ့တဲ့ ဘွဲ့တော်တွေ အပြည့်အစုံကတော့ “သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒမ္မေဇောတိက၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိသဇက၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ”ပဲဖြစ်ပါတယ်။
ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က အနယ်နယ်အရပ်ရပ်က ဓမ္မသဘင်တွေအတွက် ရေလမ်းကုန်းလမ်း လေ ကြောင်းလမ်းတွေနဲ့ ကြွချီပြီး တရားရေအေးတိုက်ကျွေးခဲ့တယ်။
ဒီနေ့ခေတ်လို ဖျော်ဖြေရေးကဏ္ဍတွေ အများကြီးမရှိသေးခင်အချိန်တွေမှာ ကြီးပြင်းခဲ့ကြတဲ့ လူကြီးနဲ့လူလတ်ပိုင်း အရွယ် တွေကနဲ့တော့ မင်းကွန်းဆရာတော်ဘုရားကြီးအကြောင်းကို သိရှိကောင်းသိရှိနိုင်ကြမှာပါ။ ရင်းနှီးကောင်း ရင်းနှီးကြမှာပါ။ ဒါပေမယ့်လည်း ဖျော်ဖြေရေးတွေ အလွန်အင်မတန်ပေါများလာနေတဲ့ ဒီနေ့ခေတ် ကလေး၊ လူငယ်တွေ အများစုကတော့ သိချင်မှ သိကြမယ်။ ကြားဖူးချင်မှတောင် ကြားဖူးကြမယ်။
ဒါကြောင့် ဂင်းနစ်မှတ်တမ်းမှာ မြန်မာနိုင်ငံသား ဘုန်းတော်ကြီးတပါးအနေနဲ့ ပထမဆုံး ထည့်သွင်းဂုဏ်ပြုခံထားရတဲ့ မင်း ကွန်းဆရာတော်ဘုရားကြီးနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်လူငယ်တွေ ဂုဏ်ယူနိုင်ဖို့၊ ကြည်ညိုနိုင်ဖို့ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့တဲ့ မင်းကွန်းရွာ၊ ဓမ္မနာဒကျောင်းတိုက်အတွင်းက ဆရာတော်ဘုရားကြီးရဲ့ပုံရိပ်တွေ၊ အငွေ့အသက် တွေကို အခုလို မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကအသုံးပြုခဲ့တဲ့ ဖောင်တိန်၊ အသံသွင်းစက်၊ လက်နှိပ်စက်၊ ဆေးဝါးတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ်သလို ခေတ်အဆက်နိုင်ငံအုပ်ချုပ်သူတွေ ချီးမြှင့်ခဲ့တဲ့ ဘွဲ့တံဆိပ်တော်တွေကိုလည်း အနီးကပ် လေ့လာခွင့်ရမှာဖြစ်ပါတယ်။ သမိုင်းစိတ်ဝင်စားသူတွေအတွက် ဘွဲ့တံဆိပ်တော်တွေထဲက ဦးနု၊ ဦးနေဝင်းအစရှိတဲ့ အုပ်ချုပ် သူတွေရဲ့ လက်မှတ်မူရင်းတွေကိုပါ အနီးကပ်လေ့လာနိုင်မှာဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေ၊ ကပ်လှူခံခဲ့တဲ့ ဘွဲ့တော်တွေ၊ ဓာတ်ပုံမှတ်တမ်းတွေကို စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးက မင်းကွန်းရွာ၊ ဓမ္မနာဒကျောင်းတိုက်ပ ရဝုဏ်အတွင်းမှာ စုံစုံလင်လင် လေ့လာနိုင်ပါတယ်။
ဒီကျောင်းတိုက်ကို သွားချင်ရင်တော့ စစ်ကိုင်း-မင်းကွန်းသွားတဲ့လမ်းပေါ်က မင်းကွန်းရွာအလယ်နေရာလောက်မှာ “ဓမ္မ နာဒကျောင်းတိုက်သို့”ဆိုတဲ့ ဆိုင်းဘုတ်ကြီးချိတ်ထားတဲ့ လမ်းအတိုင်း အနောက်ဘက်တည့်တည့်ဝင်သွားရမှာပဲ ဖြစ်ပါ တယ်။
ဓမ္မနာဒကျောင်းတိုက်အတွင်းမှာ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းဆောင်မှာ သွားရောက်လေ့လာ နိုင်တဲ့အပြင် ဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အဖြစ်နဲ့ တည်ဆောက်ထားတဲ့ ‘ရာပြည့်ကျောင်းဆောင်’ အသစ်မှာ လည်း ဆရာတော်ကြီးရဲ့ထေရုပတ္တိဗီဒီယိုတွေ ပြသပေးနေပါတယ်။
စာဖတ်သူတွေအနေနဲ့ တချိန်ချိန်မှာ မင်းကွန်းပုထိုးတော်ကြီးဘက်ကို အဆင်သင့်လို့ရောက်ခဲ့တယ်ဆိုရင်ဖြင့် မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီးရဲ့ ပုံရိပ်တွေရှိတဲ့ ကျောင်းတိုက်ထဲကို ဝင်ရောက်လေ့လာပြီး ကြည်ညိုကြဖို့ တိုက်တွန်း လိုက်ပါတယ်။
- အေးမွန်ရာပြည့် -
( ဧရာဝတီသတင်းဌာနမှ ပြန်လည်ကူးယူဖော်ပြပါသည်။)
Comments
Post a Comment