ပြင်ဦးလွင်ကကိုလိုနီခေတ် လက်ကျန် ဆံသဆိုင်လေး

 


အေးမွန်ရာပြည့်

ကိုလိုနီခေတ်ကတည်းကဖွင့်ခဲ့ပြီးယနေ့အချိန်ထိဖွင့်နေဆဲ၊ သက်တမ်း နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်တဲ့ ရှေးဟောင်းဆံသဆိုင်လေးတဆိုင်နဲ့ စာဖတ်သူတွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လေးနှစ်ခန့်အလို ၁၉၄၄ ခုနှစ် ကတည်းကစတင်ဖွင့်လှစ်ခဲ့တဲ့ မေမြို့ (ခေါ်) ပြင်ဦးလွင်မြို့က အမျိုးသားသီးသန့် ဆံသဆိုင်လေးပဲ ဖြစ်ပါတယ်။ 

ဆံသဆိုင်ဟာ ပြင်ဦးလွင်မြို့လယ်ခေါင်က ပါဆယ်တာဝါရဲ့ အရှေ့မြောက်ဘက် ထောင့်ကျကျမှာရှိတဲ့ RS ကုန်မာဆိုင်နဲ့ မြို့မဗလီလမ်းတို့ရဲ့ အကြားမှာရှိပါတယ်။ လမ်းနဲ့ကုန်မာဆိုင်တို့ရဲ့ အကြားမှာဖွင့်ထားတယ်ဆိုလို့ စာဖတ်သူတွေအနေနဲ့ ရုတ်တရက် မျက်စိလည်သွားနိုင်ပါတယ်။ စောစောကပြောတဲ့ RS တိုက်ရဲ့ အနောက်ဘက်နံဘေးမှာအဖီချပြီးဖွင့်တဲ့ ဆိုင်ကလေးဖြစ်လို့ လမ်းနဲ့တိုက်ရဲ့ ကြားမှာရှိတယ်လို့ ပြောရတာပါ။

ရုတ်တရက်ကြည့်မယ်ဆိုရင် ဆံသဆိုင်လေးရှိမှန်းကိုအလွယ်တကူမသိနိုင်ပါဘူး။ ဆိုင်ကလေးဟာမျက်နှာစာအဖွင့်က ၁၂ ပေလောက်ရှိပြီးအနံကတော့ ၄ ပေသာသာလောက်သာရှိတဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးမျှသာ ဖြစ်ပါတယ်။

ဆိုင်ရဲ့အမည်ကတော့ ‘အင်္ဂလိပ်ဆံသ’ ပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ဖိုင်ဘာပြားဆိုင်းဘုတ်ပေါ်မှာ အဝါရောင် စာလုံးတွေနဲ့ ရေးထားပြီးဆိုင်ရှေ့မှာ လူမြင်အောင် ချိတ်ဆွဲကြော်ငြာထားတာပါ။ ဒီနေ့ခေတ်မှာအသုံးပြုနေတဲ့ သာမာန်ဆိုင်းဘုတ် ပုံစံမျိုးပါပဲ။

ဆိုင်ဖွင့်စကတည်းကသုံးခဲ့တဲ့ ဆိုင်းဘုတ်ကိုလည်းသူ့ရဲ့နဂိုနေရာမှာပဲဆက်လက်ထားရှိထားပါသေးတယ်။ ဆိုင်ရဲ့မြောက်ဘက် လူဝင်ပေါက်ရဲ့ အပေါ်ဘက်ကသစ်သားနဲ့ သံဇကာရောစပ်ထားတဲ့ ဘောင်လေးထဲမှာထည့်မြုပ်ထားတာပါ။ နဂိုမူရင်းဆိုင်းဘုတ်မှာတော့ “ ဆံသ ENGLISH ဌာန၊ HAIR DRESSING SALOON”  ဆိုပြီးရေးထားပါတယ်။ အမြင့်မှာချိတ်ထားပြီးဖုန်တွေလည်းအလိမ်းလိမ်းတက်နေတာကြောင့် ဆိုင်းဘုတ်အမျိုးအစားကိုတော့ သေချာမခွဲခြားနိုင်တော့ပါဘူး။

ဆိုင်ရဲ့အပြင်ဘက်ကိုသဘောၤဆေးအပြာရောင် သုတ်ထားတယ်။ ဆိုင်ရဲ့ရှေ့မှာဆံပင်ညှပ်သူတွေများရင် ထိုင်စောင့်နိုင်ဖို့ အုတ်ခံုံအသေးလေးတခုံရှိပါတယ်။ အဲဒီအုတ်ခုံဟာလည်းဆိုင်ဖွင့်စကတည်းကအုတ်ခုံပါပဲ။ ဆိုင်မျက်နှာစာမှာ လူဝင်ပေါက် သုံးပေါက်ရှိပါတယ်။ လူဝင်ပေါက်တွေက သစ်သားတံခါးတွေ ဖြစ်ပြီးအဲဒီသစ်သားတံခါးတွေရဲ့ အနောက်မှာမှ အနောက်တိုင်းပုံစံမှန်တံခါးရွက် တခုစီရှိနေပါသေးတယ်။ မိုးရွာရင် အလင်းရောင်လည်းရရေလည်းမပက်စေဖို့ သေချာစီမံထားခဲ့ပုံပါပဲ။

ဆိုင်အတွင်းဘက်ကိုလေ့လာကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော် ကာလကို ပြန်ရောက်သွားသလိုခံစားရမှာပါ။ ဆိုင်ဖွင့်စကတည်းကအသုံးပြုခဲ့တဲ့ ဆံပင်ညှပ် ဆုံလည် ကုလားထိုင်ကြီးတွေ၊ ရှေးဟောင်းကျောက်မှန်ကြီးတွေနဲ့ တခြားရှေးကျတဲ့ အသုံးအဆောင်တွေကိုတစုတစည်းတည်း မြင်ရပါမယ်။ ၁၂ ပေလောက် ကျယ်ဝန်းတဲ့ ဆိုင်လေးထဲမှာဆံပင်ညှပ်တဲ့ ခုံလေးခုံ၊ ခေါင်းလျှော်ဖို့ သံရေတိုင်ကီနဲ့ ဘေစင်၊ အကျီ ၤချိတ်တဲ့ ကြေးချိတ်တန်းနှစ်ခု၊ ဆံသဆိုင်နဲ့ ပတ်သက်တဲ့ တိုလီမုတ်စပစ္စည်းလေးတွေထားဖို့ ရှိုးကေ့စ်လေးနှစ်ခု၊ ဆံပင်ညှပ်သူများနေရင် ထိုင်စောင့်နိုင်ဖို့ သစ်သားနဲ့လုပ်ထားတဲ့ ရှေးဟောင်းပရိဘောဂခုံလေးတွေကိုနဂိုမူလကအတိုင်းဆက်လက်ထားရှိထားပါတယ်။


ဆံသဆိုင် စဖွင့်ကတည်းကရှိခဲ့တဲ့ ရေဒီယိုတင်တဲ့စင်ကအခုထိရှိသေးပေမယ့် ရေဒီယိုကတော့ မရှိတော့ပါဘူး။ ဒီဆိုင်ကို ပြင်ဦးလွင်မြို့သား၊ အိန္ဒိယနွယ်ဖွားဟိန္ဒူဘာသာဝင် ‘Sri DurgaPrashardVerma’ ဆိုသူကစတင် ဖွင့်လှစ်ခဲ့တာပါ။ စဖွင့်စ အချိန်တွေကတော့ ဆံသဆိုင်လေးဟာအင်မတန် လူစည်ကားလွန်းလို့ ဧည့်သည်ထိုင်ခုံတွေ အများကြီးထားခဲ့ရတယ်။ ဆံသဆရာတွေကလည်းလေးယောက်လောက်တောင် ရှိခဲ့ပါသတဲ့။


စတင်တည်ထောင်သူအမျိုးသားကြီးရဲ့ လက်ထက်ကနေသူ့ရဲ့ တပည့်တွေအစဉ်အဆက် လက်ဆင့်ကမ်းဖွင့်လှစ်ခဲ့ကြပြီးအခုအချိန်မှာတော့ ဂေါ်ရခါးလူမျိုးအသက် ၄၆ နှစ် အရွယ် ကိုကြည်သိန်းကဆက်လက်ဖွင့်လှစ် နေပါတယ်။ ကိုကြည်သိန်းဟာဒီအင်္ဂလိပ်ဆံသဆိုင်ကိုသူ့အသက် ၁၆ နှစ်သားလောက်ကစပြီးပညာသင်အဖြစ် ရောက်လာခဲ့သူ ဖြစ်ပါတယ်။


အခုချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူရဲ့ အမျိုးတွေထံကနေတလကိုငွေကျပ်နှစ်သောင်းနဲ့ ငှားရမ်းကာဆက်လက် လုပ်ကိုင်နေပါတယ်။ ဆိုင်ကိုလည်းစတင် ဖွင့်စကအတိုင်းကိုလိုနီခေတ်ကအငွေ့အသက်တွေ ခြုံလွှမ်းနေတဲ့ ပုံစံနဲ့ပဲ လုံးဝမပြုပြင် မပြောင်းလဲဘဲဆက်လက် ဖွင့်လှစ်ခဲ့ကြတာပါ။


အဲဒီဆိုင်လေးကို ပြင်ဦးလွင်မြို့ခံတွေထဲကတချို့တောင် မသိကြသလို ပြည်တွင်းကလာရောက်လည်ပတ်သူအများစုကလည်းသိကြဟန် မတူပါဘူး။ ဒါပေမယ့် အဲဒီဆိုင်လေးအကြောင်းကို ပြင်ဦးလွင်ကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည် အများစုကတော့ သိရှိကြပါတယ်။


ပြင်ဦးလွင်မြို့ကိုရောက်လာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်အများစုဟာအင်္ဂလိပ်ဆံသဆိုင်ကို ဝင်ပြီးဓာတ်ပုံရိုက်ပြီးမှ စိတ်ကျေနပ်ကြတယ်။ ဆံပင်ညှပ်တဲ့ မှန်ဘောင်နံဘေးတလျှောက်မှာကပ်ထားတဲ့ ရှုခင်းဓာတ်ပုံတွေကိုလည်းဂရုတစိုက်လေ့လာပြီးဓာတ်ပုံရိုက်ကြတယ်။ (ဓာတ်ပုံတွေကအဲဒီခေတ်ကဆွစ်ဇာလန်နိုင်ငံရဲ့ ရှုခင်းတွေ၊ အထိမ်းအမှတ် အဆောက်အဦးတွေရဲ့ ဓာတ်ပုံတွေပါ။) ဆံပင်ညှပ်တဲ့ ဆုံလည်ခုံကြီးတွေမှာထိုင်ပြီးဓာတ်ပုံရိုက်ကြတယ်။


ကိုကြည်သိန်းနဲ့လည်းဓာတ်ပုံတွဲရိုက်တယ်။ တချို့က ကိုကြည်သိန်းဆီမှာဆံပင်အညှပ်ခံကြတယ်။ သည်နေ့အချိန်ထိလူတယောက်အတွက် ဆံပင်ညှပ်ခဟာငွေကျပ်ငါးရာသာကျသင့်တာကိုလည်းလာရောက် လေ့လာသူတွေကအထူးအဆန်း ဖြစ်ကြရပါတယ်။


အင်္ဂလိပ်ဆံသဆိုင်မှာဆံပင်ဆေးဆိုး၊ ခေါင်းလျှော်၊ ဆံပင်ညှပ် အားလုံးအတွက် စုစုပေါင်းမှ ငွေ ၁၅၀၀ ကျပ်သာကျသင့်ပါတယ်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးအတွက်တော့ ငွေကျပ် သုံးရာပေးရတယ်။ တချို့က ကိုကြည်သိန်းရဲ့ဆိုင်မှာဈေးသက်သာလို့ ညှပ်ကြသလိုတချို့ကလည်းအစွဲအလမ်းကြောင့် လာရောက် ညှပ်နေသူတွေလည်းရှိပါတယ်။


ဒီနေ့အချိန်မှာဆံသဆိုင်ဟာအရင်ကလိုအမြဲမပြတ် စည်ကားနေတာမျိုးမရှိတော့ပေမယ့် ပုံမှန်ဖောက်သည်ကတော့ မပြတ်ရှိနေပါသေးတယ်။


ဆံသဆိုင်ဖွင့်စကတည်းကတဆိုင်တည်းမှာပဲသစ္စာရှိရှိအားပေးလာခဲ့တဲ့ သူတွေထဲကအခုချိန်ထိလာရောက် အားပေးနေဆဲအသက် ၇၀ ကျော် လူကြီးပိုင်းအချို့လည်းရှိနေပါသေးတယ်။ လူငယ်ပိုင်းတွေထဲကတော့ လာရောက် ဆံပင်ညှပ်ခံသူအနည်းငယ်သာရှိပါတယ်။ စနေ၊ တနင်္ဂနွေလိုရက်တွေမှာတော့ ဗိုလ်လောင်းတွေကိုအများဆုံးညှပ်ပေးရတတ်တယ်လို့ သိရပါတယ်။


ဒါပေမယ့် စိတ်မကောင်းစရာကတော့ အဲဒီသက်တမ်း နှစ် ၇၀ ကျော် ရှိခဲ့တဲ့ အင်္ဂလိပ် ဆံသဆိုင်လေးဟာ  နောက်ထပ်လေးလခန့်ကြာရင်ဖြင့် အပြီးတိုင် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။


သြဂုတ် (သို့မဟုတ်) စက်တင်ဘာမိုးရေစက်တွေနဲ့အတူအဲဒီဆံသဆိုင်လေးဟာ ပြင်ဦးလွင်မြို့ကို လုံးဝနှုတ်ဆက်ဖို့ ရာခိုင်နှုန်းတော်တော်များများသေချာနေပါပြီ။ အဖီလေးချပြီးဆံသဆိုင်လေးဖွင့်ထားတဲ့၊ RS ကုန်မာဆိုင်ဖွင့်ထားတဲ့၊ မန္တလေး- လားရှိုးလမ်းမကြီးပေါ်ကတိုက်အိမ်လေးကိုအသစ်ပြန်လည် တည်ဆောက်တော့မှာ ဖြစ်လို့ပါပဲ။


မကြာတော့တဲ့ ကာလတခုမှာဒီအင်္ဂလိပ်ဆံသဆိုင်လေးဟာနေရာအသစ်မှာခေတ်သစ်ပုံစံနဲ့ ဆက်လက်ဖွင့်လှစ်မှာလား၊ ဒါမှမဟုတ် မေမြို့ လို့လည်းခေါ်ကြတဲ့ ပြင်ဦးလွင်မြို့ကိုအပြီးတိုင်ပဲ နှုတ်ဆက်သွားတော့မှာလားဆိုတာကတော့ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်။


(May 7, 2015 ရက်နေ့ထုတ် ဧရာဝတီသတင်းဂျာနယ်တွင် ဖော်ပြခံခဲ့ရသည့်ဆောင်းပါးဖြစ်ပါသည်။)

                                                          

                                                         =======================


 

Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း