စစ်ကိုင်းဂီတာအိုး

 

မြန်မာနိုင်ငံကနေဂီတာတွေ ထုတ်လုပ်နေတဲ့ အဓိကမြို့ကြီး ၃ မြို့ ရှိတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့ပဲ ဖြစ်တယ်။ အားလုံးထဲမှာလက်ရာပိုင်းသေသပ်ကောင်းမွန်မှု၊ ခိုင်ခံ့မှုနဲ့ အသံထွက်ကောင်းမွန်မှုတွေမှာပိုမိုသာလွန်တယ်ဆိုပြီးနာမည်ကျော်ကြားတာကတော့ စစ်ကိုင်းမြို့ကထွက်တဲ့ ဂီတာတွေပဲ ဖြစ်ပါတယ်။ ဂီတာချစ်သူတွေကတော့ စစ်ကိုင်းအိုးလို့ အလွယ်တကူခေါ်ကြတယ်။



·         




စစ်ကိုင်းမြို့ရဲ့ ထုတ်ကုန်တွေထဲမှာစဉ့်အိုး၊ မြေအိုးတွေ နာမည်ကျော်ကြားသလိုစစ်ကိုင်းဂီတာအိုးကလည်းထင်ရှားလှတယ်။ ပြည်တွင်းထုတ်ဂီတာတွေထဲမှာကို  စစ်ကိုင်းဂီတာတွေဟာအရည်အသွေး မြင့်မားမှုကြောင့် ရန်ကုန်၊ မန္တလေးကထွက်တဲ့ ဂီတာတွေရဲ့ အထက်မှာကိုမားမားမတ်မတ်ရပ်တည်နေတယ်။

အခုချိန်မှာတော့ မြန်မာပြည်ဂီတာဈေးကွက်မှာစစ်ကိုင်းဂီတာတွေဟာသူတို့ထက် ဈေးနှုန်းသက်သာမှုရောအရည်အသွေးပါ ပိုမိုသာလွန်လှတဲ့ တရုတ်ဂီတာတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတယ်။ နောက်ပိုင်းမှာလည်းစစ်ကိုင်းဂီတာတွေဟာဈေးနှုန်းမြင့်တက်ဖို့သာရှိပြီးအရည်အသွေးကတော့ တန့်ခံနေသလို ဖြစ်နေမှာကြောင့် ဒီဂီတာတွေဟာတဖြည်းဖြည်းမှေးမှိန်သွားဖို့နဲ့ ပျောက်ကွယ်သွာဖို့ နီးစပ်လာနေတယ်။

မြန်မာနိုင်ငံမှကတော့ ဂီတာလုပ်ငန်းတင်မကပါဘူးရိုးရာလက်မှုလုပ်ငန်းအသေးစားလေးတွေအများစုဟာမျက်စိရှေ့တင် တဖြည်းဖြည်းပျောက်ကွယ်နေတာစာဖတ်သူတွေအသိပါပဲ။ စာဖတ်သူတွေ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားတဲ့ လက်မှုလုပ်ငန်းတွေ နည်းမှ မနည်းပဲ။ အဲဒီလိုပျောက်ကွယ်မယ့်အထဲမှာစစ်ကိုင်းဂီတာတွေကလည်း ပါဝင်တော့မယ်။ အချိန်မကြာခင်အတောအတွင်းမှာပေါ့။

စစ်ကိုင်းမြို့မှာဂီတာတွေ စတင်ပြုလုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ၁၉၈၀ ဝန်းကျင်လောက်ကပါ။ အဲဒီအချိန်တွေတုန်းက မန္တလေးမြို့က တူရိယာပစ္စည်းဆိုင်တွေမှာ နိုင်ငံခြားဂီတာ၊ ရန်ကုန်ဂီတာတွေကိုသာတွင်တွင်ကျယ်ကျယ်ရောင်းချနေကြတဲ့အချိန်ပေါ့။ အဲဒီလိုဆိုင်တဆိုင်မှာဂီတာဟောင်းတွေ ပြန်လည်ပြုပြင်ပေးနေတဲ့ ဦးကျော်သိန်းဆိုတဲ့ စစ်ကိုင်းသားကြီးတယောက်ရှိခဲ့တယ်။ သူကိုယ်တိုင်ကလည်းဂီတာတွေအပေါ် အရမ်းရူးသွပ်တာကြောင့်  နောက်ပိုင်းမှာဂီတာတလုံးကိုအစအဆုံး ပြုလုပ်နိုင်တဲ့အထိ နှံ့နှံံ့စပ်စပ် ဖြစ်လာတယ်။ ဒါနဲ့ပဲစစ်ကိုင်းမြို့မှာဂီတာတွေ စတင်ပြုလုပ်ခဲ့တယ်။ ဒါကတော့ စစ်ကိုင်းမြို့မှာ  ဂီတာတွေ ပေါ်လာခဲ့ရတဲ့ မူလအကြောင်းရင်းပဲ ဖြစ်ပါတယ်။

စစ်ကိုင်းဂီတာတွေ စပေါ်ခဲ့တဲ့အချိန်တွေကတော့ စစ်ကိုင်းမြို့မှာဂီတာလုပ်ငန်းလုပ်သူတစ်ဦးစ နှစ်ဦးခန့်သာရှိခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ လုပ်ငန်းသုံးလေးဆယ်လောက်အထိများပြားလာတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ စစ်ကိုင်းမှာဂီတာလုပ်ငန်းစုစုပေါင်းအခု၂၀ လောက်သာကျန်တော့တယ်။ ဒါတောင် တချို့လုပ်ငန်းတွေဟာလုပ်ငန်းလို့ ဆိုပေမယ့် အိမ်တွင်းလက်မှုလုပ်ငန်းအသေးစားလေးတွေသာ ဖြစ်ပါတယ်။

စစ်ကိုင်းမှာဂီတာလုပ်ငန်းလုပ်တဲ့ ရပ်ကွက် ၄ ခုလောက်ရှိတယ်။ မင်းစံ ၊ထုံးဘို၊ မြို့သစ်၊ စိန်ကုန်းစတဲ့ ရပ်ကွက်တွေပါ။ လုပ်ငန်းလုပ်သူအားလုံးနီးပါးဟာစစ်ကိုင်းသားကြီးဦးကျော်သိန်းဆီကပညာအမွေခံပြီးဆင်းလာကြသူတပည့်တပန်းတွေချည်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

စစ်ကိုင်းကဂီတာလုပ်ငန်းတွေမှာဟော်လိုဂီတာ၊ အီလက်ထရောနစ်ဂီတာ၊ ဆီမီးအီလက်ထရောနစ် ဂီတာတွေဆိုပြီးအသီးသီးထုတ်ကြတယ်။ တချို့လုပ်ငန်းကြီးတွေမှာတော့ မယ်ဒလင်လိုတယောလို လက်ဝင်တဲ့ တူရီယာတွေကိုပါ ထုတ်ကြတယ်။ ဒါပေမယ့် ဂီတာတွေကိုသာအဓိကထုတ်ကုန်အဖြစ် ထုတ်ကြတာပါ။ ဂီတာတွေကိုပုံသဏ္ဍာန်၊ အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်တယ်။ အရွယ်အစားကတော့ လူကြီး၊ လူငယ်၊ မိန်းကလေးတွေ အားလုံးကိုင်နိုင်ဖို့ ၂၅ မျိုးလောက် ထုတ်တယ်။ ဒီဇိုင်းမှာလည်းကောက်အိုး (ဂေါက်အိုးလို့ အသံထွက်ကြပါတယ်)၊ကောက်ချွန်အိုး၊ ဘူးအိုး(ဘူးသီးပုံအိုး)ဆိုပြီးရှိသလိုဂီတာလုပ်တဲ့အသားပေါ် မူတည်ပြီးတော့လည်းထင်းရှုးအိုး၊ ဖော်မီကာအိုး၊ ထွင်းအိုးဆိုပြီးရှိပြန်တယ်။

ထွင်းအိုးဆိုတာကတော့ ကျွန်းတို့၊ သစ်မာတို့လိုသစ်သားတုံးကြီးကိုဂီတာအိုးပုံစံံထွင်းထားတဲ့ အိုးပဲ ဖြစ်ပါတယ်။ အိုးရဲ့ အတိမ်အနက်ကိုလည်း ၃ လက်မ၊ ၄ လက်မ၊ ၅ လက်မဆိုပြီးခွဲထားသေးတယ်။ ၃ လက်မလိုအနက်တိမ်တဲ့အိုးပါးမျိုးကိုမိန်းကလေးတွေ အကိုင်များပြီး ၅ လက်မလိုအိုးထူထူကြီးတွေကိုတော့ တကယ့်ပရော်ဖက်ရှင်နယ်ဂီတာသမားကြီးတွေ ကိုင်ကြတယ်။ ဒီနေ့ခေတ်ကတော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ဖြစ်တာကြောင့် နိုင်ငံခြားမှာခေတ်စားနေတဲ့ ဂီတာပုံစံဒီဇိုင်းတွေကိုပါ အင်တာနက်ကကြည့်ပြီးချက်ချင်းလိုက်ထုတ်နိုင်နေပါပြီ။

စစ်ကိုင်းမြို့ ဂီတာလုပ်ငန်းတွေဟာလုပ်ငန်းကြီးရင်ကြီးသလိုလုပ်သားအင်အားများများနဲ့ ဂီတာလုံးရေများများစားစားကိုထုတ်နိုင်ကြတယ်။ ၁ လကိုဂီတာလုံးရေ ၆၀၀၊ ၇၀၀ အထိအများဆုံးထုတ်နိုင်ကြတယ်။ တနိုင်တပိုင်မိသားစုလိုက်လုပ်တဲ့ ဂီတာလုပ်ငန်းလေးတွေလည်းရှိပြီးသူတို့ကတော့ အထွက်နည်းပါတယ်။

ဂီတာတလုံးကိုအစအဆုံးထုတ်လုပ်ပြီးလို့မှ အသံမအောင်ခဲ့တာ၊ အရည်အသွေးမမှီခဲ့တာမျိုးကလည်း ဖြစ်တတ်ပါသေးတယ်။ မြန်မာပြည်မှာကတော့ ဂီတာထုတ်တဲ့ အသေးစားလုပ်ငန်းလေးတွေလောက်သာ ဖြစ်တာကြောင့် မကောင်းတဲ့ဂီတာဆိုရင် စွန့်ပစ်ဖို့အထိမဖြစ်နိုင်ပါဘူးလို့ စစ်ကိုင်းမြို့ခံဂီတာလုပ်ငန်းလုပ်ကိုင်သူတွေကဆိုကြတယ်။ တတ်နိုင်လောက် အစအဆုံးနီးပါး ပြန်ပြင်တဲ့ အဆင့်လောက်ပဲလုပ်နိုင်သေးတယ်။

ဂီတာတလုံးမှာ ပါဝင်တဲ့ ပစ္စည်းတွေ အရည်သွေးမြင့်ရင် မြင့်သလို  ဂီတာဈေးဟာလည်းလိုက်မြင့်ပါတယ်။ စစ်ကိုင်းကထွက်တဲ့ ဂီတာတွေဟာဈေးအနိမ့်ဆုံးငွေကျပ် ၁၀၀၀၀ တန်ကနေအမြင့်ဆုံးငွေကျပ် ၂ သိန်းလောက်တန်အထိတန်ကြေးရှိပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀လောက် အချိန်တွေတုန်းကတော့ ဂီတာတခုမှာထည့်ရမယ့် ကီးတို့၊ ဖလက်ပြားတို့လိုအစိတ်အပိုင်းတွေကိုစစ်ကိုင်းမြို့ပတ်ဝန်းကျင်ကနေ တံတားဦးခေါင်းကွဲတို့၊ ရွာထောင်တို့ကထုတ်လုပ်ကြတယ်။ အခုလက်ရှိအချိန်မှာတော့ ဂီတာတလုံးမှာလိုအပ်တဲ့ သုံးထပ်ပြားတို့၊ လက်တံပိုင်းလုပ်တဲ့ သစ်သားမျိုးစုံကလွဲပြီးပစ္စည်းအားလုံးကိုတရုတ်နိုင်ငံကချည်းယူသုံးနေရတဲ့အခြေအနေထိ ဖြစ်သွားပြီ။ ပြည်တွင်းကထုတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေဟာအရည်အသွေးပိုင်းမြှင့်တင်မှုမျိုးမလုပ်နိုင်ပဲဈေးကသာ တနှစ်ထက်တနှစ် မြင့်တက်နေတာကြောင့် ဂီတာလုပ်ငန်းသမားတွေဟာကုန်ကြမ်းတွေအကုန်လုံးကိုတရုတ်ပြည်ကချည်းယူသုံးနေကြရတယ်။

အခုချိန်မှာစစ်ကိုင်းဂီတာအိုးလို့ ဆိုပေမယ့် သစ်သားနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပြင်ဆင်မှု လုပ်အားကလွဲရင် ကျန်တာတွေအားလုံးတရုတ်ပြည်ထုတ်ပစ္စည်းတွေချည်း ဖြစ်သွားပါပြီ။

မြန်မာနိုင်ငံအနှံ့မှာတရုတ်ပြည်ထုတ်ပစ္စည်းတွေ ဗုံးဗောလအောလွှမ်းမိုးနေသလို ပြည်တွင်းဂီတာလောကမှာလည်းတရုတ်ပြည်ထုတ်ဂီတာတွေဟာတော်တော်ကို ထိုးဖောက်ဝင်ရောက်နေပြီ။ အိမ်နီးချင်းတရုတ်နိုင်ငံကနေဆိုင်ကယ်ကယ်ရီဆွဲသူတွေဟာတနိုင်တပိုင်နဲ့ တရုတ်ဂီတာတွေကိုသယ်လာရာကနေတဆင့် ပြည်တွင်းမှာတရုတ်ဂီတာတွေ စတင်ပေါများလာတာဖြစ်တယ်လို့ ပြည်တွင်းကဂီတာထုတ်လုပ်သူတွေကဆိုကြတယ်။

တရုတ်ပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ မြန်မာဂီတာ(စစ်ကိုင်းဂီတာ)တလုံးရဲ့ ဈေးနှုန်းနဲ့ တရုတ်ထုတ်ဂီတာတလုံးရဲ့ ဈေးနှုန်းဟာအတူတူဖြစ်တယ်ဆိုရင်တောင် တရုတ်ဂီတာကပိုပြီးအစစအရာရာသာလွန်နေတာကြောင့် နောက်ပိုင်းမှာ ပြည်တွင်းဖြစ်ဂီတာတွေ၊ စစ်ကိုင်းဂီတာတွေဟာတဖြည်းဖြည်းမှေးမှိန်နိုင်ဖို့ လမ်းမြင်တွေ့နေရပါပြီ။

တကယ်တော့ ဂီတာဟာ မြန်မာလူမျိုးတွေနဲ့တော့ ရင်နှီးကျွမ်းဝင်မှု မရှိလောက်အောင် နည်းလှပါတယ်။ တချို့မိဘတွေဆိုရင် ဒီနေ့အချိန်ထိကိုဂီတာတီးရင် လမ်းသရဲဆန်တယ်ဆိုပြီးသူတို့သားသမီးတွေကိုမတီးဖို့ တားမြစ်နေကြပါသေးတယ်။ အဲဒီလိုတားမြစ်တာတွေကြားကပဲဂီတာကိုတကယ်စွဲလမ်းတန်ဖိုးထားသူ၊ တီးခတ်ရတာ ဝါသနာပါသူ ယောကျာ်းလေး၊ မိန်းကလေး၊ လူကြီးလူငယ်မရွေးအများကြီးရှိနေသေးတယ်။ လာမယ့်အနာဂတ်မှာလည်းဂီတာချစ်သူတွေဟာဆက်လက်ထွက်ပေါ်နေဦးမှာဖြစ်တယ်။

အနာဂတ်ကာလတွေမှာဆက်တိုက်ဆက်တိုက် ထွက်ပေါ်လာဦးမယ့် ဂီတာချစ်သူတွေကိုစစ်ကိုင်းဂီတာဆိုတာဟာ မြန်မာပြည်ဂစ်တာလောကမှာခန့်ခန့်ထည်ထည် တည်ရှိခဲ့ပါလားဆိုတဲ့ အသိလေးလောက် တချက်ပေးစွမ်းနိုင်ဖို့ စစ်ကိုင်းကဂီတာထုတ်လုပ်သူလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်မှာရေရှည်တောင့်ခံထားဖို့ လိုအပ်ပါတယ်။

စစ်ကိုင်းဂီတာတွေ ဘယ်အချိန်ထိအဲ့ဒီလိုတောင့်ခံနိုင်မလဲဆိုတာကတော့ အင်မတန်မှကို စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။

(စက်တင်ဘာ၅ ၊၂၀၁၅ ရက်နေ့ ဒီဗွီဘီသတင်းစာမျက်နှာတွင်ဖော်ပြခံခဲ့ရသည်။)

== =========================


Comments

Popular posts from this blog

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း