မန္တလေးကိုလည်း ကယ်တင်ပါ

 

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်အငွေ့အသက်များ တစုတစည်းတည်း တွေ့မြင်နိုင်သည့် မန္တလေးမြို့အတွက် အဓိက စိန်ခေါ်မှုမှာ ယဉ်ကျေးမှု၊ အနုပညာနှင့် သမိုင်းဆိုင်ရာ အခြေအနေများကို နားမလည်သည့် မြို့ပြ စီမံကိန်း တည်ဆောက်မှုများပင် ဖြစ်သည်။


ခေတ်အလိုက် တည်ဆောက်ခဲ့သည့် အထင် ကရ အဆောက်အအုံများ၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ယဉ်ကျေးမှု အနုလက်ရာများကို ယခင်က မြို့ပရိဝုဏ် အတွင်းတွင်ပင် လည်ပတ်ရင်း လေ့လာနိုင်သည်။ ယနေ့ မန္တလေးမြို့မှာမူ ကွန်ကရစ် တောထဲသို့ အရောက်သွားနေသည့် ပုံစံအဖြစ် မြို့ခံတို့ စိတ်မသက်မသာ တွေ့ကြုံနေရပြီဖြစ်သည်။


ယင်းကဲ့သို့ အဆောက်အအုံများ သစ်လွင်နေမှုအား တိုးတက်မှုအဖြစ် လူပြိန်းနည်းဖြင့် တိုင်းတာခြင်းမှာ သမိုင်းဆိုင်ရာ တန်ဖိုးများနှင့် ပြည့်နေသည့် ယဉ်ကျေးမှုမြို့တော် တခုအတွက်မူ ဆုံးရှုံးမှုတရပ်ပင် ဖြစ်သည်။


ကုန်းဘောင်ခေတ်တွင် နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ ပြီး အင်္ဂလိပ်နှင့် ဂျပန်တို့လက်အောက် ကျရောက်ခဲ့ သည့် ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် စစ်ဒဏ် ကို ခါးစည်းခံခဲ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်တွင်မူ ဒုတိယ မြို့တော်အဖြစ် အဆင့်လျှောကျခဲ့ရသည်။ လက်ရှိ မန္တလေးကား တတိယမြို့တော် ဖြစ်သွားချေ ပြီ။


မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် ရန်ကုန်မြို့ လောက် ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံ များစွာ မကျန်ရစ်ခဲ့သော်လည်း အထက်မြန်မာပြည် ၏ အထင်ကရမြို့တမြို့ အနေဖြင့်မူ အင်္ဂလိပ်အစိုးရ တာဝန်ရှိ သူများ၏ အခြေစိုက်ရုံးကြီးများ၊ အထင်ကရ အဆောက်အအုံကြီးများ အတိုင်းအတာ တခုအထိ ကျန်ရစ်ခဲ့သည်။


ယင်းအဆောက်အအုံများအနက် အချို့မှာ ဒုတိယကမ္ဘာစစ်၏ ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သလို တချို့မှာမူ ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အဆောက်အအုံအချို့မှာ ပိုင်ရှင်ပြောင်းသွားမှုကြောင့် မူလလက်ရာ ပျောက်ခဲ့ ရသည်။ သဘာဝဘေးဒဏ်ကြောင့် မူလဗိသုကာဟန် ပျောက်သွားသော အဆောက်အအုံများမှာလည်း မနည်းလှပေ။ ဆိုင်းတန်းမီး(၁၉၈၁ခုနှစ်) နှင့် ဦးကျားကြီးဝင်းမီး (၁၉၈၄ခုနှစ်) တို့ကဲ့သို့သော ကြီးမားသည့် မီးဘေးအန္တရာယ်များကြောင့်လည်း သမိုင်းဝင် အဆောက်အအုံများ ပျက်စီးခဲ့မှုများ ရှိခဲ့ပါသည်။ အလှူရှင်အချို့၏ သဒ္ဓါတရား လွန်ကဲမှုကလည်း ဘာသာရေးဆိုင်ရာ ရှေးဟောင်း အဆောက်အအုံအချို့ကို မရည်ရွယ်ဘဲ ပျက်စီးစေခဲ့သည်။ နိုင်ငံပိုင်စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ကြောင့် ကိုလိုနီခေတ် စက်ရုံအချို့ ပုဂ္ဂလိကလက်ထဲ ရောက်သွားရပြီး ပျက်စီးသွားခဲ့ကြသည်လည်း ရှိ သည်။


မန္တလေးမြို့၏ မြို့ပြပြောင်းလဲမှု အနေအထား နှင့် စီးပွားရေးအကွက်အကွင်း ကျမှုများကြောင့် လည်း ရှေးဟောင်းအဆောက်အအုံများမှာ တနေ့ ထက်တနေ့ ယုတ်လျော့နည်းပါး နေရသည်။ အထူး သဖြင့် မြေတန်ဖိုး မိုးထိုးနေသည့် မန္တလေးမြို့တွင် အရှေ့မြောက်ဘက်ဒေသမှ ပိုင်ရှင်အသစ်များက မူလပိုင်ရှင်ဟောင်းများ မမျှော်မှန်းထားသည့် ဈေးနှုန်းများဖြင့် ဈေးခေါ်ကာ ဝယ်ယူမှုများ ရှိနေ သည်။ တောင့်မခံနိုင်သည့် ပိုင်ရှင်ဟောင်းအချို့ ပိုင်ရှင်အသစ်တွေထံ မိမိတို့ မြေယာတွေကို ထိုးအပ်ရသည့် အဖြစ်များစွာကလည်း ရှိနေသည်။


ယနေ့မန္တလေးမြို့တွင် ယခင် ကိုလိုနီခေတ်က ပုံစံအတိုင်း စနစ်တကျ ထိန်းသိမ်းထားသည့် အဆောက်အအုံများကား လက်ချိုး၍ ရေတွက်လျှင် ပင် ရနိုင်လောက်သည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်သည်။


မန္တလေးမြို့မှ ယနေ့အထိ အထင်ကရတည်ရှိ နေဆဲ ကိုလိုနီခေတ်လက်ကျန် အများပြည်သူဆိုင်ရာ အဆောက်အအုံများမှာ ဈေးချိုနာရီစင်၊ ၂၆ဘီလမ်း နှင့် ၇၁လမ်းထောင့်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၊ ကျုံးအနောက်ဘက်၂၂(စီ)လမ်းရှိ စာတိုက်ကြီး၊ ပရိသတ် ၁၇၀ဝ၀ ဆံ့ ဗထူးဘောလုံးကွင်း၊ မန္တလေး တက္ကသိုလ် အတွင်းရှိ ပင်မကောလိပ်နေရာ (ယခု ကွပ်ကဲရေးရုံး)နှင့် ပင်မအဆောက်အအုံကြီး၊ ရဲသိပ္ပံ အနီးရှိ ရဲရိပ်သာအချို့နှင့် ဆေးရုံကြီးအတွင်းရှိ ရှေးခေတ် အဆောက်အအုံဟောင်းများပင် ဖြစ် သည်။


ကိုလိုနီခေတ် အဆောက်အအုံများထဲမှ နာမည်ကျော် အဆောက်အအုံများ ဖြစ်သည့် ဘူ တာကြီးဟောင်း၊ ဈေးချိုနှင့် ရဲသိပ္ပံကျောင်း (ရဲ အတတ်သင်ကျောင်း) အဆောက်အအုံများမှာမူ လွတ်လပ်ရေးရပြီးအချိန် ကာလမှ ဆိုရှယ်လစ် ခေတ်တိုင် တည်ရှိခဲ့သည်။ သို့သော်လည်း အဆိုပါ အဆောက်အအုံများအား အာဏာသိမ်း စစ်အစိုးရ လက်ထက်တွင် ဖြိုချဖျက်ဆီးပြီး ဘူတာကြီးအသစ်၊ ဈေးချိုတိုက်တန်း-၂၈ထပ် အဆင့်မြင့် လူနေ အဆောက်အအုံများ၊ ကလေးဆေးရုံ စသဖြင့် အသီးသီး ပြောင်းလဲတည်ဆောက်ပစ်ခဲ့သည်။ ကျုံး အရှေ့တောင်ထောင့်ရှိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က ဒေသပါတီ ကော်မတီရုံးမှာလည်း လက်ရှိအချိန်တွင် ဒေါ်လာများသဲ့ရှာနေသည့် ဆီဒိုးနားဟိုတယ် ဖြစ်သွားခဲ့ပြီဖြစ်သည်။


ရဲသိပ္ပံကျောင်းဝင်းအတွင်းရှိ အဆောင်များမှာ နွေ မိုး ဆောင်း ရာသီသုံးခုစလုံးနှင့် ကိုက်ညီအောင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလင်းအမှောင်များ အားလုံးကိုပါ ချိန်ဆ၍ ဆောက်လုပ်ထားသည့် ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံများဖြစ် ကြောင်း၊ ယင်းကဲ့သို့ အဆောက်အအုံများအား ပြည်သူကို အသိမပေးဘဲ အလွယ်တကူဖျက်ဆီးပစ်လိုက်ခြင်းမှာ မန္တလေးမြို့အတွက်ရော၊ မြို့လူထုအတွက် ပါများစွာ နစ်နာဆုံးရှုံးလှကြောင်း မန္တလေးသား စာရေးဆရာ ဆရာဆူးငှက်က ပြောသည်။


ထိုသို့ တည်ဆောက်ရာတွင် ဘူတာကြီးနှင့် ဈေးချိုအဆောက်အအုံများအား မြေလှန်ကာ အစ အဆုံး အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ရဲသိပ္ပံအဖြစ် ရှိခဲ့သည့် အဆောက်အအုံကို ကလေး ဆေးရုံအဖြစ် တချို့တဝက်ပြုပြင်ကာ ပြောင်းလဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ကာလက နဝတ စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် အချိန်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့် ခံစားချက်များအား လျစ်လျူရှု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


]]တည်ဆောက်ပြုပြင်}} ဟူသော စကားရပ်ကို ရေလဲသုံးခဲ့သည့် နဝတစစ်အစိုးရ လက်ထက်တွင် ယင်းကဲ့သို့ ကိုလိုနီခေတ် အဆောက်အအုံများ ဖျက်ဆီးခံရသည်သာမက ရတနာပုံခေတ်က ြွကင်း ကျန်ခဲ့သည့် အထင်ကရနေရာများကိုပါ ဖျက်ဆီးခဲ့သည်။


အမြင်သာဆုံးအနေဖြင့် ၂၂(စီ) လမ်းမ အနောက်ဘက်ဆုံးအပိုင်းတွင် တည်ရှိနေသည့် ယောမင်းကြီးအုတ်ဂူ အနီးတဝိုက်မှ ဘုရင့်မင်းဆွေ မင်းမျိုးများ၏ ဂူသင်္ချိုင်းတော် နေရာများအား ဖျက်ဆီးကာ နေအိမ်တိုက်ခန်းများ ဆောက်လုပ်ပစ် ခြင်း၊ ကနောင်မင်းသားကြီး ကျဆုံးခဲ့သည့် အထိမ်း အမှတ်အဖြစ် တည်ထားခဲ့သည့် မန္တလေးတောင်ခြေရှိ စန္ဒာမုနိ ဘုရားဝင်းအတွင်းက ကနောင်မင်းသား အုတ်ဂူထားရှိခြင်းအား ဗုဒ္ဓဘာသာအယူနှင့် မကိုက် ဟုဆိုကာ ဖျက်ဆီးစေခြင်း စသဖြင့် များစွာရှိခဲ့သည်။ အထင်ရှားဆုံးအနေဖြင့် ဖော်ပြရလျှင် စက်ရှင် (စည်ရှည်)တံတားအား ၂၀၁၀ခုနှစ် ဒီဇင်ဘာလ၊ စစ်အစိုးရခေတ်အတွင်း ဖျက်ဆီးပစ်ခဲ့ခြင်းပင် ဖြစ် သည်။ စက်ရှင်တံတား (စည်ရှည်) တံတားမှာ မန္တလေးမြို့တည်၊ နန်းတည်က တည်းက တည်ရှိခဲ့ ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၁၅၀ကျော် သက်တမ်းရှိကာ ရတနာပုံခေတ်၏ နောက်ဆုံးလက်ကျန် အမွေအဖြစ် ထင်ရှားသည်။


ယင်းကဲ့သို့ အထင်ကရ အဆောက်အအုံကြီး များအား အစိုးရကိုယ်တိုင်က မထိန်းသိမ်းဘဲ ဖျက်ဆီးခံ ခဲ့ရသော်လည်း ကိုလိုနီခေတ်လက်ကျန် လူနေအဆောက်အအုံများနှင့်အတူ အင်္ဂလိပ်စာသင် ကျောင်းကြီး အဆောက်အုံဟောင်း တော်တော်များ များမှာ ယနေ့အချိန်ထိ ကျန်ရှိနေသေးသည်။ ပုဂ္ဂလိကပိုင် အဆောက်အအုံ များဖြစ်သည့် ၂၆ဘီလမ်းရှိ ကာတစ်တိုက်၊ ၂၂စီလမ်းရှိ ဒေါက်တာ ဆိုနီတိုက်၊ ဘုရားကြီးအနီးရှိ ရှမ်းဖက်ရိပ်သာ အစရှိသည့် လူနေအဆောက်အအုံများ၊ အမှတ်(၈)၊ အမှတ်(၉ )၊ အမှတ်(၁၁)၊ အမှတ်(၁၃)၊ အမှတ်(၁၆) အစရှိသည့် သာသနာပြု စာသင်ကျောင်းကြီးများမှ ရှေးခေတ်လက်ရာ အဆောက်အအုံ ဟောင်းကြီးများ ကျန်ရစ်နေသေးသည်။ သို့သော်လည်း တချို့ လူနေ အဆောက်အအုံများမှာမူ ထိန်းသိမ်းပြုပြင်နည်းစနစ် မှားယွင်းမှု၊ ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်မှုများ ကြောင့် ရှေးမူများ ပျက်စီးနေပြီဖြစ်သည်။


ကိုလိုနီခေတ်အတွင်းက မန္တလေးမြို့ရှိ ၂၂ လမ်းမှာ အဓိက လမ်းမကြီးအဖြစ် တည်ရှိခဲ့သော ကြောင့် ယင်းလမ်းမတလျှောက်တွင် နိုင်ငံခြား ကုမ္ပဏီများ၊ ပုံနှိပ်တိုက်ကြီးများ နေရာယူခဲ့ကြသည်။ ထို့အတူ အနောက်ဘက် မန္တလေးဘူတာကြီးမှ အရှေ့ဘက် ၆၂လမ်းအကြားနှင့် မြောက်ဘက်၂၉ လမ်းမှ တောင်ဘက် ၃၅လမ်းအကြား အဝန်းဝိုင်း နေရာများသည် ကိုလိုနီခေတ် အစိုးရအဖွဲ့ကြီး၏ အဆောက်အဦ အများဆုံး တည်ရှိရာနေရာဖြစ်ခဲ့ သည်။


ကိုလိုနီခေတ် ကာလကတည်းက တည်ဆောက် ခဲ့သည့် အဆောက်အအုံများအနက် ယနေ့အချိန်ထိ မပျက်မစီးတည်ရှိနေဆဲ အဆောက်အအုံများမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများပင် ဖြစ် သည်။ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ တာဝန်ရှိသူ များ၏ အသီးသီး ထိန်းသိမ်းစောင့်ရှောက်မှုများ ကြောင့် ယနေ့အချိန်ထိ မပျောက်မပျက် တည်ရှိ နေခြင်းဖြစ်သည်။ ကိုလိုနီခေတ်က အများဆုံး တည်ဆောက်ခဲ့သည်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးကျောင်းများ ဖြစ်သည်။ အစ္စလာမ်ဗလီတချို့လည်း ပါဝင်သည်။


လမ်း၈၀၊ ၃၅လမ်း အနီးရှိ စိန့်ဂျိုးဇက် (ဖား သားလဖုန်းကျောင်း) ဟု လူသိများ ကျော်ကြားသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် မန္တလေးမြို့အရှေ့ပြင်ရှိ စိန့်ဂျွန်း ခရစ်ယာန်ဘုရားကျောင်းများမှာ ကိုလိုနီ ခေတ်အတွင်း တည်ဆောက်ခဲ့သည့် ဘုရားကျောင်း များအနက် တည်ဆောက်ပုံလက်ရာ အကောင်းဆုံး ကျောင်းနှင့် အနာကြီးရောဂါ ဝေဒနာသည်များအား ပြုစုကုသပေးခဲ့သည့် ကျောင်းကြီးများအဖြစ် အသီး သီးထင်ရှားခဲ့သည်။ ထို့ပြင် လမ်း၈၀ ရှိ ပန်းသေး ဗလီမှာလည်း ရှေးခေတ်လက်ရာ အဆောက်အအုံ တခုအဖြစ် ထင်ရှားသည်။


ကိုလိုနီခေတ်ကာလတွင် မြန်မာလူမျိုးများ၏ စီးပွားရေးအကောင်းဆုံး ကာလဖြစ်ခဲ့သည့် အလျောက် မန္တလေးမြို့တွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းမှု များစွာရှိခဲ့သည်။ မန္တလေး တောင်ပေါ်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံ များ၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မစိုးရိမ်တိုက် ဟောင်း၊ မိုးကောင်းတိုက်နှင့် ရွှေအင်ပင် သစ်သား ကျောင်းတိုက်ကြီးများမှာ ကိုလိုနီခေတ်လက်ကျန် အထင်ကရ ဗုဒ္ဓဘာသာ အဆောက်အအုံများအဖြစ် ထင်ရှားသည်။ မြတောင်တိုက်၊ ယောမင်းကြီး အုတ်ကျောင်း၊ ကင်းဝန်မင်းကြီးနှင့် အကောက် ဝန်မင်းကျောင်း စသည့် ဘုန်းတော်ကြီးကျောင်းများ မှာ ကုန်းဘောင်ခေတ် လက်ကျန် အဆောက်အအုံ များ ဖြစ်သည်။


ဧရာဝတီမြစ် အနောက်ဘက်ကမ်းက စစ်ကိုင်း ချောင်တွင်လည်း ယင်းကဲ့သို့ ကျောင်းတိုက်ကြီး များစွာ ဆောက်လုပ်လှူဒါန်းမှုများ ရှိခဲ့သည်။ ယင်း ခေတ် လက်ရာများမှာ ကိုလိုနီခေတ်စတိုင် လွှမ်းခြုံ ထားသည့် မြန်မာမှု ဗိသုကာလက်ရာများဖြစ်ပြီး တချို့ အဆောက်အအုံကြီးများမှာ ယနေ့အထိ မူရင်းလက်ရာမပျက် မြင်တွေ့နေရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်း (မန္တလေးမြို့)မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇင်မင်းဆွေက ပြောသည်။


]]မန္တလေးမှာ ရှေးဟောင်းအဆောက်အအုံတွေ ကို လူနေအိမ်တွေ အခြားအဆောက်အအုံတွေထက် ၂၆ ဘီလမ်း အောက်ဘက်က ဘုန်းကြီးကျောင်း တွေမှာပဲ တွေ့ရတော့တယ်။ စစ်ကိုင်းချောင်တွေ ဘက်က ဘုန်းကြီးကျောင်းတွေမှာတော့ အများကြီး ကျန်နေသေးတယ်။ တချို့ကျောင်းတွေကလည်း ဒီတိုင်း အဟောင်းအတိုင်း ကျန်နေသေးတယ်။ တချို့ကတော့ ပြန်ပြုပြင်လိုက်လို့ အသစ်နီးပါးဖြစ် သွားကြပြီ}} ဟု ဦးဇင်မင်းဆွေက ပြောသည်။


ဂျပန်ကိုလိုနီခေတ်က ဗိုလ်ဗထူးကိုယ်တိုင် ရုံး ထိုင်ခဲ့သည့် နှစ်ထပ်အုတ်တိုက်မှာမူ မဟာမုနိဘုရား ကြီး ဂေါပကပိုင် ဖြစ်နေသည့်အတွက် ယနေ့အချိန် ထိ တည်တံ့အောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယင်းရုံးမှာ ၄၅လမ်း မီးသတ်အနီးတွင် တည်ရှိနေ သည်။


ဗိုလ်ဗထူးရုံးထိုင်ခဲ့သည့် အဆောက်အအုံ ကဲ့သို့ပင် ကိုလိုနီခေတ်နှင့် ဆက်စပ်ပြီး ထင်ပေါ် ကျော်ကြားခဲ့သည့် လူပုဂ္ဂိုလ်များ၏ နေအိမ်များမှာ မူလဗိသုကာလက်ရာ ပျောက်ပျက်နေပြီဖြစ်သည်။ ရွှေမန်းတင်မောင် နေအိမ်၊ ဂီတစာဆို မြို့မငြိမ်း နေအိမ်၊ ဆရာကြီးရွှေဥဒေါင်းနေအိမ် စသော ထင်ပေါ်ကျော်ကြားသူ အနုပညာရှင်များ နေထိုင်ခဲ့ သည့် အိမ်များဖြစ်သည်။


ထိုသို့ ကျန်ရှိနေဆဲ ကိုလိုနီလက်ကျန် အဆောက် အအုံများအား လုံးဝနိဋ္ဌိတံ မပျက်စီးသေးခင်တွင် ထိန်းသိမ်းမှုများပြုလုပ်ရန် အဆောတလျင် လိုအပ် နေသည်။


ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ကျန် အဆောက် အအုံများအား စာရင်းပြုထိန်းသိမ်းခြင်းကို မြန်မာ နိုင်ငံ ဗိသုကာပညာရှင်အသင်းမှ ဦးစီး ဆောင်ရွက် ခြင်းဖြစ်ပြီး ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ဒေါက်တာသန့်မြင့်ဦး ဦးဆောင်၍့ညေါသည ံနမင-အေါန ွှမကျအ အမည်ဖြင့် လုပ်ဆောင်နေသည်။ ယင်းအဖွဲ့အစည်း များကဲ့သို့ မန္တလေးမြို့တွင် ကျန်ရှိ နေဆဲ ရတနာပုံခေတ်၊ ကိုလိုနီခေတ် အဆောက် အအုံများကို စနစ်တကျ ထိန်းသိမ်းသည့်၊ ကာကွယ် ပေးသည့် အဖွဲ့အစည်းမျိုး ယနေ့အချိန်တွင် အရေး တကြီး လိုအပ်နေပြီဖြစ်သည်။


လက်ရှိ မန္တလေးမြို့တွင် ယင်းကဲ့သို့ ထိန်းသိမ်း မှုပြုလုပ်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆိုထားနှင့် အဆောက်အအုံများ၏ စာရင်းအတိအကျ ကောက် ယူသည့် အဖွဲ့အစည်းဟူ၍ပင် ရှိမနေသေးပါ။


ရဲသိပ္ပံကျောင်းဝင်း၊ စက်ရှင်တံတားတို့အား သက်ဆိုင်ရာ အာဏာပိုင်များမှ အလွယ်တကူ ဖျက် ဆီးခဲ့သည့် ဖြစ်ရပ်များကဲ့သို့ လက်ရှိကျန်ရစ်နေဆဲ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံများအား ဖျက်ဆီးခြင်းမပြုစေရန် ဦးဆောင်ကာကွယ်ပေးမည့် အဖွဲ့အစည်းများ အရေးတကြီး လိုအပ်နေပြီဖြစ် သည်။


ထိန်းသိမ်းကာကွယ်ရာတွင်လည်း ပထမ အဆင့်အနေဖြင့် အဆောက်အအုံများအား စစ်တမ်း ကောက်ယူခြင်း၊ ပြုပြင်ရမည့် အဆောက်အအုံ အလိုက် အဆင့်သတ်မှတ်ခြင်း၊ အမှန်တကယ် ပြုပြင်ခြင်း လုပ်ငန်းများအား စနစ်တကျ အစီစဉ် အလိုက်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း (မန္တလေးမြို့) မှ ဒုတိယဥက္ကဋ္ဌ ဦးဇင်မင်းဆွေက အကြံပြုပြောသည်။


ယင်းကဲ့သို့ လုပ်ငန်းများမှာ အမှန်တကယ် လုပ်ဆောင်ရန် ကျယ်ပြန့်လွန်းလှသည့်အတွက် ဒေသဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဘာသာ ရေးအဖွဲ့အစည်းများနှင့် မြို့နေလူထုများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းကပင် ဆိုသည်။


ယင်းကဲ့သို့ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း များအား လုပ်ကိုင်ရာတွင်မူ အဖွဲ့အစည်းများ စုပေါင်း၍ဖြစ်စေ၊ တဦးတယောက်ချင်းဖြစ်စေ၊ အဖွဲ့ တဖွဲ့ချင်းဖြစ်စေ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် မန္တလေးမြို့အား အမှန် တကယ် ချစ်မြတ်နိုးပြီး အမှန်တကယ် ထိန်းသိမ်းလို စိတ်ရှိသူ၊ အမှန်တကယ် အလုပ်လုပ်သည့်သူများ ဖြစ်ရန်တော့ လိုအပ်ပါသည်။


(April 30 , 2015 ရက်နေ့ထုတ် ဧရာဝတီသတင်းဂျာနယ်တွင်ဖော်ပြခံခဲ့ရသည့်ဆောင်းပါးဖြစ်ပါသည်။)


                           =========================


Comments

Popular posts from this blog

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

အင်းတော်မြို့ကစည်လုပ်ငန်း