ဝါးဖောင် တွေပေါ်က သူတို့ဘဝ

(ဒီဗွီဘီ သတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။)
မန္တလေးမြို့ရဲ့ အနောက်ဘက်အကျဆုံး ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ရေပေါ်တဲအိမ်လေးတွေဆီကို ဒီတပတ်မှာ အလည်သွားကြရအောင်ပါ။

မြို့အနောက်မြောက်ဘက်အစွန်း ဖြစ်တဲ့ ကျွဲစွန်းဆိုတဲ့ နေရာကနေ မြောက်ဘက်ထိပ်ညောင်ကွဲလိ့ ခေါ်တဲ့ရပ်ကွက်အထိ တတန်းကြီး စီတန်းထားတဲ့ ဝါးဖောင်တွေ၊ ရေပေါ်တဲအိမ်လေးတွေကို ရှိတဲ့ဆီကိုပါ။


ဧရာဝတီမြစ် အထက်ပိုင်းဒေသတွေကနေ ဝါးတွေကိုဖောင်လုပ်ပြီး သယ်လာကြတယ်။ ဒီကျွဲစွန်းနဲ့ ညောင်ကွဲကြားထဲနေရာမှာ ဝါးနဲ့ပတ်သက်တဲ့ ဝါးကပ်တို့လို ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ရပ်နားကြတယ်။ အခုသွားလည်မယ့် ရေပေါ်အိမ်လေးတွေဆိုတာ အဲ့ဒီအထက်ကနေ သယ်လာတဲ့ ဝါးဖောင်ကြီးတွေပေါ်မှာ ဆောက်ထားတဲ့ တဲအိမ်လေးတွေပေါ့။

ဝါးဖောင်တွေနဲ့ တဲအိမ်တွေကို မြင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ကမ်းနားလမ်းကို ရောက်အောင်သွားရမယ်။ ပြီးရင် မြစ်ကမ်းနားဘောင်ပေါ်ကနေ မြစ်ဘက်ကို ကုန်းလျှောလေးအတိုင်း ဆင်းလိုက်ရမယ်။ ဆင်းလိုက်တာနဲ့ မြစ်ကမ်းနံဘေးမှာနေကြတဲ့ ကျူးတဲအိမ်တချို့ကို တွေ့မယ်။ သူတို့ကို နည်းနည်းကျော်ဖြတ်လိုက်ပြီးရင်တော့ ဝါးဖောင်တွေနဲ့ မြစ်ပြင်ကြီးကို တွေ့ပါပြီ။ ဖောင်တွေပေါ်မှာ တဲအိမ်လေးတွေက ဟိုတကွက်ဒီတကွက်။

တဲအိမ်မှာနေသူတွေကတော့ ဒေသခံတွေလည်း ပါသလို တချို့ကလည်း အနယ်နယ်အရပ်ရပ်ကနေ အလုပ်လုပ်ဖို့ မန္တလေးကို တက်လာကြသူတွေပါတယ်။ ရတဲ့အလုပ်ကို ဝင်လုပ်ကြရင်း မြေနေရာလည်းမလိုတဲ့ ဒီလိုတဲအိမ်တွေမှာ နေနေကြတာပေါ့။

တဲအိမ်လေးတွေက ဆယ်ပေ၊ ၁၅ ပေခန့်လောက် အကျယ်ရှိမယ်။ တချို့တဲအိမ်တွေမှာ ကလေးတွေရော၊ လူကြီးတွေရော၊ လူူတွေမွေးထားတဲ့ ကြက်တွေရော၊ ခွေးတွေရော တွေ့ရတယ်။ မိသားစုဦးရေ အနည်းဆုံးအိမ်က လူနှစ်ဦးနဲ့ အများဆုံးအိမ်က လူရှစ်ဦးအထိ ရောပြွမ်းပြီးနေကြတယ်။ တချို့အိမ်တွေက ဟင်းချက်ဖို့ အဖီကလေးတွေ ထုတ်ထားတတ်ပြီး တချို့ကတော့ ဖောင်ပြင်ကြီးပေါ်မှာ မီးဖိုချောင်လို အမိုးအကာလေးလုပ်ထားတယ်။

အိမ်တွေမှာမှ ပိုက်ဆံပေါပေါများများ ရှိတဲ့အိမ်၊ အထိုက်အလျောက်ရှိတဲ့အိမ်နဲ့ နည်းနည်းသာရှိတဲ့အိမ်ဆိုပြီး ကွဲပြားသေးတယ်။ ပိုက်ဆံရှိတဲ့ အိမ်ကတော့ ဆိုလာပြားရယ်၊ တီဗွီရယ်၊ အင်တာနာရယ်၊ ရေခဲသေတ္တာရယ်နဲ့။ အထိုက်အလျောက်ရှိတဲ့ အိမ်ကလည်း တီဗွီနဲ့အောက်စက်နဲ့။ သိပ်မရှိတဲ့အိမ်ကတော့ ဗွီဒီယိုအခွေကြည့်လို့ရတဲ့ ဒီဗွီဒီ ဖွင့်စက်ကလေးနဲ့ပေါ့။

အိမ်တွေက လူကြီးအများစုက မိုးလင်းပြီးဆိုရင် ကိုယ့်အလုပ်ကိုသွားကြတယ်။ ကျောင်းနေအရွယ် ကလေးတွေကိုလည်း အနီးကဘုန်းကြီးကျောင်းမှာ ကျောင်းထားကြတယ်။ ကျောင်းမနေနိုင်သေးတဲ့ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း လူကြီးပိုင်းတွေလောက်သာ နေ့ခင်းအချိန်တွေမှာ ကျန်ခဲ့တယ်။ ညနေစောင်းကျမှ မိသားစု စုံစုံညီညီ ပြန်တွေ့ကြရတယ်။ အများစုကတော့ ဧရာဝတီမြစ်နဲ့ ပတ်သက်စပ်ဆက်တဲ့ အလုပ်တွေလုပ်ကြတာပါပဲ။ အဝတ်လျှော်တယ်၊ သဲကျုံးတယ်၊ ထင်းသယ်တယ်၊ ကုန်ထမ်းတယ်၊ ဝါးကပ်လုပ်ငန်းတွေမှာ လုပ်သားအနေနဲ့ ဝင်လုပ်ကြတယ်။ တချို့ကလည်း မန္တလေးမြို့တွင်းက ဆိုင်တွေ၊ ကုမ္ပဏီတွေမှာ အလုပ်ဝင်လုပ်ကြတယ်။  ကျွဲစွန်းထိပ်ကနေ ညောင်ကွဲဘက်ကိုရောက်လေလေ မူးယစ်ဆေးရာင်းတာလို ဒုစရိုက်မှုသိပ်မကင်းတဲ့အိမ်တွေလည်း ရှိတယ်လို့ မန္တလေးမြို့ခံတချိုကတော့ ဆိုကြတယ်။ ဒါေ့ကြာင့် အဲ့ဒီဘက်တွေကိုဆို ညနေစောင်းရင် သိပ်အသွားလာမလုပ်ကြတော့ပါဘူး။ ဒါပေမယ့် အခုစာရေးသူသွားလေ့လာခဲ့တဲ့ ကျွဲစွန်းထိပ် ဖောင်တွေပေါ်က တဲအိမ်တွေမှာနေသူ မိသားစုတွေကတော့ ရိုးရိုးသားသားအေးအေးဆေးဆေး နေထိုင်သူတွေပါပဲ။

ဒီတဲအိမ်လေးတွေဆီကို သွားရတာကတော့ တကယ်ရင်ခုန်စရာကောင်းလှပါတယ်။ မြစ်ရေပြင်ပေါ်မှာ ဖြစ်တာတင်မကဘူး ဝါးလုံးတွေ အချင်းချင်း ချိတ်တွဲထားတဲ့ တချို့ဝါးဖောင်တွေက အစည်းပြေချင်သလို ဖြစ်နေတာရယ်ကြောင့် သာမာန်မြေကြီးပေါ်မှာ လမ်းလျှောက်ရတာထက် အဆများစွာ ခက်ခဲလွန်းပါတယ်။ အင်မတန်သတိထားရတယ်။ ဖောင်ပေါ်မှာ နေလာတဲ့သူတွေကတော့ ကလေးကအစ အေးအေးဆေးဆေးသွားတတ်ကြတယ်။


ဖောင်ပေါ်မှာနေသူတွေက သူတို့ဆီကို လူစိမ်းတဦးရောက်လာပြီဆိုရင် တန်းသိတတ်တယ်။ မသိပဲနေမလား။ ခြေထောက်တဖက်ကိုကြွလိုက်ရင် ကျန်တဲ့တဖက်က အောက်ကို နစ်နစ်ဝင်သွားတဲ့အတွက် လက်နှစ်ဖက်က ဟန်ချက်မပျက်အောင် လေထဲမှာ ကားရားလုပ်နေရတာကိုး။ ဒါ့ကြောင့် အဲ့လို ကားရားကားရားလာတဲ့လူဆို လူစိမ်းပဲတဲ့လေ။

ဖောင်ပေါ်မှာ လမ်းလျှောက်ရင်သာ ခက်ခဲတာပါ။ တဲအိမ်တအိမ်ထဲရောက်သွားပြီ၊ ဒါမှမဟုတ် ဖောင်ရဲ့တနေရာရာမှာ နားလိုက်ပြီဆိုရင်တော့ အင်မတန်ကို နေလို့ထိုင်လို့ ကောင်းလှပါတယ်။ ပြန်တောင်မထချင်လောက်အောင်ပါပဲ။ လေတချက်တိုက်လိုက်တိုင်း မြစ်ရေပြင်က သိမ့်ကနဲ လှုပ်လှုပ်သွားပြီး ငြိမ့်ကနဲဖြစ်ဖြစ်သွားဟာ အရမ်းအရသာရှိလှတယ်။

ဖောင်ပေါ်မှာနေတဲ့သူတွေက မြစ်ကမ်းစပ်ကျူးတဲမှာ နေသူတွေထက် ပိုအဆင်ပြေတယ်လို့ ဆိုရမယ်။ လူကြီး (VIPခရီးစဉ်) လာရင်လည်း စိုးရိမ်စရာမလိုသလို မြစ်ရေတက်လာရင်လည်း စိုးရိမ်စရာမလိုပါဘူး။ မြို့တော်ဝန်လို လူကြီးခရီးစဉ်တွေရှိရင် သူတို့တဲတွေရှိတဲ့ ဖောင်တွေကို စက်လှေတစင်းနဲ့ ခဏရွှေ့နေပေးလိုက်ရုံပါပဲတဲ့။

ဝါးဖောင်တဲမှာနေသူတွေ အကြောက်ဆုံးကတော့ ရာသီဥတုပါပဲ။ ရာသီဥတုဆိုးဝါးပြီး လှိုင်းတွေတအားကြီးမယ်ဆိုရင် ဝါးလုံးတွေပြေလျော့ပြီး ဖောင်တွေပျက်သွားတတ်တယ်။ တခါကဆို လှိုင်းအရမ်းကြီးလို့ အိမ်တလုံး ရေမြုပ်သွားတယ်။ ရာသီဥတူအရမ်းပူပြီး မြစ်ရေ တအားကျသွားရင်လည်း ဖောင်မှာနေသူတွေအတွက် အဆင်မပြေတာတွေ ဖြစ်ကြရပါသေးတယ်။

ဖောင်ပေါ်မှာနေတဲ့သူတွေအတွက် ဒီအချက်တွေကလွဲရင် ကျန်တာမှာ အစစအရာရာ အဆင်ပြေလှတယ်လို့ ဆိုကြတယ်။ စာရေးသူအမြင်အရဆိုရင်တော့ သူတို့တွေအနေနဲ့ စားဝတ်နေရေးအတွက် အဆင်ပြေလှပေမယ့် ကျန်းမာရေးရှုှုထောင့်အရကြည့်ရင်တော့ လိုအပ်ချက်တွေ များစွာရှိနေတယ်။ ကျန်းမာရေးရှုထောင့်ဆိုတဲ့နေရာမှာ လူတွေရဲ့ကျန်းမာရေးရော၊ သူတို့ဖင်ခုထိုင်ပြီး နေထိုင်နေကြတဲ့ ဧရာဝတီမြစ်ကြီးရဲ့ကျန်းမာရေးရော ပါဝင်ပါတယ်။

ဖောင်ပေါ်မှာနေသူတွေအတွက် အိမ်သာမရှိတာကြောင့် မြစ်ရေထဲပဲ အလွယ်တကူသွားကြရတယ်။ အမှိုက်ပစ်ရအောင်လည်း ကုန်းပေါ်ထိတက်ရတာ ဝေးတယ်ဆိုပြီး မြစ်ရေထဲပဲ အလွယ်ပစ်ကြပြန်တယ်။

မြစ်ရေဟာ စီးဆင်းနေတယ်ဆိုပေမယ့်လည်း ဖောင်တွေအနီးနားမှာ အမှိုက်သရိုက်တွေ ပေါလောပေါ်နေတာ တွေ့ရတယ်။ ဒီလိုမသန့်တဲ့ ရေကိုပဲ စားသုံးတဲ့အခါ ပြန်သုံးကြပြန်တယ်။ 

သူတို့တတွေကတော့ အခုချိန်ထိ ကျန်းကျန်းမာမာပဲ ဘာရောဂါ ကြီးကြီးမှမဖြစ်ကြဘူး၊ အားလုံးအဆင်ပြေနေတယ်လို့ ပြုံးပြုံးရွှင်ရွှင်ပြောနေကြတယ်။

အင်းပေါ့….အဆင်မပြေလို့လည်း ရမှမရဘဲကိုး။ ကြုံလာသမျှကို အပြုံးမပျက်ရင်ဆိုင်ကြရမှာကိုက ဘဝပဲလေ…။
အေးမွန်ရာပြည့်






Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"သဘာဝအလှတွေနဲ့ နတ်ကျုံးရေတံခွန်"