မန္တလေးနန်းတွင်းထဲက လူအရောက်အပေါက်နည်းနေသေးတဲ့ သမိုင်းဝင်ကိုးနေရာ










(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်တွေ ဖြစ်တဲ့ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ စိုးစံခဲ့တဲ့ နေရာ။ သက်တမ်း အားဖြင့် နှစ်ပေါင်း (၁၅၀) ကျော် ရှိခဲ့ပြီး သမိုင်းဝင် အဆောက်အဦတွေနဲ့ ရှေးဟောင်းလက်ရာ အမွေအနှစ်တွေ ပြည့်နှက်နေတဲ့ နေရာ။ မန္တလေးမြို့ကို လာရောက်လည်ပတ်ကြသူ ပြည်တွင်းပြည်ပ ခရီးသွား အများစု မသွားမဖြစ် သွားရောက် လေ့လာတတ် ကြတဲ့နေရာ။ အဲဒီလို သမိုင်းဝင်ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တခုဖြစ်ပေမယ့် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေလို့ အဝင်အထွက်တွေ တင်းကြပ်ထားပြီး မြို့နေ လူထုကိုယ်တိုင်က ဝင်ရောက် လည်ပတ် လေ့လာဖို့ တွန့်ဆုတ်တတ် ကြတဲ့နေရာ လည်း ဖြစ်နေပါတယ်။

ဟုတ်ပါတယ်၊ အဲဒါ မန္တလေးနန်းတွင်း ပါ။ နန်းတွင်းထဲကို လာရောက်လည်ပတ်သူ အများစုဟာ မြနန်းစံကျော် ရွှေနန်းတော်ကိုသာ သွားရောက် လည်ပတ်ကြတယ်၊ ဓာတ်ပုံရိုက်ကြတယ်၊ နန်းတော်နားက သမိုင်းဝင် နေရာ တချို့ကိုတော့ ဝင်ရောက်ခြင်း မရှိဘဲ ကပ်ကပ်ပြီး ကျော်သွားတတ်ကြတယ်၊ အရောက်အပေါက် နည်းကြပါ တယ်။ စစ်တပ်အဝန်းအဝိုင်း ထဲမှာရှိလို့ တချို့နေရာတွေကို ဝင်ခွင့် ကန့်သတ်ထားပေမယ့် အောက်မှာ ဖော်ပြမယ့် နေရာ ၉ နေရာ ကတော့ လူတွေအလွယ်တကူ ဝင်ရောက် လေ့လာနိုင်တဲ့ နေရာတွေပါ။

မြနန်းစံကျော် ရွှေနန်းတော် အနီးတဝိုက်မှာပဲ ရှိနေပြီး ဝင်ရောက်လေ့လာဖို့ သင့်တဲ့ သမိုင်းဝင်နေရာ ၉ ခုကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စွယ်တော်စင်


စွယ်တော်စင်ဆိုတာ ဦးထိပ်လမ်း (နန်းတွင်း အရှေ့ဘက် ဝင်ပေါက်ကနေ ဝင်ရင် မြနန်းစံကျော် ရွှေနန်းတော် ဆီကို တိုက်ရိုက် ရောက်နိုင်တဲ့လမ်း) ရဲ့ တောင်ဘက်ခြမ်းမှာ ရှိပါတယ်။ မင်းတုန်းမင်း နန်းစတည် ကတည်းက ရှိခဲ့တဲ့ သာသနိက အဆာက်အဦပါ။ လက်ရှိအချိန်မှာတော့ ဆေးအဖြူသုတ်ထားပြီး ရွှေဆေးတွေ ကွပ်ထားပါ တယ်။ အပေါ်တက်ဖို့ စတီးလှေကား တစင်းကိုတွေ့ရတယ်။ ဓာတ်တော်မွေတော် အပေါင်း ကိန်းအောင်းပြီး အုတ်နဲ့ တည်ဆောက်ထားလို့ စွယ်တော်ကျောင်း (စွယ်တော်စင်) လို့ခေါ်တာ ဖြစ်တယ် လို့ ရတနာဘိုးမှတ်စုမှာ ရေးသားထားပါတယ်။

(၂) ပဟိုရ်စင်


စွယ်တော်စင်ရဲ့လမ်းတဖက်က မြောက်ဘက်ခြမ်းမှာ ရှိနေတာကတော့ ပဟိုရ်စင်ပါ။ အချိန်နာရီ တောက် လျှောက် ကြားဖို့ တီးခတ်ရတဲ့ ပဟိုရ်စည်ကြီးနဲ့ ခေါင်းလောင်းကြီး ရှိခဲ့တဲ့ ပဟိုရ်စင်ပါ။ မင်းတုန်းမင်း မြို့တည် ကတည်းက ရှိခဲ့တဲ့ ပဟိုရ်စည်ကြီးဟာ အင်္ဂလိပ်လက်ထက်မှာ မီးလောင်ပျက်စီးသွားခဲ့လို့ အောက်ခြေက အုတ်မြစ်ကြီးသာ ကျန်ခဲ့ပါတယ်တဲ့။ လက်ရှိ အချိန်မှာတော့ ပြုပြင်ထားတဲ့ ပဟိုရ်စဉ်ကိုပဲ တွေ့မြင်ရပါမယ်။ ဝါကျင့်ကျင့် စတုရန်းပုံလေးထောင့် အုတ်ထုကြီး အပေါ်မှာ တိုင်လုံးဖြူကြီး လေးတိုင်၊ အပေါ်မှာမှတခါ ပြာသာဒ်ဆောင် တင်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပဟိုရ်စဉ်ရဲ့ မြောက်ဘက်မှာ အပေါ်ကိုတက်ဖို့ လှေကား ပေါက် ပါပေမယ့် လှေကားရင်းမှာ သော့ခတ်ထားတဲ့ အတွက် အပေါ် တက်လို့ မရပါဘူး။

(၃) ကျောက်စာရုံများ


ပဟိုရ်စဉ်ရဲ့ အနောက်ဘက် ကပ်ရပ်လေးမှာပဲ ကျောက်စာရုံ (၁) နဲ့ (၂) ဆိုပြီး ရှိပါတယ်။ မြန်မာပြည် အရပ်ရပ်က တွေ့ရှိခဲ့တဲ့ ကျောက်စာတွေကို စုစည်းထားတာ ဖြစ်ပြီး ကျောက်စာရုံ (၁) မှာ (၆၂၅) ချပ်နဲ့ ကျောက်စာရုံ (၂) မှာ (၁၆၁) ချပ် ရှိပါတယ်။ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ရတနာပုံခေတ် တို့က ရေးထိုး မှတ်တမ်း ထားကြတဲ့ ကျောက်စာတွေ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ဌာနက စာချိတ်ထားတာကို တွေ့ရတယ်။ ကျောက်စာတွေကို လေဝင်လေထွက် ကောင်းအောင်နဲ့ အပြင်ကနေ အလွယ်တကူ ကြည့်လို့ရ အောင် ဘေးပတ်လည် သံဇကာတွေနဲ့ ချည်ကာ ထားတယ်။ ကျောက်စာရုံ နှစ်ခု စလုံးကို သော့ခတ်ထားပေမယ့် အမှန်တကယ် ကျောက်စာတွေကို လေ့လာချင်ရင်တော့ ရှေးဟောင်း သုတေသနဌာနနဲ့ ဆက်သွယ်ပါလို့ ဆိုင်းဘုတ်ချိတ်ဆွဲထားပါတယ်။

(၄) မင်းတုန်းမင်းကြီး အုတ်ဂူ (အုတ်နန်းပြာသာဒ်)


ကျောက်စာရုံတွေ ရှိတဲ့ နေရာရဲ့ မြောက်ဘက်ကို ခြေလှမ်း ၁၅၀ သာသာလောက် သွားလိုက်ရင် မှန်စီရွှေချ ထားတဲ့ မင်းတုန်းမင်း တရားကြီးရဲ့ အုတ်နန်းပြာသာဒ်ကို တွေ့ရမှာဖြစ်ပါတယ် (မင်းမျိုးမင်းနွယ်တွေရဲ့ အုတ်ဂူ ကို အုတ်နန်း ပြာသာဒ်လို့သာ ခေါ်လေ့ရှိကြပါတယ်)။ လေးထောင့်စပ်စပ် စတုရန်းပုံပေါ်မှာမှ ပြာသာဒ် အဆင့် ဆင့်နဲ့ မှန်စီရွှေချ ထားတယ်။ မင်းတုန်းမင်းကြီးရဲ့ အုတ်နန်းပြာသာဒ်ကို ရောက်ရင် တဆက်စပ်တည်း အနေနဲ့ တခြား သမိုင်းဝင် အုတ်ဂူတွေကိုပါ လေ့လာခွင့်ရမှာပါ။

မင်းတုန်းမင်း အုတ်နန်းပြာသာဒ်ရဲ့ တောင်ဘက်ကပ်လျက်မှာပဲ သူ့ရဲ့ မယ်တော်ကြီး ပုဂံမင်းရဲ့ အုတ်နန်း ပြာသာဒ် ရှိပါတယ်။ မြောက်ဘက် ကပ်လျက်မှာတော့ မင်းတုန်းမင်းကြီးရဲ့ မိဖုရားနှစ်ပါးဖြစ်တဲ့ ဆင်ဖြူမရှင် မိဖုရားနဲ့ လောင်းရှည် မိဖုရားတို့ရဲ့ အုတ်နန်းပြာသာဒ်တွေ ရှိပါတယ်။


(၅) ဒင်္ဂါးစက်ရုံ


ရတနာပုံ နန်းတော်ကြီးတည်ပြီး ခြောက်နှစ်အကြာမှာ တည်ခဲ့တဲ့ ဒေါင်းဒင်္ဂါး စက်ရုံကိုတော့ မင်းတုန်းမင်း အုတ်ဂူရဲ့ မြောက်ဘက် မနီးမဝေးမှာပဲ တစပ်ဆက်တည်း တွေ့ရပါတယ်။ ရွှေ၊ ငွေ၊ ကြေးနီဒင်္ဂါးတွေ အပြင် သံ၊ ခဲ ဒင်္ဂါးတွေကိုပါ ထုတ်လုပ်ခဲ့တဲ့ ဒင်္ဂါးစက်ရုံပေါ့။ စက်ရုံထဲကို ဝင်တဲ့တံခါးကိုတော့ ဖွင့်ထားပေးပေမယ့် အထဲမှာ လူဝင်လို့ မရအောင်ကို ခြုံနွယ်တွေ ပိတ်နေလို့ မဝင်ခဲ့ရပါဘူး။

အခုသွားပြီး လေ့လာနေတဲ့ နေရာတွေဟာ တနေရာနဲ့တနေရာ မဝေးလှဘဲ တဆက်တည်း ရှိတဲ့ နေရာတွေပါ။ လမ်းအနည်းငယ် လျှောက်ရုံလောက်နဲ့ ရောက်သွားနိုင်တဲ့ နေရာတွေ ဖြစ်ပေမယ့် လမ်းကတော့ ဆူးပါတဲ့ ခြုံမြက်တွေ ရှိနေလို့ သတိထား သွားနေရတယ်။ လမ်းတလျှောက်ကို ခြုံတော ဖြစ်မသွားအောင် ရှင်းနေကြတဲ့ တပ်မတော်သား တချို့ကိုလည်း တွေ့ခဲ့ ရပါတယ်။

(၆) ဥပုသ်ဆောင်


ဒင်္ဂါးစက်ရုံကနေ အနောက်ဘက် တည့်တည့်ကို ဆက်လျှောက်မယ် ဆိုရင်တော့ အဆင့်သုံးဆင့်နဲ့ ကြောင်လိမ် ပုံဏ္ဍာန် လုပ်ထားတဲ့ လျှောအကြီးစားကြီးကို တွေ့ရပါမယ်။ အဲဒီလျှောကြီး ရှိတဲ့နေရာကနေ လမ်းကြားလေး အတိုင်း ဝင်သွားရင် ခြေလှမ်း တရာလောက် ဆိုရင် မင်းတုန်းမင်းတရား လက်ထက်ကတည်းက ရှိခဲ့တဲ့ ဥပုသ်ဆောင်ကို ရောက်ပါပြီ။ ဥပုသ်ဆောက်တည်တဲ့ ကျောင်းဆောင်ဖြစ်လို့ ဥပုသ်ဆောင်လို့ အမည်တွင်တာ ဖြစ်ပါတယ်။ အဝါရင့်ရောင်ရှိတဲ့ သာသနိက အဆောက်အဦ ပုံစံမျိုးပါ။ အဆောက်အဦရှိတဲ့ အဝန်းဝိုင်းကို သော့ခတ်ထားလို့ အဆောင်အတွင်းထဲ အထိတော့ ဝင်ရောက် လေ့လာလို့ မရနိုင်ပါဘူး။ အပြင်ကနေသာ လေ့လာနိုင်ပါမယ်။

မင်းတုန်းမင်းကြီးဟာ ရတနာပုံမြို့ စတည်ကတည်းက မန်ကျည်းကိုးတင်းကို စိုက်စေခဲ့တာကြောင့် နန်းတွင်းထဲမှာ မန်ကျည်းပင် ကြီးတွေကို နေရာစိပ်စိပ် တွေ့ခဲ့ရပါတယ်။ တနေရာကနေ တနေရာကို လမ်းလျှောက်သွားရင် မန်ကျည်းပင် ကြီးတွေ ရှိတာကို ပိုသတိပြုမိကြမှာပါ။

(၇) နန်းမတော် မိဖုရားကြီးအုတ်ဂူ


ဥပုသ်ဆောင် သွားတဲ့လမ်းထိပ်က လျှောကြီးရဲ့ အနောက်ဘက်ကျကျ နားမှာပဲ မင်းတုန်းမင်းရဲ့ နန်းမတော် မိဖုရားကြီးရဲ့ အုတ်နန်း ပြာသာဒ်ကို တွေ့ရပါတယ်။ သွားတဲ့လမ်း တလျှောက်မှာ မြက်ပင်တွေထူနေလို့ လမ်းတောင် ကောင်းကောင်း သွားလို့မရပါဘူး။


(၈) မြောက်ဥယျာဉ်တော်


တကယ်တော့ မင်းတုန်းမင်း အုတ်ဂူတို့၊ ဒေါင်းဒင်္ဂါစက်ရုံတို့၊ ဥပုသ်ဆောင်နဲ့ နန်းမတော်မိဖုရားကြီး အုတ်ဂူတို့ အားလုံးဟာ မြောက်ဥယျာဉ် ပရဝုဏ်ထဲမှာ ရှိနေတယ် လို့ ဆိုရမှာပါ။ စကြာဒေဝီမိဖုရား အုတ်ဂူကနေ အနောက်ဘက် တည့်တည့်ကို လျှောက်သွားပြီး လမ်းကူးလိုက်ရင် မြောက်ဥယျာဉ်တော် ဆိုတဲ့ သစ်သား ဆိုင်းဘုတ်တိုင် နီနီလေး မြေမှာ စိုက်ထားတာကို တွေ့ရပါတယ်။ အရင်ကတော့ မြောက်ဥယျာဉ်တော်ထဲမှာ မင်းသားမင်းသမီးတွေ ခုန်ပေါက် ပြေးလွှား ဆော့ကစားတဲ့ နေရာပေါ့။ ရတနာပုံခေတ် လက်ရာ တိမ်တိုက် သဏ္ဍာန် ပုံဖော်ထားတဲ့ ကျောက်ဆောင်တွေ ကိုလည်း တွေ့ရပေမယ့် တချို့ ကျောက်ဆောင်တွေ ကတော့ လုံးချောကြီးတွေ ဖြစ်နေပါပြီ။ မြောက်ဥယျာဉ်တော်ကို သွားလည်မယ် ဆိုရင်တော့ လေယာဉ်ဟောင်းတွေ၊ တင့်ကားဟောင်း တွေနဲ့လည်း ဆုံတွေ့ရပါမယ်။ တွဲပြီးတော့လည်း ဓာတ်ပုံရိုက်နိုင်ပါဦးမယ်။


(၉) တောင်ဥယျာဉ်တော်


တောင်ဥယျာဉ်တော် မှာတော့ ဗုတ်တလုတ်ကန် ရှိပါတယ်။ မင်းနေပြည်တော် ခေတ်ကတော့ အပျိုတော်တွေ ရေချိုးခဲ့တဲ့ ကန်ပေါ့။ သီပေါမင်းဟာ ရာသီဥတု ပူပြင်းတဲ့ လတွေဆို ဒီတောင်ဥယျာဉ်တော်ထဲက နွေရာသီစံအိမ် မှာပဲ စံမြန်းတယ် လို့ ဆိုကြတယ်။ ပါတော်မူတော့လည်း ဒီတောင်ဥယျာဉ် ထဲကနေပဲ ပါတော်မူတယ်လို့ ဆိုကြ တယ်။ အခုချိန်မှာတော့ ဥယျာဉ်ထဲမှာ ဗုတ်တလုတ် ရေကန်ကြီးနဲ့ မင်းညီမင်းသားတွေ ဆော့တဲ့ တိမ်စိုင်အသွင် လုပ်ထားတဲ့ ကျောက်တုံး ကျောက်ခက် ဥယျာဉ်တွေပဲ တွေ့ရပါတော့တယ်။ မြောက်ဥယျာဉ် ထဲမှာ လိုပဲ လေယာဉ်ဟောင်း တစီးကို အလှပြထားတယ်။

တောင်ဥယျာဉ်တော် ကနေ အနောက်ဘက်ကို တောလမ်းအတိုင်း လျှောက်လိုက်ရင်တော့ မြနန်းစံကျော် နန်းတော် အတိုင်း ပုံစံငယ် ပြုလုပ်ထားရှိတဲ့ အဆောင်လေးကို လေ့လာနိုင်ပါတယ်။ စာရေးသူသွားတဲ့ နေ့ကတော့ အဲဒီ ပုံစံငယ် ပြခန်းဟာ သော့ပိတ် ထားတာကြောင့် အထဲဝင် မကြည့်ခဲ့ရပါဘူး။

နန်းတော်ပုံစံငယ်ပြတိုက်


အခု ဖော်ပြခဲ့တဲ့ နေရာတွေကတော့ မြနန်းစံကျော် ရွှေနန်းတော် အနီးတဝိုက်မှာ ရှိနေပြီး လူအရောက်အပေါက် နည်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ လေ့လာ လည်ပတ်သူတွေ ဆိုတာလည်း မရှိသလောက်ပါပဲ။ နန်းတော် ပေါ်ကို မတက်ခင် ဖြစ်ဖြစ်၊ တက်ပြီး ဖြစ်ဖြစ် ဒီရတနာပုံ ခေတ်လက်ကျန် အဆောက်အဦတွေကို သွားရောက် လေ့လာနိုင်ပါတယ်။ တကယ်တော့ ဒီနေရာတွေဟာ တချိန်က စည်ကားခဲ့တဲ့ နေရာတွေပါ။ နန်းတွင်းထဲ ဝင်ထွက်ခွင့်ကို တင်းကြပ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာမှ လူတွေ သိပ်မရောက်ဖြစ် ကြတော့တာပါ။

မြန်မာဘုရင် ပါတော်မူပြီး အင်္ဂလိပ်တွေ အာဏာသိမ်းပြီးပြီးချင်း နောက်ပိုင်းမှာ အဆောက်အဦ တချို့ကို ပြုပြင် ပြောင်းလဲတာတွေ လုပ်ခဲ့တာကြောင့် နန်းတွင်းထဲမှာ ရတနာပုံခေတ် လက်ကျန် အဆောက်အဦတွေရော၊ ကိုလိုနီခေတ် လက်ရာ အဆောက်အဦတွေရော ကျန်ရှိနေပါသေးတယ်။ တချို့ အဆောက်အဦတွေ ကတော့ ကန့်သတ် နယ်မြေထဲမှာ ဖြစ်လို့ ရောက်နိုင်ဖို့ မလွယ်ပါဘူး။ အင်္ဂလိပ် လက်ထက်မှာ ဆောက်ခဲ့တဲ့ အကျဉ်း ထောင်တို့၊ ပေါင်မုန့် စက်ရုံတို့ ကလည်း ဒီနေ့အချိန်ထိ ရှိသေးပေမယ့် စစ်တပ်နေရာတွေ ဖြစ်နေပါပြီ။ ရတနာပုံခေတ် ကတည်းက ရှိခဲ့တဲ့ လက်နက်တိုက် ဆိုရင်လည်း ဒီနေ့အချိန်ထိ လက်နက်တိုက် အဖြစ် အသုံးပြုနေဆဲ ဖြစ်လို့ ဝင်လို့ မရပါဘူး။ အခုနောက်ပိုင်း နန်းတွင်းထဲကို လာတဲ့သူတွေဟာ မြနန်းစံကျော် ရွှေနန်းတော်ကြီး တခုတည်းဆီကိုသာ ဦးတည်ပြီး လာလည်ကြသလို ဖြစ်နေပါပြီ။ တဖြည်းဖြည်းနဲ့ နန်းတွင်းထဲက ဒီလို အထင်ကရ နေရာတွေဟာ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်သွားဖို့ ရှိနေတဲ့ အနေအထား ရောက်နေပါပြီ။ ဒီလို တိမ်မြုပ်ပျောက်ကွယ် မသွားဖို့ နန်းတော်နဲ့ သက်ဆိုင်တဲ့နေရာ အပိုင်းလေးကိုပဲ သမိုင်းဝင်ဥယျာဉ် (Historical Park) အဖြစ် ပြုလုပ်ပြီး ထိန်းသိမ်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စီစဉ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်အထည် မဖော်နိုင် သေးပါဘူး။ သမိုင်းဝင် ဥယျာဉ်ကြီး လုပ်ပြီး မထိန်းသိမ်းနိုင်ခဲ့ရင် တောင်မှ စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ဖို့ မြနန်းစံကျော် ရွှေနန်းတော်ကြီးနဲ့ အထက်က ဖော်ပြခဲ့တဲ့ နေရာကိုးနေရာ လောက်ကို လာရောက်လည်ပတ် လေ့လာသူတွေ နဲ့ အမြဲ ထိတွေ့နေစေဖို့ လိုအပ်ပါတယ်။ အဲဒီလို အမြဲထိတွေ့နေစေဖို့ ဆိုတဲ့ကိစ္စဟာလည်း အရမ်းကာရောတော့ မခက်ခဲလှပါဘူး။ နန်းတွင်း အဝင်အထွက် တင်းကြပ်လွန်းတာကို ဖြေလျှော့ပေးပြီး ပြည်သူတွေကို လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ဝင်ရောက် လည်ပတ် အနားယူခွင့် ပေးလိုက်ရုံလေး သာပါပဲ။ ။ - အေးမွန်ရာပြည့်
http://mobile.irrawaddy.org/article...

Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"