ရန်ကင်းတောင်ခြေက ပလောင်ကျောင်းကလေး

အသက်ငါးနှစ်မပြည့်တပြည့် မျက်နှာဖောင်းဖောင်းဝိုင်းဝိုင်းနဲ့ ကလေးငယ်တဦး၊ ကတုံးဆံပင်ပေါက်ကေနဲ့၊ မျက်နှာတပြင်လုံးမှာလည်း သနပ်ခါးတွေကအပြည့် ပဲကြီးဟင်းအိုးထဲ ကျထားသလို ထူပြစ်နေအောင်လိမ်းထားတယ်။ သူ့ရဲ့ရှေ့မှာက စတီးပုံစံခွက်နဲ့ ထမင်းပန်းကန်တချပ်။ ထမင်းမစားခင် မေတ္တာပို့ ရွတ်ဖတ်ဆုတောင်းတွေကို မျက်လုံးကြီးမှိတ်၊ မျက်နှာကြီးမော့လို့ အားရပါးရဆိုနေတယ်။ နံဘေးမှာလည်း သူလိုကလေးမျိုးတွေအများကြီး ထိုင်ပြီး ရွတ်ဖတ်ဆုတောင်းနေကြတယ်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာထဲမှာ ဒီတပတ်အတွင်း တက်လာတဲ့ ဓာတ်ပုံလေးတပုံပါ။ ရန်ကင်းတောင်ခြေက အောင်သုခ မိဘမဲ့စောင့်ရှောက်ရေးကျောင်းမှာ နေ့လည်စာ လှူခဲ့သူတဦးက ဓာတ်ပုံရိုက်လာပြီး မန္တလေးသတင်းပုံရိပ်ဆိုတဲ့ ဖေ့စ်ဘုတ်ခ်ဂရုထဲမှာ တင်ခဲ့တဲ့ ပုံလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးကတော့ သာမာန်ရိုးရိုးပုံလေးတပုံပဲဖြစ်ပေမယ့် ပုံထဲက ကလေးငယ်ရဲ့ အသွင်အပြင်တွေက ချစ်စရာကောင်းလွန်းတာရော၊ ကရုဏာသက်စရာရော ကောင်းလှတာကြောင့် နီးစပ်ရာလူတွေ သွားရောက်လှူဒါန်းကြဖို့ ဖေ့စ်ဘုတ်ခ်မိတ်ဆွေတွေ အချင်းချင်း ပြန်လည်မျှဝေထားကြတယ်။ စာရေးသူနေတဲ့ မန္တလေးကနေဆိုရင် ရန်ကင်းတောင်ဆိုတာ သိပ်ဝေးလွန်းလှတာ မဟုတ်တဲ့အတွက် အဲ့ဒီကျောင်း...